စက်တင်ဘာ -၁၈ ၊ ၂၀၂၅။ရဲခေါင်/People’s Spring
ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်ရှိ တနန်းဥကွိုင်ကက်သလစ်ဘုရားကျောင်းကို စစ်ကောင်စီက လေကြောင်းမှ ဗုံးကြဲဖျက်ဆီးခဲ့ကြောင်း ဒေသခံသတင်းရင်းမြစ်များက ပြောသည်။
စက်တင်ဘာ ၁၇ ရက် နံနက် ၁၀နာရီဝန်းကျင်က ဂျက်ဖိုက်တာဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့်ကက်သလစ်ဘုရားကျောင်း၏ အတွင်းအပြင် ပျက်စီးမှုများစွာရှိခဲ့သည်ဟု ဆိုသည်။
“အကြောင်းမဲ့တိုက်ခိုက်တာ။ဘယ်တပ်ဖွဲ့မှ မရှိဘူးလေ။မဆီမဆိုင်တဲ့ ဘာသာရေးကျောင်းတွေ ဗုံးကြဲခံရတာကျွန်တော်တို့အတွက်တော့ လုံးဝအဆင်မပြေဘူး။သူတို့ဘက်ကတော့ ရည်ရွယ်ချက်ရှိရှိလုပ်တာလို့ပဲ ပြောရမယ်”ဟု ကယန်းအမျိုးသားတပ်မတော်(KNA)၏ ပြောရေးဆိုခွင့်ရှိသူ ခွန်းဆောင်ဒူက ပြောသည်။

Public Service Announcement
ကယန်းလူမျိုးအများစုနေထိုင်သော တနန်းဥကွိုင်တိုက်နယ်သည် ဒီမောဆိုမြို့နယ်၊ ဒေါငံခါးအုပ်စုတွင်ရှိပြီး ကျေးရွာအဖြစ်စတင်တည်ထောင်စဥ်နှင့်ထည့်တွက်ပါက နှစ်ပေါင်း ၅၀ကျော်ရှိပြီဟု ၎င်းက အသိပေးသည်။
စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုတွင် ဘုရားကျောင်းပျက်စီးခဲ့ပြီး လူထိခိုက်မှုမရှိခဲ့ကြောင်း ၎င်းက ဆိုသည်။
“စကစက စစ်ကြောင်းထိုးတိုင်း၊ တိုက်ပွဲဖြစ်တိုင်း ဒေသခံတွေ အထွဋ်အမြတ်ထားတဲ့ ဘာသာရေး အဆောက်အဦးတို့ကို ဖျက်စီးတာတွေ လုပ်လေ့ရှိပါတယ်”ဟု ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF) တာဝန်ရှိသူက ပြောသည်။
ကရင်နီပြည်နယ်တွင်၌ ဒေါငံခါးရွာရှိ မယ်တော်သခင်မဘုရားကျောင်း၊ မိုးဗြဲရှိ ဘုရားကျောင်းနှင့် ဒေါညင်းခူရှိ ဘုရားကျောင်းတို့ကိုလည်း အာဏာသိမ်းစစ်တပ်က ဗုံးကြဲဖျက်ဆီးခဲ့ကြောင်း ဒေသတွင်းအရပ်ဖက်အဖွဲ့အစည်းအချို့က ထုတ်ပြန်ထားသည်။
ထို့အပြင် ယခုနှစ်သြဂုတ်လကုန်အထိ ကရင်နီပြည်နယ်နှင့် ကယန်းဒေသအတွင်း ဘာသာရေးအဆောက်အအုံ ၆၀ နီးပါးကို စစ်ကောင်စီက ဖျက်ဆီးခဲ့သည်ဟု တိုးတက်သောကရင်နီပြည်သု့အင်အားစုက အသိပေးထားသည်။
ကရင်နီပြည်နယ်အတွင်း ရွေးကောက်ပွဲလုပ်နိုင်ရေးအတွက် ဒီးမော့ဆိုမြို့အတွင်း စစ်ကြောင်းထိုးခြင်းအပြင် ဒီးမော့ဆို -ဖရူ ဆိုလမ်းမကြီးမှတဆင့် ဘောလခဲမြို့နယ်ကို စစ်ကြောင်းထိုးနိုင်ရန် စစ်ကောင်စီက ကြိုးပမ်းနေသည်။






















































