Connect with us

Hi, what are you looking for?

နိုင်ငံတကာ

အိမ်ငှားတင်တဲ့ ကိစ္စမှာ အရှုပ်အထွေး ကြုံရာက ဗြိတိန် အိမ်ခြေရာမဲ့ရေးရာ ဝန်ကြီး ရာထူးက နုတ်ထွက်ရ

အိမ်ငှားခ သတ်မှတ်မှု အရှုပ်အထွေး တစ်ခုကို အကြောင်းပြုပြီး ဗြိတိန်ရဲ့ အိမ်ခြေရာမဲ့ရေးရာ ဝန်ကြီးဟာ ရာထူးကနေ နုတ်ထွက်သွားခဲ့ရပါတယ်။

Alamy

အိမ်ငှားခ သတ်မှတ်မှု အရှုပ်အထွေး တစ်ခုကို အကြောင်းပြုပြီး ဗြိတိန်ရဲ့ အိမ်ခြေရာမဲ့ရေးရာ ဝန်ကြီးဟာ ရာထူးကနေ နုတ်ထွက်သွားခဲ့ရပါတယ်။

သူဟာ ကိုယ်တိုင်က တိုက်ဖျက်ပါ့မယ်လို့ ကြွေးကြော်ထားတဲ့ လုပ်ရပ်မျိုးကို ပြန်ကျူးလွန်ပြီး ကြောင်သူတော်အလုပ် လုပ်ခဲ့တယ်လို့ စွပ်စွဲမှုတွေ ခံနေရသူပါ။ ဩဂုတ် ၇ ရက်နေ့မှာတော့ ဝန်ကြီး ရူရှာနာရာ အလီက နုတ်ထွက်စာ တင်သွားပြီဖြစ်ကြောင်း ဝန်ကြီးချုပ်ရုံးက ကြေညာခဲ့ပါတယ်။

အလီ ဦးဆောင်နေတဲ့ ဝန်ကြီးဌာနဟာ ဗြိတိန်ရဲ့ အိမ်ခြေရာမဲ့ ပြဿနာတွေ၊ အိမ်ငှားခ ကြီးမြှင့်မှု အကျပ်အတည်းတွေကို အဓိက တာဝန်ယူ ဖြေရှင်းပေးနေတာ ဖြစ်ပါတယ်။

အိမ်ခြေရာမဲ့ဆိုင်ရာ ရန်ပုံငွေ အဖွဲ့အစည်းတွေ၊ အတိုက်အခံ နိုင်ငံရေးသမားတွေက အလီရဲ့ ကိုယ်ပိုင်အိမ်တစ်ခု ငှားရမ်းတဲ့ ကိစ္စနဲ့ ပတ်သက်ပြီး သူဟာ လက်ရှိရာထူးနဲ့ မထိုက်တန်ဘူးလို့ စွပ်စွဲ ဝေဖန်ခဲ့ကြတာပါ။ အလီကတော့ သူဟာ ဘယ်လို ဥပဒေ စည်းမျဉ်းကိုမှ မဖောက်ဖျက်ခဲ့ဘူးလို့ ခုခံ ကာကွယ်ခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

ပြဿနာက လန်ဒန် အရှေ့ပိုင်းမှာရှိတဲ့ သူ့ရဲ့ အိမ်တစ်လုံးကို အလီက အိမ်ငှားတင်ထားရာကနေ အိမ်ကို အပြီးရောင်းတော့မှာမို့ဆိုတဲ့ အကြောင်းပြချက်နဲ့ စာချုပ် သက်တမ်း ထပ်မတိုးရာက စခဲ့ပါတယ်။ အဲဒီနောက် ခြောက်လ အကြာမှာတော့ အလီဟာ အဲဒီအိမ်ကို အမှန်တကယ် မရောင်းဘဲ ပိုများတဲ့ စျေးနှုန်းနဲ့ အိမ်ငှားထပ်တင်မယ့်အကြောင်း ကြေညာခဲ့ပါတယ်။

ဒီကိစ္စဟာ ရာဇဝတ်မှု မမြောက်ပေမယ့် သူကိုယ်တိုင်က အဲဒီလို အခြေအနေမျိုးကို ဥပဒေကြောင်းအရ တားဆီးဖို့ ဆော်ဩနေတဲ့အခါ အငြင်းပွားစရာတွေ ဖြစ်လာပါတယ်။ အိမ်ရှင်တွေဖက်က အဲဒီလို လုပ်တာဟာ အိမ်ငှားတွေကို နစ်နာစေတယ်ဆိုပြီး ဥပဒေကြောင်းအရ တားဆီးပေးဖို့ အလီကိုယ်တိုင်က တက်တက်ကြွကြွ တိုက်တွန်းနေတာ ဖြစ်ပါတယ်။

ဒီတော့ အလီဟာ အပြောတစ်မျိုး၊ အလုပ်တစ်မျိုးနဲ့ ယုံကြည်ချင်စရာ မရှိဘူးလို့ အတိုက်အခံ အင်အားစုတွေက ထိုးနှက်လာခဲ့ပါတယ်။

အလီရဲ့ အိမ်ကို စုငှားခဲ့သူတွေထဲက တစ်ဦးက သူနဲ့ တခြားသုံးဦးတို့ဟာ စာချုပ်မကုန်ခင် လေးလအလိုမှာ အီးမေးလ် ကြိုတင်ရရှိခဲ့ကြောင်း၊ အိမ်ကို ရောင်းတော့မှာ ဖြစ်တဲ့အတွက် အငှားစာချုပ်ကို သက်တမ်းမတိုးတော့ကြောင်း အဲဒီ အီးမေးလ်မှာ အသိပေးထားခဲ့ကြောင်း ပြောပြခဲ့ပါတယ်။ သူတို့တွေ အိမ်ပြောင်းပြီး မကြာခင်မှာတော့ အဲဒီအိမ်ကို တစ်လ စတာလင်ပေါင် ၇၀၀ လောက် စျေးထပ်တိုးပြီး အငှားစာရင်း တင်ထားတာ တွေ့ခဲ့ရတယ်လို့ အဲဒီ အိမ်ငှားဟောင်းက ဆိုပါတယ်။

ဝန်ကြီးချုပ် ဆာကီရာ စတာမာဆီ ပေးပို့တဲ့ စာမှာတော့ အလီက သူနုတ်ထွက်တော့မယ့် ဆုံးဖြတ်ချက်ကို ဝမ်းနည်းစွာပဲ အသိပေးလိုကြောင်း၊ သူဟာ ဥပဒေရေးရာ ပြဋ္ဌာန်းချက် အားလုံးကို လေးစား လိုက်နာခဲ့ကြောင်း၊ ကျင့်ဝတ် တာဝန် အားလုံးကိုလည်း အလေးအနက် ထားခဲ့ကြောင်း၊ ဒါပေမဲ့လည်း အခုအခါမှာတော့ မလိုလားအပ်တဲ့ အာရုံများစရာ တစ်ခုကြောင့် သူ့ရဲ့ ရည်မှန်းချက်ကြီးတဲ့ အစိုးရ အလုပ်ရဲ့ အခန်းကဏ္ဍကို ဆက်ပြီး ထမ်းဆောင်လို့ မရတော့ဘူးဆိုတာ အရမ်းထင်ရှားလာတဲ့အတွက် ဝန်ကြီးနေရာက နုတ်ထွက်ဖို့ ဆုံးဖြတ်ခဲ့ကြောင်း ရေးသားထားပါတယ်။

စတာမာက နုတ်ထွက်စာကို လက်ခံခဲ့ပြီး အစိုးရ အဖွဲ့ထဲမှာ လုပ်ငန်းတာဝန်တွေကို မဆုတ်မနစ် ကြိုးစားပေးခဲ့တဲ့အတွက် အလီကို ကျေးဇူးတင်ကြောင်း ပြောကြားခဲ့ပါတယ်။

အလီနဲ့ နီးစပ်သူ တစ်ဦးကတော့ ဝန်ကြီးဟာ အိမ်ကို အမှန်တကယ် အရောင်းစာရင်း တင်ခဲ့ပေမယ့် ဝယ်ယူသူ မရှိသေးတာကြောင့် အိမ်ငှားပြန်တင်ဖို့ ဆုံးဖြတ်ခဲ့တာသာ ဖြစ်တယ်လို့ ပြောပါတယ်။

အာဏာရ လေဘာပါတီဟာ ရွေးကောက်ပွဲတုန်းက မဲဆွယ်မှုတွေမှာ အိမ်ငှားတွေရဲ့ အခွင့်အရေးကို ပိုမို အားကောင်းအောင် ကူညီပေးမယ်လို့ ကြွေးကြော်ခဲ့ပေမယ့် အိမ်ခြေရာမဲ့ရေးရာ ဝန်ကြီးကိုယ်တိုင်က အခုလို အရှုပ်အထွေး ကြုံခဲ့တော့ အစိုးရ အတွက်လည်း မျက်နှာပူစရာ ဖြစ်လာခဲ့ပါတယ်။

ကိုးကား: BBC

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အသက် ၁၆ နှစ်အရွယ် ကလေးတွေကို လူမှုကွန်ရက် မီဒီယာ အသုံးပြုခွင့် ပိတ်ပင်မယ့်အကြောင်း ဗြိတိန် အစိုးရက တရားဝင် ထုတ်ပြန် ကြေညာခဲ့ပါတယ်။

သတင်း

လာမယ့် ဇွန်လ ၁၉ရက်မှာ ကျရောက်မယ့် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ (၈၁)နှစ်ပြည့်မွေးနေ့ အထိမ်းအမှတ်အတွက် ဗြိတိန်နဲ့ သြစ​တြေးလျမှာ ပြည်ပရောက် မြန်မာတွေက စုပေါင်းလမ်းလျှောက်ဆန္ဒပြခြင်းတွေ ဒီကနေ့ (ဇွန် ၁၅)မှာ ပြုလုပ်ခဲ့ပါတယ်။

နိုင်ငံတကာ

အိန္ဒိယ သမုဒ္ဒရာ အလယ်မှာ တည်ရှိပြီး ဗြိတိန် အစိုးရက လက်လွှတ်ဖို့ စီစဉ်နေတဲ့ ကျွန်းစုတစ်ခုကို အမေရိကန် အစိုးရက ဝယ်ယူဖို့ စဉ်းစားနေကြောင်း သတင်းတွေ ထွက်ပေါ်လာပါတယ်။

နိုင်ငံတကာ

လေ့ကျင့်ပျံသန်းရင်း ဗြိတိန် တော်ဝင်ရေတပ် ရဟတ်ယာဉ် ပျက်ကျခဲ့တာကြောင့် ၃ ဦး သေဆုံးခဲ့ပါတယ်။