ဩဂုတ်-၄ရက်၊ ၂၀၂၅။ ထားမြတ်/People’s Spring
ကချင်ပြည်နယ်၊ ဗန်းမော်မြို့တွင် ကချင်လွတ်လပ်ရေးတပ်မတော်(KIA) နှင့် စစ်ကောင်စီတပ် ယနေ့(ဩဂုတ်၄ရက်) တိုက်ပွဲပြန်ဖြစ်ပြီး စစ်ကောင်စီတပ် အထိနာခဲ့သည်ဟု ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောသည်။
KIAနှင့် မဟာမိတ်ပူးပေါင်းတပ်များက မြို့သိမ်းစစ်ဆင်ရေးဖော်ဆောင်နေသည့်ဗန်းမော်မြို့တွင်မြေပြင်တိုက်ပွဲများငြိမ်သက်နေပြီးဒရုန်း၊ လက်နက် ကြီး အပြန်အလှန်တိုက်ခိုက်မှု၊ စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှု အချို့သာ ရှိနေသည့်အခြေအနေတွင် ယနေ့(ဩဂုတ် ၄ရက်) တွင် မြေပြင်တိုက်ပွဲပြန်ဖြစ်ဟု သတင်းရင်းမြစ်က ပြောသည်။
” ဗန်းမော်မှာ ၂၁(အမှတ် -၂၁ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်)က စခတွေထွက်လာပြီးမှ ထိုးစစ်ဆင်တာ တိုက်ပွဲဖြစ်တာ။ ၁နာရီခွဲလောက်ကနေ ဖြစ်တာ ညနေ ၃နာရီလောက်အထိ ။ အဲဒါ သူတို့ အထိနာပြီး ၂၁ထဲကို ပြန်ဆုတ်ဝင်သွားတာ”ဟု ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောသည်။

Public Service Announcement
စစ်ကောင်စီတပ်က ယခု ဩဂုတ်လဆန်းတွင် ဗန်းမော်မြို့သို့ စစ်သင်္ဘောများဖြင့် လက်နက်ခဲယမ်း စစ်အင်အားဖြည့်တင်းခဲ့ပြီးနောက် ယနေ့တွင် စစ်ရေးလှုပ်ရှားလာ၍ မြေပြင်တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
အခြားသတင်းရင်းမြစ်တစ်ဦးကလည်းဗန်းမော်၌တိုက်ပွဲရှိဟု ပြောသည်။
ထို့ပြင် တခြားသတင်းတရပ်အဖြစ် ဖားကန့်မြို့နယ်၌ တိုက်ပွဲဆက်ရှိခဲ့ပြီး စစ်ကောင်စီက ပစ်ခတ်သည့် လက်နက်ကြီးများကြောင့် ကလေးငယ်အပါ အဝင် ပြည်သူသေဆုံးထိခိုက်ရှိခဲ့ဟု ၎င်းကဆိုသည်။
” စစ်ကောင်စီရဲ့ဗျူဟာကုန်းကပစ်တဲ့လက်နက်ကြီးတွေကြောင့် မျောက်ဖြူမော်ရွာကို ကျပြီး အရပ်သားနဲ့ ကလေးသုံးနှစ်အရွယ်ကလေး လက်နက်ကြီးကျည်ထိပြီးသေဆုံးတယ်” ဟု သတင်းရင်မြစ်က ပြောသည်။
မျောက်ဖြူမော်ရွာလက်နက်ကြီးကျရောက်မှုတွင် ကလေးငယ်၂ဦး အပါ အဝင် ပြည်သူ ၅ဦး ဒဏ်ရာရခဲ့ဟု သတင်းရင်းမြစ်က ပြောပြသည်။
ထို့ပြင်ဆန်းကြွယ်ကျေးရွာသို့လည်းလက်နက်ကြီးကျ၍ အသက်(၈၀) အဘွားအိုအပါအဝင် အရပ်သား ၄ဦး ဒဏ်ရာရခဲ့သည်ဟုဆိုသည်။
“ရှရော်ခရွာကိုလည်း လက်နက်ကြီးကျလို့ အသက် ၂၁နှစ်အရွယ် အမျိုးသားတဦးသေဆုံးတယ်။ နှစ်ယောက် ဒဏ်ရာရတာ ၁ယောက် သူကတော့ ဆုံးသွားတာ”ဟု သတင်းရင်းမြစ်က ပြောသည်။
ထို့အပြင် ဖားကန့်မြို့နယ် ညောင်ပင်ကုန်းရွာတိုက်ပွဲမှာလည်း နေ့လည် ၂နာရီခန့်တွင် စစ်ကောင်စီတပ်ဂိတ်ကို KIA ပူးပေါင်းတပ်ဖွဲ့က သိမ်းပိုက်ပြီးနယ်မြေရှင်းလင်းရေးဆက်လုပ်နေသည်ဟု ပြောပြသည်။
” ညောင်ပင်ကုန်းရယ် မှော်ဝမ်းကလေး၊ အမှိုက်ပုံနေရာတွေကို ဆက်လက်ရှင်းလင်းရေးလုပ်နေတာပေါ့”ဟု သတင်းရင်းမြစ်က ပြောသည်။
စစ်ကောင်စီတပ်နှင့် ပြည်သူ့စစ်ပူးပေါင်းတပ်သည်ဖားကန့်ဒေသ ပြန်လည် ထိန်းချုပ်နိုင်ရေး ကြိုးပမ်းလျက်ရှိရာ KIAပူးပေါင်းတပ်နှင့် တိုက်ပွဲများဆက်တိုက်ဖြစ်ပွားလျက်ရှိသည်။























































