Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ထရမ့်ရဲ့ မဟာမိတ် နိုင်ငံရေးသမားကို လုပ်ကြံခဲ့တဲ့ သံသယရှိသူရဲ့ ဓာတ်ပုံနဲ့ ဗီဒီယိုတွေ ထုတ်ပြန်

အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ရဲ့ မဟာမိတ် နိုင်ငံရေး တက်ကြွ လှုပ်ရှားသူ တစ်ဦးကို လုပ်ကြံခဲ့တဲ့ သေနတ်သမားလို့ ယူဆရသူရဲ့ ဓာတ်ပုံနဲ့ ဗီဒီယိုတွေကို ရဲတပ်ဖွဲ့က ထုတ်ပြန်ခဲ့ပါတယ်။

ဓာတ်ပုံ - Utah Public Safety/X

အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ရဲ့ မဟာမိတ် နိုင်ငံရေး တက်ကြွ လှုပ်ရှားသူ တစ်ဦးကို လုပ်ကြံခဲ့တဲ့ သေနတ်သမားလို့ ယူဆရသူရဲ့ ဓာတ်ပုံနဲ့ ဗီဒီယိုတွေကို ရဲတပ်ဖွဲ့က ထုတ်ပြန်ခဲ့ပါတယ်။

ရွေးကောက်ပွဲကြို မဲဆွယ်မှုတွေမှာ ထရမ့်ကို အားပေးထောက်ခံဖို့ လူငယ်တွေကို အဓိက စည်းရုံးရေး ဆင်းပေးခဲ့တဲ့ ကွန်ဆာဗေးတစ် နိုင်ငံရေးသမား ချာလီကာ့ခ်ဟာ စက်တင်ဘာ ၁၀ ရက်နေ့က ယူတားဗယ်လီ တက္ကသိုလ် ဝင်းထဲမှာ ဟောပြောပွဲ လုပ်နေတုန်း အဝေးကနေ ချောင်းမြောင်းပစ်ခတ်သူ တစ်ဦးရဲ့ လက်ချက်ကြောင့် သေဆုံးခဲ့ပါတယ်။

သေနတ်သမားဟာ ကာ့ခ်ရဲ့ အရှေ့မှာရှိတဲ့ အဆောက်အအုံ အမြင့်တစ်ခုပေါ်မှာ နေရာယူပြီး ရိုင်ဖယ် သေနတ်နဲ့ ပစ်ခတ်ခဲ့တာပါ။ ကာ့ခ်ဟာ ရင်ညွန့်နဲ့ လည်မျိုနားမှာ ကျည်တစ်ချက်တည်း မှန်ပြီး ပွဲချင်းပြီး သေဆုံးခဲ့ပါတယ်။

စက်တင်ဘာ ၁၁ ရက်နေ့မှာတော့ ယူတားရဲတပ်ဖွဲ့က သေနတ်သမားလို့ ယူဆရတဲ့ အမျိုးသားရဲ့ ဓာတ်ပုံတချို့ကို ပြသခဲ့သလို လုပ်ကြံသူ နေရာယူခဲ့တဲ့ အဆောက်အအုံ အမိုးပေါ်ကနေ လူတစ်ဦး တွယ်ဆင်းပြီး ထွက်ပြေး လွတ်မြောက်သွားတဲ့ လုံခြုံရေး ကင်မရာ မှတ်တမ်း ဗီဒီယိုကိုလည်း ထုတ်ပြန်ခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

ဓာတ်ပုံတွေထဲမှာတော့ အဲဒီ အမျိုးသားဟာ အနက်ရောင် တီရှပ်လက်ရှည်၊ ဂျင်းဘောင်းဘီ၊ နေကာမျက်မှန်ကို ဝတ်ထားပြီး အနက်ရောင် ကျောပိုးအိတ် တစ်လုံးကိုလည်း လွယ်ထားပါတယ်။ အမေရိကန် ဖက်ဒရယ် ထောက်လှမ်းရေး ဗျူရို (FBI)ကတော့ အဲဒီ သေနတ်သမားအကြောင်း သတင်းပေးနိုင်သူကို ဒေါ်လာ ၁ သိန်း ချီးမြှင့်မယ်လို့ ဆုငွေထုတ်ထားပါတယ်။

FBIရဲ့ ထုတ်ပြန်ချက်မှာတော့ လူသတ်သမားဟာ ကောလိပ်ကျောင်းသား အရွယ်လောက် ဖြစ်နိုင်ပြီး သူအသုံးပြုခဲ့တဲ့ ရိုင်ဖယ် သေနတ်ကို အနီးက တောအုပ်တစ်ခုထဲမှာ ရှာတွေ့ခဲ့တယ်လို့ ပါရှိခဲ့ပါတယ်။

ကာ့ခ်ကို သတ်ဖြတ်ခဲ့တဲ့ လုပ်ရပ်ဟာ လက်ဝဲစွန်း ဝါဒီတွေ ကြိုးကိုင်တဲ့ နိုင်ငံရေး လုပ်ကြံမှု တစ်ခုအဖြစ် ထရမ့်က စွပ်စွဲထားပါတယ်။ သူက ကာ့ခ်ကို နိုင်ငံရဲ့ အရပ်သားတွေအတွက် ချီးမြှင့်တဲ့ ဂုဏ်ပြုဆုဖြစ်တဲ့ လွတ်လပ်ရေး ဆုတံဆိပ် အပ်နှင်းသွားမယ်လို့လည်း ပြောပါတယ်။

အမေရိကန် ဒုတိယ သမ္မတ ဂျိမ်းစ်ဒေးဗစ် ဗန့်စ်ဟာ 9/11 အကြမ်းဖက် တိုက်ခိုက်မှု နှစ်ပတ်လည် အောက်မေ့မှု အခမ်းအနားကို နယူးယောက်မှာ တက်ရောက်ဖို့ စီစဉ်ထားပေမယ့် ရုတ်တရက် ဖျက်သိမ်းပြီး ယူတားမှာ ကာ့ခ်ရဲ့ ကျန်ရစ်သူ မိသားစုကို သွားရောက် တွေ့ဆုံခဲ့ပါတယ်။ ပြီးတော့ ကာ့ခ်ရဲ့ ရုပ်အလောင်း ထည့်ထားတဲ့ ခေါင်းတလားကို အရီဇိုးနား ပြည်နယ်မှာရှိတဲ့ နေအိမ်ဆီ ပြန်သယ်ဖို့ကိုလည်း ဒုတိယ သမ္မတကိုယ်တိုင် ကြီးမှူးစီစဉ်ပေးမယ်လို့ သိရပါတယ်။

ကိုးကား: ABC

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အီရန်ရဲ့ တောင်းဆိုမှုတွေကို အမေရိကန်က မလိုက်လျောဘဲနဲ့တော့ ဟောမုဇ် ရေလက်ကြားကို ပြန်ဖွင့်ပေးမှာ မဟုတ်ဘူးလို့ အီရန်က သတိပေး ပြောကြားလိုက်ပါတယ်။

နိုင်ငံတကာ

ဂါဇာကမ်းမြှောင်ဒေသ ငြိမ်းချမ်းရေးနဲ့ ပြန်လည် ထူထောင်ရေး ရည်ရွယ်ချက်တွေအတွက် အမေရိကန် သမ္မတ ဒေါ်နယ်လ် ထရမ့်ဆီက အဆိုပြုချက် ၁၅ ခုကို အစ္စရေးက ပယ်ချခဲ့ပါတယ်။

သတင်း

မြန်မာနဲ့ တောင်ဆူဒန် နိုင်ငံသားတွေအတွက် ယာယီ အကာအကွယ်ပေးမှု သတ်မှတ်ချက် (TPS)ကို အမေရိကန် အစိုးရ ရုပ်သိမ်းနိုင်ဖို့ အမေရိကန် တရားရုံး နှစ်ခုက လမ်းဖွင့်ပေးလိုက်ပါတယ်။

သတင်း

ဗြိတိန်၊ အမေရိကန်၊ ဂျာမနီ၊ ပြင်သစ်၊ သြစ​​တြေးလျ၊ ဂျပန်၊ တောင်ကိုရီးယားနဲ့ ထိုင်ဝမ်တို့မှာ ရောက် ရှိနေတဲ့ မြန်မာတွေက (၃၈) နှစ်မြောက် ရှစ်လေးလုံး အရေးတော်ပုံနေ့ အထိမ်းအမှတ် ထီးသပိတ်လှုပ်ရှားမှုတွေ ဒီကနေ့ (သြဂုတ် ၈) မှာ ပြုလုပ်ခဲ့ပါတယ်။