Connect with us

Hi, what are you looking for?

နိုင်ငံတကာ

နယူးယောက်မြို့ အထပ်မြင့် အဆောက်အအုံထဲက ပစ်ခတ်မှုမှာ ရဲအရာရှိ အပါအဝင် ၄ ဦးသေဆုံး

အမေရိကန်နိုင်ငံ၊ နယူးယောက်မြို့က အထပ်မြင့် တိုက်ကြီး တစ်ခုမှာ သေနတ်သမား တစ်ဦး ဝင်ရောက် ပစ်ခတ်ခဲ့တာကြောင့် ရဲအရာရှိ တစ်ဦးအပါအဝင် ၄ ဦး သေဆုံးခဲ့ပါတယ်။

Getty Images

အမေရိကန်နိုင်ငံ၊ နယူးယောက်မြို့က အထပ်မြင့် တိုက်ကြီး တစ်ခုမှာ သေနတ်သမား တစ်ဦး ဝင်ရောက် ပစ်ခတ်ခဲ့တာကြောင့် ရဲအရာရှိ တစ်ဦးအပါအဝင် ၄ ဦး သေဆုံးခဲ့ပါတယ်။

ဇူလိုင် ၂၈ ရက် ညနေပိုင်းက ကုတ်အင်္ကျီဝတ်ပြီး နေကာမျက်မှန် တပ်ထားတဲ့ သေနတ်သမားဟာ နယူးယောက်မြို့လယ်၊ မက်ဟမ်တန် ရပ်ကွက်ထဲမှာ M4 ချေမှုန်းရေး ရိုင်ဖယ် သေနတ်တစ်လက်ကို ပေါ်ပေါ်ထင်ထင် ကိုင်ပြီး လမ်းလျှောက် ဝင်ရောက်လာခဲ့ပါတယ်။ အဲဒီနောက် သူဟာ ၄၄ ထပ်မြင့်တဲ့ မိုးမျှော်တိုက်ကြီး တစ်လုံးရဲ့ မြေညီထပ်ဆီ ဝင်ရောက်လာပြီး လော်ဘီခန်းထဲမှာ မွှေ့ရမ်း ပစ်ခတ်ခဲ့ပြီး ၃၃ ထပ်မှာလည်း နောက်ထပ် ပစ်ခတ်ခဲ့ပြန်ပါတယ်။ အဲဒီနောက်မှာတော့ သေနတ်သမားဟာ သူ့ကိုယ်သူ အဆုံးစီရင်သွားခဲ့ပါတယ်။ ဒါကြောင့် စုစုပေါင်း သေဆုံးစာရင်းကတော့ ၅ ဦး ဖြစ်ပါတယ်။

ရဲတွေက ပြစ်မှုကျူးလွန်သူဟာ လက်စ်ဗီးဂက်စ်ကနေ နယူးယောက်ထိ ရောက်လာတဲ့ အသက် ၂၇ နှစ်အရွယ် ရှိန်း ဒီဗွန် တာမူရာ ဆိုသူဖြစ်ကြောင်း အတည်ပြုထားပေမယ့် ဘာကြောင့် အခုလို တိုက်ခိုက်မှု ကျူးလွန်ခဲ့သလဲဆိုတဲ့ အကြောင်းရင်းကိုတော့ ရှာမတွေ့သေးပါဘူး။

သေဆုံးသူတွေထဲမှာတော့ နယူးယောက် ရဲတပ်ဖွဲ့ရဲ့ အရာရှိ တစ်ဦးဖြစ်ပြီး အသက် ၃၆ နှစ်အရွယ် ဒီဒါရူလ် အစ္စလာမ်လည်း အပါအဝင် ဖြစ်တယ်လို့ သိရပါတယ်။ ကျန်တဲ့ သေဆုံးသူတွေ ဘယ်သူဘယ်ဝါ ဆိုတာကို မထုတ်ပြန်သေးပါဘူး။

Public Service Announcement

Public Service Announcement

ပစ်ခတ်မှု ဖြစ်ပွားရာ အဆောက်အအုံမှာ အမေရိကန် အမျိုးသား ဘောလုံးအဖွဲ့ချုပ် (NFL)နဲ့ ရင်းနှီးမြှုပ်နှံမှု ကုမ္ပဏီ Blackstoneတို့လို ရုံးတွေ အခြေစိုက် ဖွင့်လှစ်ထားပါတယ်။ အသက်ရှင် လွတ်မြောက်လာသူတွေရဲ့ အဆိုအရ သေနတ်သမားဟာ ဝင်လာပြီးတာနဲ့ ဘာမပြော ညာမပြော စတင် ပစ်ခတ်ခဲ့တာလို့ သိရပါတယ်။

သူဟာ ၃၃ ထပ်ဆီ ဓာတ်လှေကားနဲ့ တက်အသွားမှာ ဓာတ်လှေကား တံခါး ပွင့်သွားပြီး ထွက်လာတဲ့ အမျိုးသမီး တစ်ဦးကိုတော့ ရန်မမူဘဲ ထွက်ခွာသွားခွင့် ပြုခဲ့ပါတယ်။ ပြီးတော့ ၃၃ ထပ်မှာ လျှောက်သွားရင်း ဆက်တိုက် ပစ်ခတ်ခဲ့ပြီး အဲဒီနောက် ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်သွားခဲ့တာ ဖြစ်ပါတယ်။

ရဲတွေက တာမူရာဟာ စိတ်ကျန်းမာရေး ပြဿနာ အခံရှိတယ်ဆိုတဲ့ စာရွက်စာတမ်း အထောက်အထားတွေ ရရှိထားတယ်လို့ ပြောပါတယ်။ ရဲတွေက လမ်းပေါ်မှာ ယာဉ်နှစ်ထပ် ရပ်ခဲ့တဲ့ တာမူရာရဲ့ BMW ကားကိုလည်း ရှာဖွေခဲ့ရာမှာ နောက်ထပ် ကျည်ကတ်တွေနဲ့အတူ Revolver ပစ္စတို တစ်လက်ကို ရှာတွေ့ခဲ့ပါတယ်။ အဲဒီကားဟာ နီဗားဒါးမှာ မှတ်ပုံတင်ထားပြီး တာမူရာကလည်း သေနတ်ကို လိုင်စင်နဲ့ ဝယ်ယူ ကိုင်ဆောင်ထားတာလို့ ဆိုပါတယ်။

ပစ်ခတ်မှု ဖြစ်ပွားစဉ်အတွင်း အဆောက်အအုံထဲကနေ လူတွေ အထိတ်တလန့် ထွက်ပြေးခဲ့ကြသလို တချို့ကလည်း သေနတ်သံတွေကို ကြားတဲ့နောက် အခန်းတွေကို အလုံပိတ်ထားကြတာ၊ ဆိုဖာခုံတွေကို တွန်းလှဲပြီး အကာအကွယ် ယူထားကြတာမျိုးတွေ ပြင်ဆင်ခဲ့ကြပါတယ်။ ရဲတွေဟာ အဆောက်အအုံကို တစ်ထပ်ချင်းစီ ရှင်းလင်းရှာဖွေပြီး နာရီပေါင်း အတော်ကြာမှသာ အလုံးစုံ အန္တရာယ် ကင်းရှင်းပြီလို့ အတည်ပြုခဲ့ပါတယ်။

နယူးယောက်က ပစ်ခတ်မှု မတိုင်ခင် နာရီပိုင်းလောက် အလိုမှာလည်း ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့လယ်က စျေးတစ်ခုထဲမှာ အမျိုးသား တစ်ဦးက လုံခြုံရေး ဝန်ထမ်းတွေ အပါအဝင် ၅ ဦးကို ပစ်သတ်ပြီး ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်သွားမှုမျိုး ဖြစ်ပွားခဲ့ပါသေးတယ်။

ကိုးကား: CNN

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ထိုင်းနိုင်ငံ၊ဘန်ကောက်မြို့တော်ကဘုရားကျောင်းတစ်ခုမှာပစ်ခတ်မှု ကျူးလွန်ခဲ့တဲ့သံသယတရားခံအမျိုးသားဟာကိုယ့်ကိုယ်ကိုယ်အဆုံးစီရင်သွားခဲ့ကြောင်း သိရပါတယ်။

နိုင်ငံတကာ

ထိုင်းနိုင်ငံ တောင်ပိုင်းမှာ စစ်သား ၅ ဦး သေဆုံးခဲ့တဲ့ တိုက်ခိုက်မှုကို စုစုပေါင်း လက်နက်ကိုင် ၁၀ ဦးလောက် ပူးပေါင်း လုပ်ဆောင်ခဲ့တာလို့ ရဲတွေက ပြောကြားခဲ့ပါတယ်။

နိုင်ငံတကာ

ထိုင်းနိုင်ငံ တောင်ပိုင်းမှာ စစ်သား ၅ ဦးကို ပစ်သတ်သွားတဲ့ သေနတ်သမားတွေကို အစွမ်းကုန် လိုက်လံရှာဖွေဖို့ သံန္နိဋ္ဌာန် ချထားကြောင်း ထိုင်းစစ်တပ်က ပြောပါတယ်။

နိုင်ငံတကာ

ဂျာမနီက မိခင်နဲ့ကလေးများ စင်တာတစ်ခုမှာ ပစ်ခတ်မှု ဖြစ်ပွားခဲ့တာကြောင့် လူ ၆ ဦး သေဆုံးခဲ့ကြောင်း သိရပါတယ်။