မေ ၉၊၂၀၂၅။ကဖေး/People’s Spring
မန္တလေးတိုင်း၊ သာစည်မြို့အနီးတွင် မြေအောက်အနက် ၁၀ ကီလိုမီတာ ဗဟိုပြု၍ ရစ်ခ်တာစကေး ၅ဒဿမ၃အဆင့် ငလျင်လှုပ်သွားပြီး မိတ္ထီလာမြို့အပါအဝင် ဘေးပတ်ဝန်းကျင် မြို့နယ်များ၌ပါ သိသာသည့် ငလျင်လှုပ်ခတ်သွားသည်။
ယနေ့ (မေလ ၉ရက်) ညနေ ၃နာရီ ၇မိနစ်တွင် လှုပ်သွားခြင်းဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ၊လူသားချင်းစာနာထောက်ထားရေးနှင့်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဝန်ကြီးဌာန(MOHADM)ကထုတ်ပြန်သည်။
ငလျင်မှာ သိသိသာသာပြင်းထန်ကြောင်း သာစည်နှင့် မိတ္ထိလာမြို့ခံအချို့က ပြောသည်။

Public Service Announcement
“မလှုပ်ခင် အသံကြားလိုက်သလိုပဲ။ လှုပ်ချက်ကတော့ ပြင်းတယ်။ ထိတာခိုက်တာတော့ မကြားရသေးဘူး”ဟု သာစည်မြို့ခံတစ်ဦးကပြောသည်။
ယနေ့နံနက်လည်း ပဲခူးတိုင်း၊ ညောင်လေးပင်မြို့မြောက်ဘက် ၂၂ကီလိုမီတာအကွာ၊ မြေအောက်အနက် ၁၀ကီလိုမီတာကိုဗဟိုပြု၍ ရစ်ခ်တာစကေး ၄ဒဿမ၂အဆင့် ငလျင်လှုပ်သွားသည်။
ထို့အပြင် ယမန်နေ့ကလည်း မန္တလေးတိုင်း၊ ကျောက်တည်မြို့နှင့် ပဲခူးတိုင်း၊ ဖြူးမြို့တွင် ငလျင်လှုပ်ခဲ့သေးသည်။
မတ်လ ၂၈ရက်ကလှုပ်ခဲ့သည့် စစ်ကိုင်းငလျင်ကြီး၏နောက်ဆက်တွဲ ငလျင်ငယ်များဆက်လက်လှုပ်ခတ်နိုင်သည့်အတွက် ငလျင်ဘေးဆောင်ရန်၊ရှောင်ရန်၊ သတိပြုရန်များနှင့်အညီ နေထိုင်ကြပါရန် MOHADMက သတိပေးထားသည်။
















































