Connect with us

Hi, what are you looking for?

သတင်း

မင်းပြားမြို့သိမ်းတိုက်ပွဲအတွင်း ဖမ်းမိသည့်စစ်သုံ့ပန်းမိသားစုဝင် ၂၀၀ကျော်ကို AA ပြန်လွှတ်‌ပေး

ရခိုင်ပြည်နယ်၊ မင်းပြားမြို့သိမ်းတိုက်ပွဲအတွင်း ဖမ်းဆီးထားသော စစ်သုံ့ပန်းမိသားစုဝင် ၂၀၀ကျော်ကို အာရက္ခတပ်တော်(AA)က ပြန်လွှတ်‌ပေးလိုက်သည်။

ဖမ်းမိထားသော စစ်သုံ့ပန်းမိသားစုဝင်များအား AAက ပြန်လွှတ်ပေးနေစဉ်။ ဓာတ်ပုံ − Arakan Princess Media

မေ ၁၇၊၂၀၂၅။ကဖေး/People’s Spring

ရခိုင်ပြည်နယ်၊ မင်းပြားမြို့သိမ်းတိုက်ပွဲအတွင်း ဖမ်းဆီးထားသော စစ်သုံ့ပန်းမိသားစုဝင် ၂၀၀ကျော်ကို အာရက္ခတပ်တော်(AA)က ပြန်လွှတ်‌ပေးလိုက်သည်။

ကလေးငယ် ၁၃၀ဦးနှင့် အမျိုးသမီး ၉၅ ဦး စုစုပေါင်း ၂၂၅ဦးကို မေလ ၁၆ရက်က ပြန်လွှတ်ပေးခဲ့ခြင်းဟု AAနှင့် နီးစပ်သည့် သတင်းရင်းမြစ်က ပြောသည်။

“စစ်သုံပန်းမိသားစုဝင်တွေကို တပ်တော်က ပြန်လွှတ်ပေးနေပါတယ်။ နောက်လည်း အစီအစဉ်ရှိပါတယ်။ အရင်ကလည်း လွှတ်ပေးခဲ့တာတွေရှိတယ်။ စစ်သုံပန်းတွေကိုတော့ ဥပဒေအတိုင်း ဆောင်ရွက်သွားဖို့ရှိတယ်လို့သိရတယ်”ဟု အထက်ပါသတင်းရင်းမြစ်က ပြောသည်။

Public Service Announcement

Public Service Announcement

AAသည် ရခိုင်ပြည်နယ်၌ စစ်တွေ၊ ကျောက်ဖြူနှင့် မာန်အောင်မြို့မှလွဲ၍ ကျန်မြို့များကို သိမ်းယူထားသည်။ မြို့သိမ်းတိုက်ပွဲများတွင် AAက ထောင်နှင့်ချီသော စစ်သုံ့ပန်းများအပြင် စစ်ကောင်စီထိပ်တန်းအရာရှိများအဖြစ် ဗိုလ်မှူးချုပ်လေးဦး ဖမ်းဆီးထားသည်။

ထို့အပြင် တိုက်ပွဲအတွင်း စစ်ကောင်စီထိပ်တန်းအရာရှိအချို့လည်း သေဆုံးခဲ့သည်။

ပြီးခဲ့သည်၂၀၂၄ဒီဇင်ဘာက AA၏ ဂွမြို့သိမ်းတိုက်ပွဲတွင် တပ်မ (၂၂)တပ်မမှူး ဗိုလ်မှူးကြီးအောင်နေမျိုးနှင့် တပ်မ(၁၁)တပ်မမှူး ဗိုလ်မှူးကြီးသန်းစိုးဝင်းတို့ သေဆုံးခဲ့သည်ဟု AAက ဒီဇင်ဘာ၂၉ရက်တွင် ထုတ်ပြန်ထားသည်။

ဒီဇင်ဘာ ၈ရက်က မောင်တောမြို့မြို့နယ်ခြားစောင့်တပ်ဖွဲ့ခွဲ-နခခ(၅)အား သိမ်းယူစဉ် ထွက်ပြေးသည့် ဗိုလ်မှူးကြီးအောင်နေမျိုးအား အသေဖမ်းမိခြင်းဟု AAက ထုတ်ပြန်ခဲ့သည်။

ယင်းတိုက်ပွဲအတွင်း ဘူးသီးတောင်မြို့၊ အမှတ် (၁၅)စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ-၁၅) စကခမှူးဗိုလ်မှူးချုပ်သူရိန်ထွန်းကို AAက အရှင်ဖမ်းမိခဲ့သည်။

ထို့အပြင် ဒီဇင်ဘာ ၂၀ရက်က အမ်းမြို့မှ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်(နပခ)အား သိမ်းယူသည့်တိုက်ပွဲ၌ ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ်သောင်းထွန်းနှင့် တိုင်းဦးစီးချုပ်ဗိုလ်မှူးချုပ် ကျော်ကျော်သန်း၊အမှတ်(၁၅)စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်(စကခ-၁၅) စကခမှူးဗိုလ်မှူးချုပ်သူရိန်ထွန်းတို့ကို အရှင်ဖမ်းဆီးခဲ့သည်။

ပြီးခဲ့သည့် ၂၀၂၄ဖေဖော်ဝါရီလဆန်းပိုင်းက ကျောက်တော်၊ မြောက်ဦး၊မင်းပြားမြို့နယ်များမှ စကခ (၉)လက်အောက်ခံတပ်ရင်းများကို AAက တိုက်ခိုက်စဉ် စကခ (၉) တပ်မမှူး ဗိုလ်မှူးချုပ် ဇော်မင်းထွန်းကို အရှင်ဖမ်းဆီးမိခဲ့သည်။

ဖေဖော်ဝါရီအတွင်း တိုက်ပွဲ၌ မြောက်ဦးမြို့ ခမရ (၃၇၇)တပ်ရင်းအား တိုက်ခိုက်သိမ်းပိုက်စဉ် ယင်းအချိန်က တပ်မ (၁၁)တပ်မမှူးဗိုလ်မှူးကြီး မင်းမင်းထွန်းအား အသေဖမ်းမိခဲ့သည်။ ပလက်ဝဒေသတိုက်ပွဲတွင်လည်း ပလက်ဝအခြေစိုက်စကစ (၁၉)၊ရှေ့တန်းဌာနချုပ် တပ်မမှူး ဗိုလ်မှူးချုပ် ဇင်မျိုးဆွေသည် ကျဆုံး၊ ပျောက်ဆုံး၊ ရေထဲနစ်မြုပ်၊ ထွက်ပြေးလွတ်မြောက် သွားသည်ကိုအတည်ပြု၍ မရနိုင်ကြောင်း၊ နှုံးဘူးဗျူဟာမှူး ဒု-ဗိုလ်မှူးကြီး ဗညားပိုင်စိုးကို တိုက်ပွဲကာလများတွင် သေနတ်ဒဏ်ရာများဖြင့် အသေဖမ်းဆီးရမိခဲ့သည်ဟု ထုတ်ပြန်ခဲ့သည်။

ဖမ်းဆီးထားသည့် စစ်သုံ့ပန်းများကို AAက စိစစ်၍ ပြန်လွှတ်ပေးမှုများလည်းရှိနေသည်။ပြီးခဲ့သည့် ၂၀၂၄ ဒီဇင်ဘာနှင့် ၂၀၂၅ ဇန်နဝါရီက စစ်သုံ့ပန်းနှင့် မိသားစုဝင် ၂၀၀ကျော်ကို AAက ပြန်လွှတ်ပေးခဲ့သည်။

AA နောက်ဆုံးဖမ်းမိထားသည့် စစ်ကောင်စီအရာရှိမှာ အမှတ်(၉၉)ခြေမြန်တပ်မဌာနချုပ်၊ယာယီနည်း ဗျူဟာမှူး ဒုတိယဗိုလ်မှူးကြီးကျော်ကျော်သက် ဖြစ်သည်။ ၎င်းကို ငဖဲမြို့နယ်၊ ဂုတ်စီးရိုးကျေးရွာအနီး ပြီးခဲ့သည့်မတ်လက တိုက်ပွဲ၌ AA နှင့် ပူးပေါင်းတပ်များက ဖမ်းမိထားကြောင်း သတင်းရရှိသည်။

စစ်ကောင်စီသည် ယခုရက်ပိုင်းအတွင်း AA ထိန်းချုပ်မြို့နယ်များကို လေကြောင်းမှတိုက်ခိုက်မှုကြောင့် အရပ်သားများ ထိခိုက်သေဆုံးမှုရှိနေသည်။ ထိုအခြေအနေများကြားမှ စစ်သုံ့ပန်းမိသားစုဝင်များအား ပြန်လွှတ်ပေးနေခြင်းသည် AA၏ လူသားချင်းစာနှာထောက်ထားမှုကိုပြခြင်းဟု စစ်ကောင်စီလက်အောက်၌ လက်ရှိ တာဝန်ထမ်းဆောင်နေဆဲ ရဲတစ်ဦး၏ မိခင်တစ်ဦးက ပြောသည်။

မေလ ၁၃ရက်မှ မေလ ၁၅ရက်အတွင်း စစ်ကောင်စီကရသေ့တောင်မြို့နယ်၊ ကျောက်တော်မြို့နယ်တို့ကို လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုကြောင့် အရပ်သား ၂၀ ဦးသေဆုံးပြီး ၃၇ ဦးထက်မနည်းဒဏ်ရာရရှိခဲ့သည်။ အပြစ်မဲ့အရပ်သား အာရက္ခပြည်သူများကို အစုလိုက်၊အပြုံလိုက် သတ်ဖြတ်ကာ စစ်ရာဇဝတ်မှုများကို နိုင်ငံအနှံ့ နေ့စဉ်ရက်ဆက် ကျူးလွန်နေသော စစ်ကောင်စီ၏ စစ်ရာဇဝတ်မှုနှင့် လူသားမျိုးနွယ်အပေါ် ပြစ်မှုကျူးလွန်နေသော လုပ်ရပ်များကို ပြင်းထန်စွာရှုတ်ချပြီး ဤလုပ်ရပ်များကို သက်ဆိုင်ရာနိုင်ငံတကာအဖွဲ့အစည်းများထံသို့ ပေးပို့သွားမည်ဟု ထုတ်ပြန်ချက်၌ဖော်ပြထားသည်။

AAဖမ်းဆီးထားသော စစ်သုံ့ပန်းများထားသည့် အကျဉ်းစခန်းချို့ကိုလည်းပစ်မှတ်ထား၍ စစ်ကောင်စီကလေကြောင်းတိုက်ခိုက်မှုများပြုလုပ်ခဲ့ဖူးသည်။ စစ်သုံ့ပန်းများထားရှိသည့် မောင်တောမြို့မှ နယ်ခြားစောင့်တပ်ရင်းနှင့် မြောက်ဦးမြို့ရှိအကျဥ်းစခန်းကို စစ်ကောင်စီကဖေဖော်ဝါရီလ ၂၈ ရက်နှင့် ဇန်နဝါရီ ၁၈ရက်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်၍ စစ်သုံ့ပန်းနှင့်မိသားစုဝင် တချို့သေဆုံးခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

ကျောက်ဖြူ-ရမ်းဗြဲလမ်းဆုံ စနဲမြို့ဆီထိုးစစ်ဆင်ဖို့ အင်အားအလုံးအရင်းသုံး စစ်ကြောင်းထိုးလာတဲ့ အာဏာသိမ်းစစ်တပ်ရဲ့ စစ်ကြောင်းတွေကို အာရက္ခတပ်တော်(AA)က ကြားဖြတ်တိုက်ခိုက်တာကြောင့် စစ်တပ်ဘက်က​သေဆုံးထိခိုက်မှုများပြီး နောက်ပြန်ဆုတ်နေရတယ်လို့ မြေပြင်သတင်းရင်းမြစ်တွေက ပြောကြပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်နဲ့ ရှမ်းမြောက်က မဘိမ်းမြို့နယ် ငါးအိုးကျေးရွာအကြားမှာ တိုက်ပွဲတွေ ပြင်းထန်ခဲ့ပြီး စစ်တပ် အထိနာခဲ့တယ်လို့ ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

အာရက္ခတပ်တော်(AA)နဲ့ မဟာမိတ်တွေ စစ်ရေးအရှိန်မြင့်ထားတဲ့ ရခိုင်ပြည်နယ်အစပ်ဧရာဝတီတိုင်း၊မကွေးတိုင်းထဲစစ်မျက်နှာ​တွေက စစ်တပ်ရဲ့ရှေ့တန်းစခန်းတွေကို​တော်လှန်​ရေးတပ်​တွေက ထပ်မံသိမ်းယူနိုင်ခဲ့တယ်လို့ သတင်းရရှိပါတယ်။

သတင်း

အာရက္ခတပ်တော်(AA)ထိန်းချုပ်ထားတဲ့ ရခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ် ပလက်၀မြို့နယ်တို့အတွင်းက ပညာရေးဝန်ထမ်း ဆရာ၊ ဆရာမတွေကို အခုလာမယ့် ပညာသင်နှစ်ကနေစပြီး လစာအနေနဲ့ ထောက်ပံ့ပေးတော့မယ်လို့ အာရက္ခပညာရေးဌာနတာဝန်ရှိသူတွေက ပြောပါတယ်။