Connect with us

Hi, what are you looking for?

သတင်း

သဗ္ဗာန်မှောက်ရာမှ ပျောက်ဆုံးသူသုံးဦးအနက်နှစ်ဦးရုပ်အလောင်းတွေ့ရှိ

ရန်ကုန်မြို့၊ဗိုလ်တထောင်ဆိပ်ကမ်း၌ ဇူလိုင် ၂၃ရက်က လေဆင်နှာမောင်းတိုက်ခတ်မှုဖြစ်စဉ်ကြောင့်သဗ္ဗာန်နစ်မြုပ်သည့်ဖြစ်စဉ်အတွင်း ပျောက်ဆုံးနေသူ သုံးဦးအနက် နှစ်ဦး၏ ရုပ်အလောင်း ပြန်တွေ့ထားသည်။

သဗ္ဗာန်ယာဉ်မှောက်မှုဖြစ်စဉ်အပေါ် ဗိုလ်တထောင်ဆိပ်ကမ်း၌ ကယ်ဆယ်ရေးလုပ်နေစဉ်။ ဓာတ်ပုံ - ArrPuu Tuu

ဇူလိုင်-၂၆၊၂၀၂၅။တေဇ၊ဇော်ရမ်း/People’s Spring

ရန်ကုန်မြို့၊ဗိုလ်တထောင်ဆိပ်ကမ်း၌ ဇူလိုင် ၂၃ရက်က လေဆင်နှာမောင်းတိုက်ခတ်မှုဖြစ်စဉ်ကြောင့်သဗ္ဗာန်နစ်မြုပ်သည့်ဖြစ်စဉ်အတွင်း ပျောက်ဆုံးနေသူ သုံးဦးအနက် နှစ်ဦး၏ ရုပ်အလောင်း ပြန်တွေ့ထားသည်။

“စက်လှေမောင်းသူနဲ့ ခရီးသည်အမျိုးသားတစ်ဦး ရုပ်အ‌လောင်း ပြန်တွေ့တာပါ။ တစ်ဦးကတော့ မတွေ့ရသေးပါ။ မိသားစုဝင်တွေကတော့ လာစောင့်နေတာရှိပါတယ်”ဟု ဗိုလ်တထောင်ဆိပ်ကမ်းအနီးနေသူတစ်ဦးက ပြောသည်။

ဇူလိုင် ၂၃ရက်နံနက်က လေဆင်နှာမောင်းတိုက်ခတ်မှုဖြစ်စဉ်တွင် ရန်ကုန်မြစ်အတွင်း သဗ္ဗာန်နစ်မြုပ်ခဲ့သလို ဆိပ်ကမ်းရှိ ကွန်တိန်နာပုံးများနှင့် ကားအချို့ ပျက်စီးခဲ့သည်။

Public Service Announcement

Public Service Announcement

လက်ရှိတွင် ပျောက်ဆုံးနေသူမှာ ခရီးသည်အမျိုးသမီးတစ်ဦးဖြစ်ကြောင်း သိရသည်။

ပြန်တွေ့သည့်ရုပ်အလောင်းနှစ်ခုကို ရန်ကုန်ဆေးရုံကြီး ရင်ခွဲရုံသို့ လူမှုကူညီရေးအဖွဲ့များကပို့ဆောင်ခဲ့သည်ဟု ကိုပူတူးနှင့်ဘော်ဒါများ လူမှုကူညီရေးအသင်းက ဇူလိုင်၂၅ရက် ညပိုင်းတွင် ထုတ်ပြန်ထားသည်။

“မနေ့ မနက် လေဆင်နှာမောင်းကြောင့် သဗ္ဗာန်မှောက်တဲ့ဖြစ်စဉ်။ခုည ကျနော်တို့ သယ်ခဲ့တာက သဗ္ဗာန်မောင်းတဲ့ ဦးလေးကြီးပါ။သဗ္ဗာန်မောင်းတဲ့ ဦးလေးကြီးကပဲ ခရီးသည်တွေကို ကယ်ခဲ့တာလို့ သိရတယ်…..နောက်ဆုံး ကောင်မလေးတစ်ယောက်ကျတာ လိုက်ကယ်ပေးရင်း… ဦးလေးကြီးပါ ရေထဲမျောပါပြီ အသက်ဆုံးရှုံးလိုက်ရတာပါ”ဟု ကိုပူတူးက ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ ရေးသားထားသည်။

သဗ္ဗာန်မောင်းသူ၏ရုပ်အလောင်းကိုတွေ့ရှိချိန်တွင်၎င်းတို့အဖွဲ့ကိုအကူ အညီတောင်းသောကြောင့် သွားရောက်ကူညီပေးခဲ့ခြင်းဖြစ်ပြီး ယင်းကူညီနေသည့် အချိန်၌ ပျောက်ဆုံးနေသည့် အမျိုးသားတစ်ဦး၏ ရုပ်အလောင်းကို ထပ်မံတွေ့ရှိခဲ့ခြင်းဖြစ်သည်ဟု အထက်ပါအဖွဲ့က အသိပေးသည်။

အဆိုပါသဗ္ဗာန်သည် ဗိုလ်တထောင်နှင့် ဒလမြို့ပြေးဆွဲနေခြင်းဖြစ်သည်။

မြန်မာနိုင်ငံတွင် ယခုရက်ပိုင်း၌ကြုံတွေ့နေရသည့် လေပြင်းတိုက်ခတ်မှုများနှင့် မိုးသည်းထန်စွာရွာသွန်းမှုများသည် ဗီယက်နမ်နိုင်ငံကို ဝင်ရောက်ခဲ့သည့် Wipha မုန်တိုင်းအရှိန်ကြောင့်ဖြစ်သည်။

ဇူလိုင် ၂၃ရက် တစ်နေ့တည်း ရန်ကုန်မြို့အပြင် မြစ်ကြီးနား၊ မိုးကောင်း၊ ကော့ကရိတ်၊ မော်လမြိုင်နှင့် ပေါင်မြို့နယ်တို့တွင်လည်း လေပြင်းပြင်းတိုက်ခတ်ခဲ့ပြီး ထိခိုက်ပျက်စီးမှုများ၊ ဒဏ်ရာရသူများရှိခဲ့သည်။

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့တွင် လမ်းရေကျော်စဉ် စစ်ဘေးရှောင်အမျိုးသားတစ်ဦး ရေစီးနှင့်မျောပါ သေဆုံးခဲ့သည်။

လက်ရှိတွင် ကရင်ပြည်နယ်အတွင်း မြဝတီ၊ ကော့ကရိတ်မြို့နယ်တို့တွင် ရေကြီးနစ်မြုပ်မှု ရင်ဆိုင်နေရသည်။

ဇူလိုင် ၂၁ရက်ကလည်း ရှမ်းပြည်နယ်အရှေ့ပိုင်း၊ “ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ မိုင်းပေါက်မြို့တွင် ရေဘေးကြုံတွေ့ခဲ့ပြီး ကယ်ဆယ်ရေးသမား ရဲအရာရှိတစ်ဦးအပါအဝင် သုံးဦး သေဆုံးခဲ့သည်။

အပူပိုင်းမုန်တိုင်းဝီဖာ(Wipha)သည် ဇူလ်ိုင် ၂၂ရက်က ဗီယက်နမ်နိုင်ငံကို ဝင်ရောက်သွားခဲ့ပြီး ထိုင်းနှင့်မြန်မာနိုင်ငံ မိုးဆက်ကောင်းနေသည်။

ရန်ကုန်တိုင်းအပါအဝင် မြန်မာနိုင်ငံဒေသအများစုတွင် ယခုရက်ပိုင်းမိုးကြီးနိုင်သည့်အပြင် လေပြင်းတိုက်ခတ်ခြင်း၊ လျှပ်စီးလက်ခြင်း၊ မိုးကြိုး ပစ်ခြင်း၊လျှပ်တစ်ပြက်ရေကြီးခြင်းနှင့်မြေပြိုခြင်းစသည့်သဘာဝဘေး အန္တရာယ်များသတိပြုကြရန် အမျိုးသားညီညွတ်ရေးအစိုးရ၊လူသားချင်းစာနာထောက်ထားရေးနှင့်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဝန်ကြီးဌာန (MOHADM)က သတိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

ရန်ကုန်မြို့၌ ယနေ့(ဇူလိုင်၂၄ရက်)နံနက်က တိုက်ခတ်ခဲ့သော လေဆင်နှာမောင်းအရှိန်ကြောင့် ဗိုလ်တထောင်မှ ဒလမြို့သို့ပြေးဆွဲသည့် သဗ္ဗာန်ယာဉ်တိမ်းမှောက်မှုအတွင်း လူသုံးဦး ပျောက်ဆုံးနေကြောင်း ဒေသခံတစ်ဦးက ပြောသည်။

သတင်း

မွန်ပြည်နယ်ရှိ ကျိုက်ထို၊သထုံ၊သံဖြူဇရပ်နှင့်ပေါင်မြို့နယ်တို့တွင် လေဆင်နှာမောင်း နှင့် လေပြင်းတိုက် ခတ်၍ နေအိမ်အလုံး ၁၀၀ ကျော်ပျက် စီးခဲ့ကြောင်း ဒေသခံများက ပြောသည်။

သတင်း

ရန်ကုန်မြို့၊ဗိုလ်တထောင်မြို့နယ်စည်ပင်ဝင်း၌ ယနေ့ နံနက် ၇ နာရီခန့်တွင် လေဆင်နှာမောင်းတိုက်၍ ကွန်တိန်နာယာဥ်အချို့တိမ်မှောက်ပျက်စီးခဲ့သည်။

သတင်း

ပဲခူးတိုင်း၊ ဝေါမြို့နယ်၊ လေးအိမ်စုရွာတွင် ယနေ့ (မေလ ၁၇ရက်) နံနက်ပိုင်းက လေဆင်နှာမောင်း တိုက်ခတ်သွားပြီး ထိခိုက်ပျက်စီးမှုများရှိကြောင်း မြို့ခံများထံမှသတင်းရရှိသည်။