သြဂုတ်-၄၊၂၀၂၅။ဇော်ရမ်း/People’s Spring
ကချင်ပြည်နယ် ၊ဖားကန့်တွင်ဩဂုတ်လ၁ရက်မှစကာ သုံးရက်ဆက်တိုက်ပွဲဖြစ်နေပြီး ယနေ့ နေ့လယ်ပိုင်း၌ တိုက်ပွဲဆက်လက်ပြင်းထန်နေသည်။
တိုက်ပွဲပြင်းထန်နေသောကြောင့် KIA၊KPDF က ပြည်သူများကိုလေကြောင်းအန္တရာယ် သတိပေးထားသည်။
ယူမာ၊ ရှရော်ခနှင့်ဆန်းကြွယ်ကျေးရွာပတ်ဝန်းကျင်၌ တိုက်ပွဲဖြစ်ပွားနေပြီး သြဂုတ်၄ ရက်ညကဖြစ်ပွားသောတိုက်ပွဲတွင် စစ်ကောင်စီပစ်ခတ်သည့်လက်နက်ကြီး ကျရောက်ပေါက်ကွဲ၍ဒေသခံပြည်သူအချို့ထိခိုက်သေဆုံးမှုရှိခဲ့ကြောင်းသတင်းရရှိသည်။ ထို့အပြင် ယနေ့ နံနက်ပိုင်း၌ ဖြစ်ပွား သောတိုက်ပွဲတွင်လည်းအရပ်သားသေဆုံးမှုရှိနေသည်။

Public Service Announcement
“ကလေးတွေလည်းကျောင်းမသွားကြဘူး။ တိုက်ပွဲက သုံးလေးနေရာမှာ ဖြစ်နေတာ။ အိပ်ပေါ် ကို လက်နက်ကြီးကျပြီး ထိခိုက်သေဆုံးတာတွေရှိပါတယ်။ နောက်ပြီး လေကြောင်းအန္တရာယ်သတိပေးထားပါတယ်”ဟုဖားကန့်ဒေသခံတဦးကပြောသည်။
သြဂုတ် ၃ ရက်ကရှရော်ခရွာ နှင့် ဆန်းကြွယ်ရွာ ၌ဖြစ်ပွားသောတိုက်ပွဲတွင် အမျိုးသားတစ်ဦးသေဆုံးပြီး ငါးဦးဒဏ်ရာရခဲ့သည်။ ယနေ့နံနက်ပိုင်း၌ ဖြစ်ပွားသောတိုက်ပွဲတွင် ကလေးငယ်တဦးအပါအဝင် နှစ်ဦးသေဆုံးပြီးငါးဦးဒဏ်ရခဲ့ကြောင်း ဒေသခံများကပြောသည်။
KIA၊KPDF ထိန်းချုပ်ထားသည့် ဖားကန့်-ဆိပ်မူလမ်းနှင့် ဆက်စပ်နေသော ရှရော်ခကျေးရွာမှ ညောင်ပင်ကုန်းစခန်းကို စစ်ကောင်စီက ဩဂုတ်လ၁ရက် သိမ်းယူခဲ့ရာ ယခုအခါ KIA၊KPDFက ပြန်လည်ထိုးစစ်ဆင်နေခြင်းဖြစ်ကြောင်းသတင်းရရှိသည်။ တိုက်ပွဲအပြင်းအထန်ဖြစ်နေ၍ စစ်တပ်ကလေကြောင်းမှလာရောက်တ်ိုက်ခိုက်နိုင်ကြောင်း KIA၊KPDFတပ်ဖွဲ့ဝင်များကသတိပေးထားသည်။
တိုက်ပွဲနှင့် စစ်ရေးအခြေအနေကြောင့် ယူမာ၊ရှရော်ခ၊ မှော်တောင်းနှင့် ဆန်းကြွယ်ရွာမှ ဒေသခံများ၏တိမ်းရှောင်နေကြရသည်။ဇူလိုင်လ တတိယလပတ်အတွင်းကတိုက်ပွဲပြင်းထန်ခဲ့သည့်မော်မောင်းကုန်းနှင့် လမောင်းကုန်းဘက်တွင်လည်း စစ်ရေးဆက်လက်တင်းမာနေသည်။
ပြီးခဲ့သည့်ဇူလိုင်နားကဖားကန့်မှ အမှိုက်ပုံကျေးရွာအပါအဝင်နေရာအချို့တွင် တိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်ကောင်စီကလေကြောင်းမှမကြာခဏ ဗုံးကြဲခဲ့သည်။ယင်းကာလနောက်ပိုင်းတိုက်ပွဲများငြိမ်သက်သွားသော်လည်း စစ်ကောင်စီကလက်နက်ကြီးများမကြာခဏပစ်ခတ်ခဲ့သည်။စစ်ကောင်စီလေကြောင်းတိုက်ခိုက်မှု၊ လက်နက်ကြီးပစ်ခတ်မှုနှင့် မိုင်းပေါက်ကွဲမှုများကြောင့် ၂လခန့်အတွင်း အရပ်သားသေဆုံးသူဦးရေ ၄၀ဦးခန့်ရှိခဲ့သည်။
ဖားကန့်တွင်တိုက်ပွဲများဆက်လက်ဖြစ်ပွားနိုင်၍ ဒေသခံပြည်သူများ လုံခြုံရေးသတိပြုနေထိုင်ကြရန်ကချင်လွတ်လပ်ရေတပ်မတော်(KIA)၊ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီးနော်ဘူကထပ်မံသတိပေးထားသည်။


















































