Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ဂါဇာမှာ သောက်ရေပြတ်လပ်မှု ပြဿနာ ကြီးထွားလာနေတာကို ယူနီဆက်ဖ် သတိပေး

ဂါဇာကမ်းမြှောင် ဒေသမှာ သောက်သုံးရေ ထောက်ပံ့ရေး စနစ်တွေ အကြီးအကျယ် ပျက်စီးနေခြင်းဟာ ရေရှားမှုနဲ့ ငတ်မွတ်မှု ပြဿနာတွေဆီ တွန်းပို့နေတယ်လို့ ကုလသမဂ္ဂရဲ့ ကလေးများဆိုင်ရာ အဖွဲ့အစည်း ယူနီဆက်ဖ်က သတိပေး ပြောကြားခဲ့ပါတယ်။

Reuters

ဂါဇာကမ်းမြှောင် ဒေသမှာ သောက်သုံးရေ ထောက်ပံ့ရေး စနစ်တွေ အကြီးအကျယ် ပျက်စီးနေခြင်းဟာ ရေရှားမှုနဲ့ ငတ်မွတ်မှု ပြဿနာတွေဆီ တွန်းပို့နေတယ်လို့ ကုလသမဂ္ဂရဲ့ ကလေးများဆိုင်ရာ အဖွဲ့အစည်း ယူနီဆက်ဖ်က သတိပေး ပြောကြားခဲ့ပါတယ်။

ဂါဇာအခြေစိုက် ဟားမားစ် ပြောက်ကျားအဖွဲ့နဲ့ နှစ်ရှည်လများ စစ်ဖြစ်နေတဲ့ အစ္စရေး စစ်တပ်ဟာ ဂါဇာကို ဘက်ပေါင်းစုံကနေ တင်းတင်းကျပ်ကျပ် ပိတ်ဆို့ထားတာကြောင့် ဒေသခံ လူဦးရေ ၂.၃ သန်းလောက်ဟာ ဆိုးရွားလှတဲ့ အကျပ်အတည်းတွေနဲ့ ရင်ဆိုင်နေရပါတယ်။

ဒီအတောအတွင်း ရိက္ခာနဲ့ ထောက်ပံ့ရေး ပစ္စည်းတွေ ဝေငှရာ နေရာတွေနားမှာ အစ္စရေးစစ်တပ်ရဲ့ တိုက်ခိုက်မှုတွေကြောင့် အဲဒီပစ္စည်းတွေကို သွားရောက် လက်ခံယူတဲ့ ပါလက်စတိုင်းတွေ သေဆုံးမှု သတင်းတွေကိုလည်း မကြာခဏ ကြားနေရပါတယ်။ ဇွန်လ ၂၀ ရက်နေ့တုန်းက ဂါဇာ အလယ်ပိုင်းက ရိက္ခာဝေငှတဲ့ နေရာတစ်ခုနားမှာ အစ္စရေးက ပစ်ခတ်လို့ ရိက္ခာတွေ လက်ခံဖို့ စောင့်နေသူ ပါလက်စတိုင်း ၂၄ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း ဒေသခံ ကျန်းမာရေးဌာန တာဝန်ရှိသူတွေက ပြောပါတယ်။

အစ္စရေး စစ်တပ်ကတော့ စစ်သားတွေဟာ လုံခြုံရေးအရ ခြိမ်းခြောက်လာနိုင်တယ်လို့ သံသယရှိသူတွေကို ပစ်ခတ် ရှင်းလင်းခဲ့ကြောင်း ပြောပါတယ်။

Public Service Announcement

Public Service Announcement

ဂါဇာမှာ နှစ်လကြာ အပစ်အခတ် ရပ်စဲထားတာဟာ မေလကုန်မှာ အဆုံးသတ်ခဲ့ပြီး အဲဒီနောက်ပိုင်းမှာတော့ အစ္စရေးရဲ့ တိုက်ခိုက်မှုတွေကြောင့် ရာပေါင်းများစွာသော ပါလက်စတိုင်း ပြည်သူတွေ အသက်ဆုံးရှုံးနေပါတယ်။

အစ္စရေးရဲ့ တင်းကျပ်တဲ့ ပိတ်ဆို့မှုတွေကြောင့် ဂါဇာမှာ စားနပ်ရိက္ခာ အရမ်းရှားပါးနေပြီး ပါလက်စတိုင်း ပြည်သူတွေဟာ အငတ်ဘေးကြီး ကျရောက်လုနီးပါး အခြေအနေဆိုးမျိုးမှာ ဖြတ်သန်း ရှင်သန်နေရပါတယ်။ နောက်ပြီး လောင်စာဆီလည်း အရမ်းရှားတာကြောင့် စက်ရေတွင်းတွေကနေ ရေကို စုပ်တင်လို့ မရသလို ရေသန့်စင် စက်ရုံတွေလည်း မလည်ပတ်နိုင်ဘဲ ဖြစ်နေပါတယ်။

နောက်ပြီး အစ္စရေးရဲ့ တိုက်ခိုက်မှုတွေအတွင်း ပျက်စီးခဲ့တဲ့ ရေဖြန့်ဝေ စနစ်တွေကိုလည်း မပြင်ဆင်နိုင်သေးတာကြောင့် ဂါဇာရဲ့ သောက်ရေ ပြဿနာဟာ အရမ်းကြီးထွားလာနေတယ်လို့ ယူနီဆက်ဖ် ပြောရေးဆိုခွင့်ရ အရာရှိ ဂျိမ်းစ်အဲလ်ဒါးက ပြောပါတယ်။ ဂါဇာမှာ သောက်သုံးရေ ထုတ်လုပ်မှုနဲ့ ဆက်စပ်တဲ့ အဆောက်အအုံ အားလုံးရဲ့ ၄၀ ရာခိုင်နှုန်းလောက်သာ လုပ်ငန်း လည်ပတ်နေနိုင်ကြောင်း သူက ဆိုပါတယ်။ သောက်သုံးရေ ပြတ်လပ်မှုတွေဟာ ပါလက်စတိုင်း ပြည်သူတွေရဲ့ ကျန်းမာရေး ပြဿနာတွေနဲ့ ငတ်မွတ်ခေါင်းပါးမှု အန္တရာယ်ကို ပိုမို ဆိုးရွားလာစေနိုင်ကြောင်း အဲလ်ဒါက သတိပေးသွားပါတယ်။

ရေဖြန့်ဝေတဲ့ ပိုက်လိုင်းတွေအပြင် ရေလှောင်ကန်တွေ၊ မိလ္လာစနစ်တွေနဲ့ ရေသန့်စင် စက်ရုံတွေ အများအပြားဟာလည်း ပျက်စီးကုန်ပါတယ်။ တစ်ဖက်မှာတော့ အပစ်ရပ် ကာလအတွင်း ဂါဇာမှာ စုဆောင်းထားတဲ့ လောင်စာဆီတွေကလည်း ကုန်လုနီးပါး ဖြစ်နေပြီလို့ သိရပါတယ်။ အစ္စရေးဟာ မတ်လနောက်ပိုင်းမှာ ဂါဇာရဲ့ အရေးကြီးတဲ့ ရေသန့်စင် စက်ရုံတွေဆီ ဓာတ်အား ထောက်ပံ့မှုကိုလည်း ဖြတ်တောက်ထားပါတယ်။

အစ္စရေး အစိုးရကတော့ အမေရိကန်နဲ့ အစ္စရေးတို့ ပူးပေါင်းပြီး ဂါဇာမှာ ထောက်ပံ့ရေး ပစ္စည်းတွေ ဝေမျှပေးနေတဲ့ ဂါဇာ လူသားချင်းစာနာမှု ဖောင်ဒေးရှင်း (GHF)ရဲ့ အစီအမံတွေဟာ ကုလသမဂ္ဂ အေဂျင်စီတွေ ဦးဆောင်ခဲ့တဲ့ အရင် မစ်ရှင်တွေရဲ့ နေရာမှာ ထိထိရောက်ရောက် အစားထိုးနိုင်ဖို့ မျှော်လင့်ကြောင်း ပြောကြားထားပါတယ်။

GHFရဲ့ သဘောအရ လူသားချင်း စာနာမှု အထောက်အပံ့တွေ ဝေမျှတာကို အမေရိကန်နဲ့ အစ္စရေးက ထောက်ခံတဲ့ ပုဂ္ဂလိက ကုမ္ပဏီတွေက တာဝန်ယူမှာဖြစ်ပြီး အစ္စရေးက လုံခြုံရေး တာဝန်ယူပေးပါတယ်။ အရင်က ကုလသမဂ္ဂ အေဂျင်စီတွေ ဦးဆောင်တဲ့ မစ်ရှင်တွေမှာတော့ ထောက်ပံ့ရေး ပစ္စည်းတွေကို ဟားမားစ်တွေက ခိုးယူပြီး ကိုယ်ကျိုးအတွက် အသုံးချလေ့ ရှိခဲ့ကြောင်း အစ္စရေးက စွပ်စွဲထားပါတယ်။

ကုလသမဂ္ဂရဲ့ ထောက်ပံ့ရေး အေဂျင်စီတွေကတော့ GHFရဲ့ ဖွဲ့စည်းတည်ဆောက်ပုံဟာ နိုင်ငံတကာ အသိအမှတ်ပြု လူသားချင်း စာနာမှု ကျင့်ဝတ်စံနှုန်းတွေနဲ့ မကိုက်ညီတာကြောင့် ပူးပေါင်း အလုပ်လုပ်မှာ မဟုတ်ဘူးလို့ ပြောကြားထားပါတယ်။ ပြီးခဲ့တဲ့ လကမှ လုပ်ငန်းစတင် လည်ပတ်တဲ့ GHFကတော့ ဂါဇာမှာ ဘာပြဿနာမှ မရှိဘဲ အနပ်ပေါင်း သန်း ၃၀ ကျော်စာ အစားအသောက်တွေကို ဝေငှထားပြီး ဖြစ်တယ်လို့ ဇွန်လ ၁၈ ရက်နေ့က ထုတ်ပြန်ခဲ့ပါတယ်။

၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၇ ရက်နေ့တုန်းက ဟားမားစ်တွေဟာ အစ္စရေး ပိုင်နက်ထဲ ကျူးကျော်တိုက်ခိုက်ပြီး အရပ်သား အများစု အပါအဝင် လူ ၁၂၀၀ လောက်ကို သတ်ဖြတ်ခဲ့သလို ၂၅၁ ဦးကို ဓားစာခံတွေအဖြစ် ဂါဇာဆီ ဖမ်းဆီး ခေါ်ဆောင်သွားပါတယ်။ အဲဒီထဲက ၅၃ ယောက်ဟာ လက်ရှိအချိန်ထိ ဟားမားစ်တွေ လက်ထဲမှာ ရှိနေကြဆဲပါ။

ဒီဖြစ်စဉ်ကို အစ္စရေးက စစ်ရေးအရ တုံ့ပြန်ရာက ဂါဇာစစ်ပွဲ စတင်လာခဲ့ပါတယ်။ အစ္စရေးရဲ့ လွန်ကဲတဲ့ စစ်ဆင်တိုက်ခိုက်မှုတွေအတွင်း အရပ်သား အများစု အပါအဝင် ပါလက်စတိုင်း ၅၅၆၀၀ ကျော် သေဆုံးခဲ့ကြောင်း ဟားမားစ် လက်အောက်ခံ ဂါဇာ ကျန်းမာရေး ဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ဂါဇာ ကမ်းမြှောင်ဒေသမှာ စစ်ဒဏ်ခံ အဆောက်အအုံတစ်ခု ပြိုကျလို့ ကလေးတွေ အပါအဝင် လူ ၂၀ ကျော် သေဆုံးခဲ့ပါတယ်။

နိုင်ငံတကာ

ဂါဇာကမ်းမြှောင် ဒေသမှာ ၅ နှစ်အရွယ် မိန်းကလေးငယ် တစ်ဦးနဲ့ မိသားစုဝင်တွေ လိုက်ပါလာတဲ့ မော်တော်ကားကို ဝိုင်းဝန်းပစ်ခတ်ခဲ့တယ်ဆိုတဲ့ ကိစ္စကို ၂ နှစ်ကျော် ကြာမြင့်ပြီးတော့မှ အစ္စရေး စစ်တပ် (IDF)က ပထမဆုံးအကြိမ် ဝန်ခံခဲ့ပါတယ်။

နိုင်ငံတကာ

ဂါဇာကမ်းမြှောင်ဒေသ ငြိမ်းချမ်းရေးနဲ့ ပြန်လည် ထူထောင်ရေး ရည်ရွယ်ချက်တွေအတွက် အမေရိကန် သမ္မတ ဒေါ်နယ်လ် ထရမ့်ဆီက အဆိုပြုချက် ၁၅ ခုကို အစ္စရေးက ပယ်ချခဲ့ပါတယ်။

သတင်း

စင်ကာပူမှာ အမြဲတမ်း နေထိုင်ခွင့် (PR) ရထားတဲ့ မြန်မာတစ်ဦးကို အကြမ်းဖက် အားပေးမှု စွပ်စွဲချက်နဲ့ တရားစွဲဆိုသွားမယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။

Facebook