Connect with us

Hi, what are you looking for?

ဆောင်းပါး

ထမင်းနပ်မမှန်လို့ အသက်ရှင်သန်​ရေး ရုန်းကန်​နေရတဲ့ စစ်​ရှောင်​တွေ

ဝါခေါင်လပြည့်ကျော်ရက်ရဲ့ မှောင်မည်းနေတဲ့ညတညမှာ ချောင်းဘေးတနေရာက တဲတန်းလေးတွေဆီကနေ ပိုးစုန်းကြူးသာသာလောက် မီးအိမ်အလင်းလေးတွေ ထွက်နေတယ်။ည ၈ နာရီ သာသာလောက်ရှိပြီဖြစ်ပေမယ့် တဲကလေးတစ်လုံးထဲမှာတော့အသက် ၇၅ နှစ်အရွယ်ဒေါ်နွဲ့တစ်ယောက် ကြက်သွန်ဖြူကို ခပ်သွက်သွက်လေးထောင်းနေတယ်။ သူ့နောက်ကျောမှာတော့ အသက် ၉ နှစ်လောက်ရှိမယ့် မြေးမလေးက ထမင်းအိုးမီးတက်လာအောင် ထင်းတွေ ထိုးနေတယ်။ ညမိုးချုပ်ပြီမို့ သူလည်း ဗိုက်ဆာနေလောက်ပြီ။

Scorpio/People’s Spring

ဝါခေါင်လပြည့်ကျော်ရက်ရဲ့ မှောင်မည်းနေတဲ့ညတညမှာ ချောင်းဘေးတနေရာက တဲတန်းလေးတွေဆီကနေ ပိုးစုန်းကြူးသာသာလောက် မီးအိမ်အလင်းလေးတွေ ထွက်နေတယ်။ည ၈ နာရီ သာသာလောက်ရှိပြီဖြစ်ပေမယ့် တဲကလေးတစ်လုံးထဲမှာတော့အသက် ၇၅ နှစ်အရွယ်ဒေါ်နွဲ့တစ်ယောက် ကြက်သွန်ဖြူကို ခပ်သွက်သွက်လေးထောင်းနေတယ်။ သူ့နောက်ကျောမှာတော့ အသက် ၉ နှစ်လောက်ရှိမယ့် မြေးမလေးက ထမင်းအိုးမီးတက်လာအောင် ထင်းတွေ ထိုးနေတယ်။ ညမိုးချုပ်ပြီမို့ သူလည်း ဗိုက်ဆာနေလောက်ပြီ။

ညနေစာအတွက် ချက်စရာ ဆန်မရှိလို့ ဒေါ်နွဲ့ဟာ မြေးကလေးနှစ်ယောက်ကိုဘူးခွံပုလင်းခွံတွေ သွားကောက်ခိုင်းခဲ့ရတာပါ။”ဘူးကောက်ခိုင်းပြီးခုမှဆန်လေးဝယ်ပြီး ချက်ရတယ်ကွယ်။ လက်ထဲလည်း ငါးပြားမှမရှိဘူးကွယ်။”လို့ ပြောရင်း ဒေါ်နွဲ့ ကြက်သွန်ဖြူ ဆက်ထောင်းနေတယ်။

နေလောင်ထားလို့ ကြေးနီရောင်အသားအရည်ဖြစ်နေတဲ့ ဒေါ်နွဲ့ဟာပိန်လှီနေပြီးပါးတွေဟာချိုင့်ဝင်နေခဲ့တယ်။ “ဆေးလိပ်လေးသောက်ချင်တာတောင်မဝယ်နိုင်လို့ မသောက်ရဘူး။”လို့ ပြောရင်းဒေါ်နွဲ့ ချောင်းခြောက်ကလေးတဟွတ်ဟွတ်ထဆိုးတယ်။

Public Service Announcement

Public Service Announcement

ဒေါ်နွဲ့လိုထမင်းတနပ်အရေးရတက်မအေးရသူတွေဟောဒီတဲတန်းလေးတွေထဲမှာအများကြီးရှိနေပါတယ်။

ဒေါ်နွဲ့တို့က မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ်၊ ငါန်းမြာကြီးကျေးရွာကပါ။ ငါန်းမြာကြီးဆိုတာ ဆေးရွက်ကြီးနဲ့ နာမည်ကြီးတဲ့ရွာကြီးပါ။ ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်သြဂုတ်လထဲမှာ ငါန်းမြာကြီးရွာကစစ်ကောင်စီတပ်စခန်းကို ကာကွယ်ရေးအဖွဲ့တွေ ဝင်ရောက်တိုက်ခိုက်သိမ်းပိုက်ခဲ့တယ်။ ဒေါ်နွဲ့တို့က တိုက်ပွဲဖြစ်ကတည်းက ထွက်ပြေးလာခဲ့ကြတယ်။

တိုက်ပွဲထဲမှာလည်းပြည်သူ့နေအိမ်တွေ၊ ပြည်သူတွေထိခိုက်မိတာတွေရှိခဲ့တယ်။အသက်၂၀ ကျော်အရွယ် ကလေးနှစ်ယောက်မအေ​လေးဆိုဗုံးစလက်မှန်ပြီး တော်တော်ကုလိုက်ရတယ်။ လက်ကတော့ မသန်တော့ဘူး။ဒါကြောင့် ဒေါ်နွဲ့တို့တတွေ တောထဲတောင်ထဲ ပြေးလာခဲ့ကြတယ်။ တချို့တောင်သာတဲ့သူတွေကတော့ မန္တလေးကိုပြောင်းတာတို့ ကိုယ့်ဆွေမျိုးသားချင်းတွေရှိတဲ့ရွာတွေပြောင်းတာတို့ပေါ့။ဒေါ်နွဲ့တို့လိုတအားနွမ်းပါးသူတွေပဲ ကျန်နေရစ်ခဲ့တယ်။

ဒေါ်နွဲ့တို့တတွေမြစ်ဘေးချောင်းဘေးသဲသောင်တွေပေါ် နေကြရတယ်။ တချို့တဲကလေးတွေကတော့ ထန်းလက်၊တချို့ကတော့မိုးကာတွေ၊ ပီနံအိတ်တွေ မိုးထားကြတယ်။ တချို့ကတော့ ကိုင်းပင်လေးတွေခုတ်ပြီး ကာရံထားတယ်။ နေဖြစ်ရုံဆောက်ထားကြတဲ့ တဲကလေးတွေဟာ သောင်ပြင်ပေါ်မှာ ဟိုနားစုစု ဒီနားစုစုပဲ။

ဒေါ်နွဲ့တို့ဟာ ရွာမှာတောင်သူလုပ်ခဲ့ကြပေမဲ့ ဒီမှာက ကိုယ့်ရွာကိုယ့်ဒေသမဟုတ်တော့ အခက်တွေ့ရော။ဒါနဲ့ပဲငါးရှာရောင်းလိုရောင်း၊ ဘူးခွံ၊ ပုလင်းခွံ၊ ပလက်စတစ် ကောက်လိုကောက်ပေါ့။

ခေါင်းမှာ တခေါင်းလုံး ဆံသားဖြူတွေနဲ့ အနွေးထည်အပါးလေးဝတ်ထားတဲ့ အသက် ၇၆ နှစ်အရွယ် အမေကြီးကတော့ သဲသောင်ပြင်ပေါ် ခြေပစ်လက်ပစ်ထိုင်ချထားတယ်။သူကမျက်စိမမြင်ရှာဘူးတဲ့။ ဘာလိုလဲမေးတော့ “စောင်ကတော့ ရရင်လိုချင်တာပေါ့ကွယ်။ ပြေးလာတော့ ဘာမှပါမလာဘူး။”လို့ သူက ပြောတယ်။

အသက် ၈၅ နှစ်အရွယ် အဘတစ်ယောက်ကတော့
“ထောက်ပံ့ကြေးလေးများ ပေးရင်လည်း၊ ရရင်လည်း စားရုံပေါ့”လို့ ထမင်းစားရင်းပြောတယ်။

သက်ကြီးရွယ်အိုတွေဟာ သောင်ပြင်ပူပူမှာ ရာသီဥတုပူတုန်းကလည်း ကျွတ်ကျွတ်မြည်အောင်ပူတယ်။ နေလောင်ဒဏ်ကြောင့် အသားအရည်တွေ မည်းညိုသွားခဲ့တယ်။ မိုးတွေလေတော့ လာပြန်တော့လည်း မလုံမခြုံနဲ့ နေထိုင်ကြရတယ်။ မြစ်ဘေးမို့ ရေတက်တော့လည်း အောက်ကအအေးဓာတ်က ဒုက္ခပေးပြန်တယ်။

ဒါကြောင့် သက်ကြီးရွယ်အိုတွေဟာ တော်တော်များများ မမာကြဘူး။ ဒါ့အပြင် နဂိုရောဂါအခံ မျက်စိမမြင်တာ၊သွေးတိုးဆီးချိုရှိတာ၊လေဖြတ်တာ စတဲ့ ရောဂါသည်တွေလည်း အများကြီးရှိနေတယ်လို့ စစ်ရှောင်ပြည်သူတွေက ပြောတယ်။

အဆိုးဆုံးကတော့ ဒေါ်နွဲ့တို့တတွေ ထမင်းနပ်မှန်အောင် မစားရတာပါ။

“ထမင်းနပ်မှန်ဖို့မပြောနဲ့ တရက်ကျော် နှစ်ရက်ကျော်လောက်ထိမစားရတာတွေရှိတယ်။”လို့စစ်ရှောင်ကူညီနေသူတဦးက ပြောပါတယ်။

ဆေးဝါးကုသဖို့ခက်ခဲတာရယ်၊ မြို့တွေမှာတက်ပြီးမကုနိုင်လို့ တောထဲမှာတင် အဆုံးခံရတာရယ် ဒီလထဲတင် လေး၊ငါးယောက်လောက်ရှိတယ်လို့ စစ်ရှောင်ကူညီသူက ပြောတယ်။ အဆိုးဆုံးကတော့ ထမင်းနပ်မမှန်လို့ပါလို့ သူက ပြောပြတယ်။

“တချို့ကျတော့ အာဟာရ ပြည့်ဝအောင် မစားနိုင်တဲ့အခါကျတော့ ခန္ဓာကိုယ်ဆုတ်ယုတ်ပြီးတော့ ဆုံးရှုံးတာပေါ့ဗျာ။”လို့ စစ်ရှောင်ကူညီနေသူက စိတ်မကောင်းစွာ ပြောပြတယ်။

စစ်ရှောင်သူတွေဟာအလုပ်အကိုင်ကောင်းကောင်းလုပ်မရ၊ တောထဲတောင်ထဲမို့ ကူညီတာတွေမရောက်နဲ့ ဒေါ်နွဲ့တို့တွေ တပိန်ပိန်တလိန်လိန်။

“တနေ့မှ တ​ကြိမ်တောင် နပ်မမှန်ဘူး”လို့ စစ်ရှောင်လာတဲ့ တခြားအမေကြီးတစ်ယောက်က ပြောပါတယ်။

ရွာကိုပြန်ဖို့ကလည်း စစ်တပ်ကပြန်ပြီးတပ်စွဲထားတော့ ပြန်ဖို့ကအဆင်မပြေ။

ရှားရှားပါးပါး လှူတာလေးတွေ ရလာရင် မိသားစုတစ်စုကို တပြည်စနှစ်ပြည်စလေးတွေစီ ပတ်ဝေတဲ့အခါ ဆန်ပြုတ်လေးတွေ ပြုတ်စားကြရတယ်လို့ စစ်ရှောင်ပြည်သူတွေက ပြောပြတယ်။

စစ်ရှောင်တွေရဲ့အခက်အခဲကို မြင်နေကြတဲ့ဘေးဝန်းကျင်ရွာတွေကတို့ကိုယ့်အချင်းချင်းဒီနေ့ပိုက်ဆံရလာတဲ့သူတွေကတို့ ပြန်ကူကြတာတွေလည်း ရှိတယ်။

“နည်းနည်းရှိတဲ့သူက မရှိတဲ့သူကို ဆန်လေးတစ်ဘူးစနှစ်ဘူးစ ပြန်မျှဝေတယ်။”လို့ စစ်ရှောင်ကူညီနေသူက ပြောတယ်။

ဒေါ်နွဲ့တို့အနီးတဝိုက်မှာစစ်ရှောင်​ဦးရေ ၈၀၀ လောက်ရှိတယ်လို့ စစ်ရှောင်ကူညီနေသူတွေက ပြောပါတယ်။ တောထဲတောင်ထဲဆိုတော့ အလှူရှင်တွေကလည်းမသိကြတော့တော်တော်လေး ဒုက္ခရောက်နေတယ်လို့ စစ်ရှောင်ကူညီသူတွေက ပြောပြတယ်။

“လိုအပ်နေတာကတော့ဆန်လေးတွေဆီလေးတွေ စားနပ်ရိက္ခာတော်တော်လေးလိုအပ်နေတယ်”လို့ သူကဆိုပါတယ်။

ငါန်းဇွန်မြို့နယ်ဟာစစ်အာဏာသိမ်းကာလအတွင်းမှာ တော်လှန်ရေးအားကောင်းတဲ့ မြို့နယ်တခုပါ။ ဒါ့ကြောင့်ပဲ စစ်ကောင်စီဟာ စစ်အုပ်ချုပ်ရေး​ကြေညာခဲ့ရာမှာ ငါန်းဇွန်မြို့နယ်ကိုပါ ထည့်သွင်းခဲ့ပါတယ်။

လက်ရှိမှာလည်း ငါန်းဇွန်မြို့နယ်အရှေ့ပိုင်းက ကျေးရွာတွေကို စစ်ကောင်စီတပ်က စစ်ကြောင်းထိုးပြီး မီးရှို့ဖျက်ဆီးတာတွေ၊ ပြည်သူတွေကို ဖမ်းဆီးတာတွေလုပ်နေပါတယ်။ ကျေးရွာ ၅ ရွာက ပြည်သူ သုံးထောင်ကျော်လည်း ထွက်ပြေးနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

အခုဆို မြစ်ရေက ဒုတိယတကျော့ တက်လာပြန်ပြီ။ ဒေါ်နွဲ့တို့ ထမင်းကိစ္စဝေးလို့ တဲထဲဝင်လာမယ့်ရေကိစ္စ ဖြေရှင်းရပါဦးမယ်။

“မနက်ကို တဲရွှေ့မယ်။ ရေကတိုးပါတယ်ဆိုမှ မိုးကတဂျိမ်းဂျိမ်းနဲ့။”လို့ စစ်ရှောင်အမျိုးသမီးတဦးက ဆိုလိုက်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

အာဏာသိမ်းစစ်တပ်နဲ့ စစ်တပ်လက်အောက်ခံ ပအိုဝ်းပြည်သူ့စစ်က ရှမ်းပြည်တောင်ပိုင်း၊ ဖယ်ခုံမြို့နယ်က စစ်ရှောင်ပြည်သူတွေရဲ့ နေအိမ်တွေကို ဖြုတ်ယူရောင်းစားနေတယ်လို့ ဒေသခံသတင်း ရင်းမြစ်တချို့က ပြောပါတယ်။

သတင်း

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် မွေးနေ့ အထိမ်းအမှတ် (၈၁)နာရီကြာ ရေးဆွဲထားတဲ့ ပုံတူပန်းချီ ၂ ကားကို လေလံအစီအစဉ်ပြုလုပ်ပြီး ရရှိလာတဲ့ ငွေကို စစ်ဘေးဒုက္ခသည်တွေအတွက် ထောက်ပံ့ပေးသွားမယ်လို့ ပန်းချီဆရာမ နုယဉ်က အသိပေးထားပါတယ်။

သတင်း

​ဇွန် ၁၉၊ ၂၀၂၆ People’s Spring ​နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ (၈၁) နှစ်ပြည့် မွေးနေ့အထိမ်းအမှတ်အဖြစ် စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်အတွင်းရှိ စစ်ဘေးရှောင် ပြည်သူတွေအတွက် လိုအပ်နေတဲ့ ဓာတ်ဆီတွေကို စုပေါင်းလှူဒါန်းခဲ့ကြကြောင်း သိရပါတယ်။ ​အဆိုပါ လှူဒါန်းမှုမှာ ပါဝင်ကူညီပေးခဲ့ကြတဲ့ အလှူရှင်တွေနဲ့ ဝိုင်းဝန်းကူညီပေးခဲ့ကြသူ အားလုံးကိုလည်း...

သတင်း

မန္တလေးဒေသ စစ်ဘေးရှောင်ပြည်သူ​တွေကနှင်းဆီလှုပ်ရှားမှုကို ပြုလုပ်ခဲ့ကြပါတယ်။