အောက်တိုဘာ−၁၊၂၀၂၆။ရွှေပြည်စိုး/People’s Spring
တနင်္သာရီမြစ်ရေဟာ တနင်္သာရီမြို့ရဲ့စိုးရိမ်ရေမှတ်ထက် ၁၃ ပေကျော် မြင့်တက်နေပြီး မြိုခံတွေ ဘေးလွတ်ရာကို ယာယီရှောင်တိမ်းနေရပါတယ်။
ဒီနေ့ အောက်တိုဘာ ၁ ရက်မနက်မှာ တနင်္သာရီမြစ်ရေဟာတနင်္သာရီမြို့မှာ ပေ ၃၀နဲ့ ၂လက်မအထိ မြင့်တက်နေတယ်လို့ မြို့ခံတွေ ပြောပါတယ်။
” ရေက ဆက်တက်နေတာမို့ မြစ်ကမ်းဘေးရပ်ကွက်တွေကနေ ဘေးလွတ်ရာကို ရွှေ့နေကြရတယ်။ ရေမြုပ်တဲ့နေရာတွေမှာ အိမ်စောင့်တွေပဲ ထားပြီး ကလေးတွေ၊ သက်ကြီးရွယ်အိုတွေကို ယာယီစခန်းတွေမှာ ထားရတယ်”လို့ မြို့ခံတစ်ဦးက ပြောပါတယ်။

Public Service Announcement
တနင်္သာရီမြစ်ရေဟာ တနင်္သာရီမြို့ရဲ့ စိုးရိမ်ရေမှတ်အဖြစ် ၁၇ပေ သတ်မှတ်ထားတာပါ။ အခုဆိုရင် စိုးရိမ်ရေမှတ်အထက် ၁၃ပေ ၂လက်မအထိ ကျော်နေတာဖြစ်ပါတယ်။
တနင်္သာရီမြစ်ရေဟာ ယခင် မှတ်တမ်းတွေအရ အမြင့်ဆုံးရေမှတ်အဖြစ် ၁၉၉၄ ခုနှစ်မှာ၃၆ပေ၄လက်မအထိမြင့်တက်ခဲ့ပြီး ဒုတိယအမြင့်ဆုံးအဖြစ် ၂၀၂၄ ခုနှစ်မှာ ၃၁ ပေအထိ မြင့်တက်ခဲ့ဖူးပါတယ်။နှစ်ကြိမ်စလုံးမှာ ရေဘေးဒဏ်ကို တနင်္သာရီမြို့နယ်လုံးကျွတ် ကြုံတွေ့ခဲ့ရတယ်လို့ ဒေသအခြေစိုက် သတင်းဌာနဖြစ်တဲ့ Dawei Watch က ဖော်ပြထားပါတယ်။
လက်ရှိမှာ တနင်္သာရီတိုင်းအတွင်း လောင်းလုံး၊ ထားဝယ်၊ သရက်ချောင်း၊ ရေဖြူ၊ မြိတ်မြို့နယ်တွေမှာ ရေဘေးနဲ့ မြေပြိုမှု ဘေး ကြုံတွေ့နေပါတယ်။ထိုင်းနိုင်ငံဖက်က လေဖိအားနည်းရပ်ဝန်းအရှိန်ကြောင့် မိုးကြီးပြီး စက်တင်ဘာလ၂၆ရက်နေ့ကစတင်ကာ ဘေးကြုံတွေ့ခဲ့တာပါ။ လောင်းလုံးနဲ့ သရက်ချောင်းမြို့ဟာ ရေဘေးနဲ့ မြေပြိုမှုအဆိုးဆုံးကြုံတွေ့နေရပါတယ်။
တောင်ပြိုမှုနဲ့ ရေကြီးရေလျှံမှုကြောင့် ထားဝယ်ဒေသတစ်ခုလုံးမှာ စုစုပေါင်း ၃၂ ဦးသေဆုံးကြောင်း အတည်ပြုထားနိုင်ပြီး လူနေအိမ်နဲ့ ဘာသာရေးအဆောက်အဦးတွေ အပါအဝင် အဆောက်အဦးပေါင်း ၃၀၀ ဝန်းကျင်၊ ငါးဖမ်းလှေအစီးရေ ၅၀ ဝန်းကျင် ပျက်စီးဆုံးရှုံးခဲ့ရတယ်လို့ ထားဝယ်အမျိုးသားအဖွဲ့ချုပ်ကထုတ်ပြန်ထားပါတယ်။ အပျက်အစီးစာရင်း ဆက်လက်တိုးလာနိုင်ပြီး ဒေသခံတွေအတွက်အကူအညီတွေလိုအပ်နေတယ်လို့ ထုတ်ပြန်ထားပါတယ်။
တနင်္သာရီမြစ်ကတော့ ထားဝယ်ဒေသမှာ မြစ်ဖျားခံတာမို့ ယခင်ရက်က ရေတွေ ဆင်းလာပြီး မြင့်တက်နေတာလို့ ဒေသခံတွေက ပြောပါတယ်။



















































