ရဲတပ်ဖွဲ့ အတွင်းပိုင်းမှာတင် ဝေဖန်မှုတွေ ရှိလာတဲ့နောက် အမေရိကန်နိုင်ငံ၊ လော့စ်အန်ဂျလိစ်မြို့ ရဲတပ်ဖွဲ့ (LAPD)ဟာ ဒုတိယ သမ္မတဟောင်း ကာမာလာ ဟားရစ်အတွက် လုံခြုံရေး ယူပေးထားတဲ့ အစီအစဉ်ကို ရုပ်သိမ်းလိုက်ပါတယ်။
ဟားရစ်အတွက် သီးခြား လုံခြုံရေး အစီအမံတွေ တာဝန်ယူပေးနေရတာကြောင့် ရဲတပ်ဖွဲ့ဟာ မှုခင်းနှိမ်နင်းရေး ကဏ္ဍမှာ တာဝန်တွေ လစ်ဟင်းကုန်ကြောင်း အတွင်းစည်းထဲမှာတင် ဝေဖန်မှုတွေ ရှိလာခဲ့တာပါ။ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ဟာ သူနဲ့ မနှစ်က ရွေးကောက်ပွဲမှာ ပြိုင်ဘက်ဖြစ်ခဲ့ဖူးတဲ့ ဟားရစ်အတွက် ဖက်ဒရယ် အစိုးရ လျှို့ဝှက်အေးဂျင့်တွေက ပေးအပ်ထားတဲ့ လုံခြုံရေး အစီအမံတွေကို ရုပ်သိမ်းစေခဲ့တဲ့နောက် LAPDက အဲဒီ လစ်ဟာမှုကို ဖြည့်ဖို့ ကတိုက်ကရိုက် လုပ်ဆောင်ခဲ့ရပါတယ်။
အမေရိကန် သမ္မတဟောင်း ဂျိုးဘိုင်ဒန်က သူ့ရဲ့ လက်ထောက်ဖြစ်ခဲ့တဲ့ ဟားရစ်ကို ဒုတိယ သမ္မတဟောင်း တစ်ဦးအတွက် လျှို့ဝှက်အေးဂျင့်တွေက လုံခြုံရေး စောင့်ရှောက်ပေးဖို့ တာဝန်ရှိတဲ့ ၆ လတာ ကာလထက် ပိုပြီး တာဝန်ယူပေးဖို့ အထူးအမိန့်တစ်ခု ချမှတ်ပေးခဲ့ပေမယ့် ထရမ့် လက်ထက်မှာတော့ အဲဒီ ညွှန်ကြားချက်ကို ရုပ်သိမ်းခဲ့ပါတယ်။
ကယ်လီဖိုးနီးယား ပြည်နယ်မှာရှိတဲ့ LAPDနဲ့ ပြည်နယ် အဝေးပြေး ကင်းလှည့်ယူနစ်တွေဟာ ဒုတိယ သမ္မတဟောင်းရဲ့ လုံခြုံရေးကို လက်လွှဲ တာဝန်ယူခဲ့ရပြီး စက်တင်ဘာ ၆ ရက် မနက်ပိုင်းထိ ဘရန့်ဝုဒ် ရပ်ကွက်က ဟားရစ်ရဲ့ နေအိမ်ရှေ့မှာ ရဲကားတွေ ကင်းစောင့်ပေးနေတာကို တွေ့ခဲ့ရပါတယ်။ အဲဒီလို လုံခြုံရေး ဖြည့်တင်းပေးဖို့ လော့စ်အန်ဂျလိစ် မြို့တော်ဝန် ကာရန်ဘက်စ်က LAPDကို ညွှန်ကြားခဲ့တာ ဖြစ်ပါတယ်။

Public Service Announcement
ရဲတပ်ဖွဲ့ အတွင်းပိုင်း သတင်းရင်းမြစ်တွေကတော့ အဲဒီ ကင်းလှည့် ယူနစ်တွေဟာ LAPDရဲ့ မှုခင်းနှိမ်နင်းရေး တာဝန်တွေကနေ ထုတ်နုတ်ယူပြီး တာဝန်ချ ခံခဲ့ရတာလို့ ပြောပါတယ်။ အဲဒီဆုံးဖြတ်ချက်ကြောင့် မြို့ရဲ့ မှုခင်းနှိမ်နင်းရေး ကဏ္ဍမှာ ထိခိုက်လစ်ဟင်းမှုတွေ ဖြစ်လာစေကြောင်း ရဲတွေကိုယ်တိုင်က ဝေဖန်လာတဲ့နောက် LAPDဟာ ဟားရစ်အတွက် လုံခြုံရေး တာဝန်ယူပေးနေမှုကို စက်တင်ဘာ ၆ ရက်မှာ ရပ်ဆိုင်းခဲ့တာ ဖြစ်ပါတယ်။
တချို့ မြို့ခံတွေကလည်း ဒေါ်လာတွေ သန်းနဲ့ချီ ချမ်းသာကြသူတွေကို လုံခြုံရေး ကာကွယ် စောင့်ကြပ်ပေးဖို့ LAPD ရဲတပ်ဖွဲ့ဝင်တွေကို ထုတ်နုတ် အသုံးပြုတယ်ဆိုတာ အဓိပ္ပါယ် မရှိဘူးလို့ ပြစ်တင်ပြောဆိုခဲ့ကြပါတယ်။ စက်တင်ဘာ ၇ ရက်နေ့တုန်းကတော့ ဟားရစ်ရဲ့ အိမ်ရှေ့မှာ ရဲတပ်ဖွဲ့ဝင်တွေ မဟုတ်တဲ့ လုံခြုံရေး ဝန်ထမ်းတချို့ ရှိနေခဲ့တာကို တွေ့ရပါတယ်။
လော့စ်အန်ဂျလိစ် မြို့တော်ဝန် ဘေ့စ်ကတော့ ဟားရစ်အတွက် ဖက်ဒရယ် အစိုးရရဲ့ လုံခြုံရေး အစီအမံတွေကို ရုပ်သိမ်းစေခဲ့တဲ့ ထရမ့်ကို တိုက်ရိုက် ဝေဖန်ခဲ့ပြီး ပြိုင်ဘက်ဟောင်းတွေကို နိုင်ငံရေးအရ လက်စားချေတဲ့ ထရမ့်ရဲ့ နောက်ထပ် စိတ်ပျက်စရာ လုပ်ရပ်တစ်ခုလို့ စပ်စွဲခဲ့ပါတယ်။
အစဉ်အလာအရ အမေရိကန် ဒုတိယ သမ္မတတွေဟာ ရာထူးပြီးဆုံးရင် နောက်ထပ် ၆ လထိ လုံခြုံရေး အထောက်အပံ့ ရလေ့ရှိပေမယ့် ဘိုင်ဒန်ကတော့ သူ့ရဲ့ အာဏာသက်တမ်းအတွင်းမှာ အမိန့်တစ်ခု လက်မှတ်ရေးထိုးပြီး ဟားရစ် ရရှိမယ့် လုံခြုံရေး အစီအမံကာလကို ၂၀၂၆ ခုနှစ်၊ ဇူလိုင်လထိ တိုးမြှင့်ပေးခဲ့တာ ဖြစ်ပါတယ်။
ကိုးကား: LA Times


















































