ဇူလိုင်-၂၇၊ ၂၀၂၅။ထားမြတ်/People’s Spring
ပဲခူး၊ ရန်ကုန်၊နေပြည်တော်နှင့် ဧရာ၀တီတိုင်းဒေသများ ပါဝင်စုဖွဲ့ထားသော အမှတ်(၂) စစ်ဆင်ရေးနယ်မြေအတွင်း စစ်ရေးဖော်ဆောင်မှုများကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA)၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)တပ်မှူးများဖြင့် ဖွဲ့စည်းထာသည့် အမိန့်ပေးကွပ်ကဲမှုယန္တရားဖြစ်သော Joint Operation Command(JOC)၏ အဆုံးအဖြတ် ဖြင့် ဆောင်ရွက်နေကြောင်း အမှတ်(၂) စစ်ဆင်ရေးနယ်မြေ သတင်းပြန်ကြားရေးတာဝန်ခံက ပြောကြားသည်။
ဇူလိုင် ၂၅ရက်က ပဲခူးတိုင်းကျောက်ကြီးမြို့နယ်အတွင်းရှိ စစ်ကောင်စီတပ်စခန်း ၂ခုကို PDF/KNLA မဟာမိတ်ပူးပေါင်းတပ်ကတိုက်ခိုက်သိမ်းပိုက်ခဲ့သည့် ဖြစ်စဉ်နှင့်ပတ်သက်၍ အမှတ်(၂) စစ်ဆငရေးနယ်မြေ၌ စစ်ရေး ဖော်ဆောင်မှုအခြေအနေကို မေးမြန်းရာ ယခုကဲ့သို့ ရှင်းပြခြင်းဖြစ်သည်။
“ဘယ်နေရာတွေကို ဖော်ဆောင်မယ်ဆိုတာကတော့ JOC အဆုံးအဖြတ်နဲ့ပဲစစ်ဆင်ရေးတွေ ဆောင်ရွက်နေတာဖြစ်ပါတယ်”ဟု အမှတ်(၂) စစ်ဆင်ရေးနယ်မြေ တာဝန်ရှိသူက ပြောသည်။

Public Service Announcement
အမှတ်(၂)စစ်ဆင်ရေးနယ်မြေအနေဖြင့် ၎င်း၏ ကွပ်ကဲမှုတွင်ပါဝင်သော ပဲခူးတိုင်းစစ်ဌာန အတွင်း စစ်ရေးအရှိန်မြှင့်မည်ဖြစ်ကြောင်း ယခင်ကတည်းက အသိပေးထားသည်။
သို့သော် မိုးကာလဖြစ်၍ စစ်ဆင်ရေးဖော်ဆောင် မှုကို ရာသီဥတုအပေါ်မူတည်ဆောင်ရွက်နေကြောင်းပြောသည်။
” စစ်ရှိန်မြှင့်မယ်လို့ အသိပေးထားတဲ့အတိုင်း စစ်ဆင်ရေးတွေ ဖော်ဆောင်နေတာရှိတယ်။ သို့သော်လည်း ရာသီဥတု အခြေအနေရယ် တဖက်မှာလည်း ကျနော်တို့ပြည်သူတွေအနေနဲ့ စစ်ဘေးရှောင်တဲ့အခါ ရာသီဥတူ အခြေအနေအပေါ်မူတည်ပြီး ချင့်ချိန်ပြီးတော့ စစ်ဆင်ရေးဖော်ဆောင်ရတာတွေလည်းရှိပါတယ်”ဟု အမှတ်(၂)စစ်ဆင်ရေးနယ်မြေ တာဝန်ရှိသူက ပြောသည်။
တဖက်တွင် စစ်ကောင်စီအနေဖြင့်လည်း ကာလရှာကြည် ပြည်တွင်းစစ် တိုက်လာသည့် စစ်တပ်ဖြစ်သည်နှင့်အညီ ပြင်ဆင်မှုများ ကောင်းကောင်း လုပ်ဆောင်ထားနိုင်သည်ကို တွေ့နေရဆဲဖြစ်ကြောင်း ၎င်းက ပြောသည်။
သို့သော် စစ်ကောင်စီ ကြိုးပမ်းနေသည့်ရွေးကောက်ပွဲကို အမှတ်(၂)စစ်ဆင်ရေးနယ်မြေအတွင်း တော်လှန်ရေးတပ်များ၏ စိုးမိုးနယ်မြေအတွင်းလုပ်ဆောင်နိုင်ရန် မဖြစ်နိုင်သလောက်ရှိဟုလည်း အမှတ်(၂) စစ်ဆင်ရေးနယ်မြေ တာဝန်ရှိသူက ပြောကြားသည်။
အမှတ်(၂) စစ်ဆင်ရေးနယ်မြေ အနေဖြင့် ပဲခူးတိုင်းရှိ PDF တပ်ရင်းတပ်ဖွဲ့များ၊ KNLA တပ်များနှင့်ပူးပေါင်းပြီး စစ်ကောင်စီစခန်းများစွာကို တပြိုင်တည်းတိုက်ခိုက်ခဲ့သည့် စစ်ဆင်ရေးများလည်း ဖော်ဆောင်ခဲ့သည်။ ပြီးခဲ့သည့် လပိုင်းများအတွင် အမှတ်(၂) စစ်ဆင်ရေးနယ်မြေ ပဲခူးတိုင်း စစ်ဌာန အတွင်း စစ်ရေးဖော်ဆောင်မှုများ ပြုလုပ်ခဲ့ရာ ကျောက်တံခါး၊ ရေတာရှည်၊ ဖြူး၊ အုတ်တွင်း၊မင်းလှ၊ကျောက်ကြီး၊ နတ်တလင်း၊ရွှေကျင်၊ ပဲခူး စသည့်မြို့နယ်များရှိ စစ်ကောင်စီတပ်စခန်းများနှင့် တပ်ရင်းဌာနချုပ် အချို့ကို တိုက်ခိုက်ခဲ့သည်။ အထူးသဖြင့် ရန်ကုန်-မန္တလေး လမ်းဟောင်းနှင့် ရန်ကုန်-မန္တလေးအမြန်လမ်းရှိ စစ်ကောင်စီ၏ စစ်ရေးပစ်မှတ်များကို တိုက်ခိုက်မှုများ လုပ်ဆောင်ခဲ့သည်။


















































