” ဒီရွေးကောက်ပွဲ ကျင်းပတာဟာ နိုင်ငံရေးမှာ စစ်တပ်ကို အာဏာပေးထားတဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ကို ထပ်မံအတည်ပြုပေးတာဖြစ်ပြီး ဒီနိုင်ငံမှာ စစ်အာဏာရှင်အုပ်စုကို ကာလအတိုင်းအဆမရှိနိုင်ငံရေးဦးဆောင်ခွင့် အာဏာပေးအပ်သွားနိုင်ဖို့အတွက်ပဲ ဖြစ်ပါတယ်”
ဩဂုတ်-၁၂၊ ၂၀၂၅။ ထားမြတ်/People’s Spring
အာဏာသိမ်းစစ်ကောင်စီ ကြိုးပမ်းနေသည့် ရွေးကောက်ပွဲသည် စစ်အာဏာရှင်အုပ်စုကို ကာလအတိုင်းအဆမရှိ နိုင်ငံရေးဦးဆောင်ခွင့် အာဏာပေးအပ်သွားနိုင်ရန်ဖြစ်သောကြောင့် ရွေးကောက်ပွဲမဖြစ်ရေး ကရင်တမျိုးသားလုံး၏ တာဝန်အဖြစ်မှတ်ယူကြရန် ကရင်အမျိုးသားအစည်းအရုံး(KNU) ဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်းက ပြောကြားသည်။
ယနေ့ ဩဂုတ် ၁၂ရက်တွင် ကျရောက်သည့် (၇၅) နှစ်ပြည့် ကရင်အမျိုးသားအာဇာနည်နေ့သို့ KNU ဥက္ကဋ္ဌ ပြောကြားသော မိန့်ခွန်းတွင် စစ်ကောင်စီ ကြိုးပမ်းနေသည့် ရွေးကောက်ပွဲကိစ္စကို အလေးထား ပြောကြားခဲ့ခြင်းဖြစ်သည်။
တနိုင်ငံလုံးမှာရှိ လူမျိုးများ ပြည်သူများ၊ လူငယ်များက နိုင်ငံရေးနည်းလမ်း၊ စစ်ရေးနည်းလမ်း၊ သံတမန်ရေးနည်းလမ်းများနှင့် အာဏာသိမ်းစစ်တပ်ကို ဆန့်ကျင်တွန်းလှန်နေမှု ပြင်းထန်လွန်း၍ စစ်အုပ်စုသည် အခြေအနေများ ထိန်းသိမ်းနိုင်စွမ်း မရှိသည့် အနေအထား ရောက်နေသော်လည်းစစ်အုပ်စုသည် ယခုနှစ်ကုန်တွင် ရွေးကောက်ပွဲ ကျင်းပနိုင်ရန် ကြိုးပမ်းနေဟု KNU ဥက္ကဋ္ဌက ပြောသည်။

Public Service Announcement
“စစ်အာဏာရှင်တွေ ဇာတ်သိမ်းတော့မယ့် အခြေအနေကို မြင်နေရပြီဖြစ်ပေမယ့် လည်း စစ်အုပ်စုဟာ မာန်မလျှော့သေးပါဘူး။ နိုင်ငံရဲ့ အခက်အခဲပြဿနာတွေကို နည်းမှန်လမ်းမှန်နဲ့လည်း ဖြေရှင်း လိုစိတ် မရှိပါဘူး။ စစ်အာဏာရှင်တွေဟာ ကမ္ဘာ့နိုင်ငံတွေကြားမှာ အသိအမှတ်ပြုခံရဖို့အတွက် (၄)နှစ်ကျော်ကြာ နိုင်ငံ့အာဏာကို လုယူသိမ်းပိုက်အုပ်ချုပ်ခဲ့တဲ့ကာလပြီးတဲ့နောက်မှာ အမျိုးသားကာကွယ်ရေး နှင့် လုံခြုံရေးကောင်စီကို နိုင်ငံ့အာဏာအပ်ခဲ့ပြီး နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီနေရာမှာ အစားထိုးပြောင်းလဲဖွဲ့စည်းခဲ့ပါတယ်။ ပြည်ထောင်စုအစိုးရအဖွဲ့ကိုလည်း ဖွဲ့စည်းခဲ့ပါတယ်။ သို့ပေမယ့်လည်း အာဏာ အားလုံးဟာ အာဏာရှင်မင်းအောင်လှိုင်တစ်ဦးတစ်ယောက်ထဲကပဲ ချုပ်ကိုင်ထားတဲ့ အဖွဲ့ လက်ထဲကို ပေးအပ် ထားတာ ဖြစ်ပါတယ်”ဟု ဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်းက ပြောသည်။
စစ်အာဏာရှင်အုပ်စုက ၂၀၀၈ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့်အညီ ယခုနှစ်ကုန်တွင် ကျင်းပရန် စိုင်းပြင်းပြင်ဆင်နေသည့် ရွေးကောက်ပွဲတွင်လည်း အနိုင်ရရန် နည်းလမ်း အမျိုးမျိုးဖြင့် ဆောင်ရွက်နေဟု KNU ဥက္ကဋ္ဌ ကပြောသည်။
” ဒီရွေးကောက်ပွဲဟာ မျက်လှည့်ပြဖို့၊ ကမ္ဘာ့နိုင်ငံတွေရဲ့ အသိအမှတ်ပြုမှုကို ရရှိနိုင်ဖို့အတွက်ပဲ ဖြစ်ပါတယ်။ ဒီရွေးကောက်ပွဲ ကျင်းပတာဟာ နိုင်ငံရေးမှာ စစ်တပ်ကို အာဏာပေးထားတဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ထပ်မံအတည်ပြုပေးတာဖြစ်ပြီး ဒီနိုင်ငံမှာ စစ်အာဏာရှင်အုပ်စုကို ကာလအတိုင်းအဆမရှိနိုင်ငံရေးဦးဆောင်ခွင့် အာဏာပေးအပ်သွားနိုင်ဖို့အတွက်ပဲ ဖြစ်ပါတယ်။ ဒီနိုင်ငံမှာဖြစ်နေတဲ့ ပဋိပက္ခတွေကို အရှိန် မြင့်လာစေဖို့၊ ပိုမိုပြင်းထန်လာစေဖို့အတွက်ပဲ ဖြစ်ပါတယ်။ အထူးသဖြင့်ရွေးကောက်ပွဲ ကျင်းပခြင်းဟာ လူငယ်တွေရဲ့ အနာဂတ်ကံကြမ္မာကို အဆုံးသတ်ဆုံးဖြတ်သွားတာဖြစ်ပါတယ်။ ဒါကြောင့် ဒီရွေးကောက်ပွဲ မဖြစ်မြောက်ဖို့ ကရင် တမျိုးသားလုံးရဲ့ တာဝန်အနေနဲ့ မှတ်ယူရမှာ ဖြစ်ပါတယ်”ဟု ပဒိုစောကွယ်ထူးဝင်းက ပြောသည်။
မဟာလူမျိုးကြီးဝါဒစစ်အာဏာရှင် အုပ်စုကို အမြစ်ဖြတ်နိုင်ရန် အားလုံး ကျရာ ကဏ္ဍမှ နည်းလမ်းအမျိုးမျိုးဖြင့် ပူးပေါင်းဆောင်ရွက်ရမည်ဟုလည်း ပြောသည်။
“ဒီနိုင်ငံကို ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု အဖြစ် တည်ဆောက်သွားရမှာ ဖြစ်ပါတယ်။ ဗမာစစ်အာဏာရှင်အုပ်စု ရဲ့ဏာအဆုံးသတ်နိဂုံးချုပ်သွားဖို့အတွက် ကေအဲန်ယူ-ကရင်အမျိုးသား အစည်းအရုံးရဲ့ နိုင်ငံရေးရည်မှန်းချက်ရှိထားသည့်အတိုင်း လူမျိုးစုတော်လှန်ရေးအဖွဲ့အစည်းတွေ၊ နိုင်ငံရေးပါတီတွေနှင့် အခြားသောအဖွဲ့အစည်းတွေ၊ လူမျိုးစု ပြည်သူလူထုအားလုံးနှင့်အတူ လက်တွဲပြီး မဟာလူမျိုးကြီးဝါဒီ နဲ့ စစ်အာဏာရှင် အုပ်စုကို တိုက်ဖျက်သွားကြဖို့ပဲ ဖြစ်ပါတယ်”ဟု KNU ဥက္ကဋ္ဌက ပြောကြားသည်။
ကရင်လူမျိုးများ၏ သမိုင်းသည် ကရင်လူမျိုးတို့ လက်ထဲရှိသကဲ့သို့ ပြည်ထောင်စု၏ သမိုင်းသည်လည်း ပြည်ထောင်စုသား ပြည်သူများ၏ လက်ထဲမှာသာ ရှိကြောင်း ပြောကြားသည်။
ကရင့်အမျိုးသားအာဇာနည်ကို ဂါရဝပြုဦးညွှတ်လျက် ကရင့်အမျိုးသားအာဇာနည်များ စတေးပေးဆပ်ခဲ့သည့် မျှော်ရည်ချက်များ အောင်မြင်ပြည့်ဝ ရရှိသည်အထိ ဆောင်ရွက်သွားကြရန် KNUဥက္ကဋ္ဌက တိုက်တွန်းခဲ့ပြီး ကရင့်တော်လှန်ရေး အောင်မြင်မှု အာမခံချက်သည် ကရင်လူမျိုးများနှင့်တကွ ပြည်ထောင်စုသား ပြည်သူလူထုများ၏ စည်းလုံးညီညွတ်မှုအပေါ်တည်ရှိနေသည်ဟု ပြောကြားသည်။


















































