ဩဂုတ်−၁၅၊ ၂၀၂၅။ ထားမြတ်/People’s Spring
အာဏာသိမ်း စစ်ကောင်စီတပ်က တပ်စခန်းဟောင်းနေရာဖြစ်သည့် ကချင်ပြည်နယ် မံစီမြို့နယ် မန့်ဝိန်းကြီးဒေသ ကောင်းခန့်တပ်စခန်းကို ဩဂုတ် ၁၄ရက်ညသန်းခေါင်ယံတွင် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့သည်ဟု ကချင်လွတ်လပ်ရေးတပ်မတော်(KIA) သတင်းပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။
“မန့်ဝိန်းကြီး ကောင်းခန့် အရင်က စကစ တပ်စွဲထားတဲ့နေရာဖြစ်ပါတယ်။သူတို့ ရဲ့ စစ်တပ်အဟောင်း သူတို့ လက်လွှတ်ခဲ့တဲ့ စစ်တပ်အဟောင်းထဲမှာ ဂျက်ဖိုက်တာနဲ့ဗုံးကြဲတယ်။ အဲဒီဖြစ်စဉ်ရှိပါတယ်” ဟု ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။
ထို့ပြင် မန့်ဝိန်းကြီးအနီးရှိ ကဒေါ်ရွာကိုလည်း စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်ခဲ့ဟု ပြောသည်။

Public Service Announcement
“ကဒေါ်ဆိုတဲ့ရွာက အဲဒီ မန်ဝိန်းကြီးရဲ့ ကပ်လျက်ရွာပဲဖြစ်ပါတယ်။ပြည်သူလူထု ထိတာကတော့ မရှိလောက်ဘူး။ အခုအချိန်ထိဘာမှ သတင်းတွေထူးတာမတက်ဘူး” ဟု ဗိုလ်မှူးကြီးနော်ဘူက ယနေ့ ဩဂုတ် ၁၅ရက် နေ့လည်ပိုင်း၌ ပြောသည်။
KIA ပူးပေါင်းတပ်သည် ၂၀၂၄ နှစ်ဆန်းပိုင်းတွင် ကော့ခန့် တပ်စခန်းအပါအဝင် မံစီမြို့နယ်ရှိ စစ်ကောင်စီတပ်စခန်းများကို တိုက်ခိုက်သိမ်းပိုက်ခဲ့ရာ လက်နက်ခဲယမ်းနှင့် စစ်သုံ့ပန်းများစွာ ရရှိခဲ့ပြီး လက်ရှိတွင် မံစီအပါအဝင် မြို့နယ် တခုလုံးကို ထိန်းချုပ်ထားသည်။
အဆိုပါဒေသကို စစ်ကောင်စီက မြေပြင် တိုက်ပွဲမရှိဘဲ လေကြောင်း စစ်ဆင်ရေးပြုလုပ်လာခြင်းဖြစ်သည်။
စစ်ကောင်စီသည် KIAက မြို့သိမ်းစစ်ဆင်ရေး ဖော်ဆောင်နေသည့် ဗန်းမော်မြို့ကိုလည်း ယနေ့ ဩဂုတ် ၁၅ရက် မနက်အစောတွင် လေကြောင်းဗုံးကြဲခဲ့သည်။ ဩဂုတ်လဆန်းမှစ၍ ဗန်းမော်မြို့သို့ စစ်ကောင်စီက စစ်သင်္ဘောများဖြင့် စစ်အင်အားခဲယမ်းများ ဖြည့်တင်းနိုင်ခဲ့ပြီးနောက် ဗန်းမော်ရှိ KIA သိမ်းထားပြီးဖြစ်သည့် နေရာအချို့ကို တန်ပြန်ထိုးစစ်ဆင်လျက်ရှိရာ အမတ(၃၆၆)တပ်ရင်း အပါအဝင် နေရာအချို့ကို KIA ဘက်က လက်လွှတ်ထားရသည်။
လေကြောင်း ဒရုန်း စစ်ဆင်ရေးများလည်း နေ့စဉ်ဆောင်ရွက်နေပြီး မြေပြင်မှလည်း ထိုးစစ်ဆင်နေကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောသည်။
မံစီနှင့် ဗန်းမော်မြို့ ကို ယနေ့လေကြောင်း ဗုံးကြဲတိုက်ခိုက်ခဲ့သည့် စစ်ကောင်စီသည် ယနေ့ နေ့လည်ပိုင်းတွင် ဖားကန့်မြို့နယ် သို့ လေကြောင်းထပ်မံ တိုက်ခိုက်ခဲ့သည်။
ဖားကန့်မြို့နယ် ရှရော်ခ၊ မှော်မောင်းလယာန်နှင့်မှော်မောင်းကုန်းရွာဘက်သို့ လေကြောင်း တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ဒေသခံက ဆိုသည်။
ယင်းနေရာများ၌ KIA ပူးပေါင်းတပ်နှင့် စစ်ကောင်စီအကြား တိုက်ပွဲများ ဖြစ်ပွားလျက်ရှိသည်။


















































