မေ ၇၊ ၂၀၂၅။ ဇော်ရမ်း၊ ကျော်စွာ/People’s Spring
တနင်္သာရီတိုင်း၊ မြိတ်ခရိုင် ပုလောနှင့် ပလမြို့မှ စစ်ကောင်စီ၏ အဓိက လူယုံ ပျူစောထီးသုံးဦးသည် အရက်တစ်ဝိုင်းတည်းထိုင်သောက်နေစဉ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ပစ်ခတ်ရှင်းလင်းလိုက်သည်။
ပလမြို့မှ ပျူစောထီးခေါင်းဆောင် ကျော်သူရ၊ ပုလောမြို့ အမှတ်(၂)ရပ်ကွက်မှ ပျူစောထီးသန်းနိုင်၊ ပုလောကုန်းကျေးရွာ ပျူစောထီးခေါင်းဆောင် ကုလားနီတို့ သုံးဦးက်ို ပစ်ခတ်ရှင်းလင်းခဲ့ခြင်းဟု ပြည်သူ့ကာကွယ်ရေးတပ်မတော် မြိတ်ခရိုင်အမှတ်(၁)တပ်ရင်းသတင်းနှင့်ပြန်ကြားရေးက ယနေ့ နံနက်တွင် သတင်းထုတ်ပြန်သည်။
၎င်းတို့ ၃ဦးသည် မေလ ၆ရက်၊ ညနေ ၅နာရီ၃၀မိနစ်ဝန်းကျင်တွင် ပုလောမြို့အမှတ်(၂)ရပ်ကွက်ရှိအရက်ဆိုင်တွင် ဝိုင်းဖွဲ့၍ အရက်သောက်နေစဉ် မြိတ်ခရိုင်အမှတ်(၁)တပ်ရင်းနှင့် မြိတ်ခရိုင်ပကဖ ပူးပေါင်းအဖွဲ့မှ ပစ်ခတ်ရှင်းခဲ့ခြင်းဖြစ်သည်။

Public Service Announcement
” ၃ယောက်စလုံးက စစ်ကောင်စီရဲ့ မရှိမဖြစ် ဒေါက်တိုင်တွေ။ သူတို့တွေက ဒေသခံတွေကို တော်တော်ကိုဒုက္ခပေးထားတယ်” ဟု ပုလောမြို့မှ ပြည်သူ့ကာကွယ်ရေးထောက်ပို့ ရဲဘော်တစ်ဦးကပြောသည်။
၎င်းတို့ ၃ဦးသည် ပြည်သူများကို ခြိမ်းခြောက်ငွေညှစ်ခြင်း၊ ဖမ်းဆီးခြင်း၊ ဂိတ်ကြေးကောက်ခြင်း၊ လူငယ်များကို အတင်းအဓမ္မ စစ်မှုထမ်းစုဆောင်းခြင်းတို့ ပြုလုပ်ခဲ့ပြီး ပုလောမြို့နယ်အတွင်း ဖြစ်ပွားခဲ့သည့် တိုက်ပွဲများအတွင်း ပြည်သူပိုင်နေအိမ်များ ကို မီးရှို့ဖျက်ဆီးခဲ့သည့် အဓိကတရားခံများဖြစ်သည်ဟု မြိတ်ခရိုင်အမှတ်(၁)တပ်ရင်းသတင်းနှင့်ပြန်ကြားရေးက သတင်းထုတ်ပြန်ထားသည်။
“တခါက ပလစခန်းသိမ်းဖို့လုပ်ထားတော့ သူတို့ကြောက်ပြီး ပုလောမှာသွားနေတာပေါ့။ အဲဒီမှာ သူတို့က ပုလောက ကမ်းနားဘက်က အရက်ဆိုင်မှာ သောက်စားနေတာတွေ့လို့ တခါတည်း ရှင်း လင်းရေးဝင်လုပ်လိုက်တာ”ဟု မြိတ်ခရိုင် တပ်ရင်း (၁)မှ တာဝန်ရှိသူတစ်ဦးက လူထုနွေဦးသို့ ပြောသည်။
ပစ်ခတ်ခံရမှုကြောင့် ပျူခေါင်းဆောင်နှစ်ဦးအပါအဝင် ပျူစောထီးသုံးဦးစလုံးနေရာတင် သေဆုံးသွားပြီး ၎င်းတို့ထံမှ သေနတ်အတိုတစ်လက်နှင့် ကျည်အချို့အပါအဝင် ငွေသားအနည်းငယ်နှင့် မှတ်စုစာအုပ်တစ်အုပ်အပါအဝင် အိတ်တစ်လက်သိမ်းဆည်းရရှိခဲ့ကြောင်း ၎င်းက ဆက်ပြောသည်။
မြိတ်ခရိုင်အတွင်း လက်ရှိတွင် စစ်ကောင်စီနှင့် တော်လှန်ရေးပူးပေါင်းတပ်များ တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီစခန်းအချို့ကို တိုက်ခိုက်သိမ်းယူထားကြောင်းနှင့် မကြာမီသတင်းထုတ်ပြန်မည်ဟု မြေပြင်စစ်ရေးသတင်းမြစ်များကပြောသည်။


















































