စက်တင်ဘာ−၂၁၊ ၂၀၂၅။ ထားမြတ်/People’s Spring
မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ် ကျောက်ဖြာကျေးရွာကို အာဏာသိမ်းစစ်ကောင်စီက ယနေ့ စက်တင်ဘာ ၂၁ရက်တွင် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ပြည်သူ ၄ဦး သေဆုံးကာ ၁၀ဦးဒဏ်ရာရခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) က သတင်းထုတ်ပြန်သည်။
ယနေ့ နေ့လည် ၂နာရီဝန်းကျင်တွင် ကျောက်ဖြာရွာကို စစ်ကောင်စီက Y12လေယာဉ်ဖြင့် ဗုံးကြဲခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။
ထို့ပြင် စစ်ကောင်စီက ယနေ့ စက်တင်ဘာ ၂၁ရက် နေ့လည် ၁နာရီတွင် စဉ့်ကူးမြို့နယ် ၊ နဂါးမောက်တောင်ပေါ်သို့လည်း လေကြောင်းတိုက်ခိုက်မှု(၂)ကြိမ် ပြုလုပ်ခဲ့ရာ အပြစ်မဲ့ပြည်သူ(၂)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ဟု အသိပေးသည်။

Public Service Announcement
စစ်ကောင်စီသည် သပိတ်ကျင်း၊ စဉ့်ကူးမြို့နယ်များသို့ လေကြောင်း ဗုံးကြဲတိုက်ခိုက်မှုများ ဆက်တိုက်ပြုလုပ်ခဲ့ရာ ယခုနှစ်အတွင်း ပြည်သူများစွာ သေဆုံးထိခိုက်ခဲ့ရသည်။
ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) ၏ တပ်မှူးတဦးဖြစ်သူ ဒေါက်တာ စိုးသူရဇော်က ပြီးခဲ့သည့် ရက်ပိုင်းတွင် စစ်ကောင်စီ၏ လေကြောင်း တိုက်ခိုက်မှု နှင့်ပတ်သက်ပြီး ၎င်းကိုယ်တိုင် ကြုံခဲ့ရသည့် ဖြစ်စဉ်တခုကို လူမှုကွန်ရက်တွင် ရေးသားခဲ့ရာ စစ်ကောင်စီ၏ လေကြောင်း တိုက်ခိုက်မှုကြောင့် ပြည်သူ သေဆုံးထိခိုက်မှု မြင်ကွင်းများ နေ့စဉ်နှင့်အမျှ ရင်ဆိုင်ကြုံနေရဟု ပြောသည်။
” နေ့စဉ်နှင့်အမျှ ရန်သူဟာ ပြည်သူတွေကို ရက်ရက်စက်စက် သတ်ဖြတ်နေတာဖြစ်ပါတယ်။ ဒီလို သတ်ဖြတ်ခံနေရတာဟာ အခုလို မျက်မှောက်ခေတ်မှာ မှ မဟုတ်ပါဘူး။ မြန်မာနိုင်ငံရဲ့ ရှည်လျားလှတဲ့ တော်လှန်ရေး ခေတ်တလျှောက်လုံးမှာ ပေါ်ပေါ်ထင်ထင်ရော တိတ်တဆိတ်ပါ သတ်ဖြတ်ခံနေရတဲ့ ကျနော်တို့ တိုင်းရင်းသား ပြည်သူတွေ မနည်းတော့ပါဘူး။” ဟု ဒေါက်တာ စိုးသူရဇော်က ရေးသားထားသည်။
နေ့စဉ်နှင့်အမျှ တိုင်းပြည်တွင် လူသတ်နေသည့် ကွင်းဆက်ကို ဖြတ်တောက်ပစ်ရန် မှာ လူသတ်နေသည့် စစ်အုပ်စုဘက်၌ ရပ်တည်မည့်လူများ မရှိရန် လိုအပ်ကြောင်း၎င်းက ပြောသည်။
တခြားသတင်းတရပ်အဖြစ် ယနေ့ စက်တင်ဘာ ၂၁ရက်ကလည်း တနင်္သာရီတိုင်း တနင်္သာရီမြို့နယ် မောတောင် နယ်စပ်လမ်း၌ တိုက်ပွဲပြင်းထန်နေသည့် သိန်ခွန်းကျေးရွာ အနီးဝန်းကျင်ကို လေကြောင်း ဗုံးကြဲတိုက်ခိုက်မှု ထပ်မံလုပ်ဆောင်ခဲ့သည်ဟု ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) သတင်းရင်းမြစ်က ပြောသည်။
“ ခု သိန်ခွန်းဘက် တိုက်ပွဲပြင်းထန်။ မနေ့နဲ့ ဒီနေ့ Y12နဲ့ ဗုံးကြဲတာ။ မနေ့က ၆၃လုံးကြဲတာ။ ဒီနေ့တော့ မသိရသေးဘူး။ အခု ကြဲနေတာ Y12နဲ့” ဟု KNLA သတင်းရင်းမြစ်က ယနေ့ စက်တင်ဘာ ၂၁ရက်နေ့လည်ပိုင်း၌ ပြောသည်။
စစ်ကောင်စီတပ်သည် မြန်မာ-ထိုင်းနယ်စပ် မောတောင်လမ်းပိုင်းထိန်းချုပ်နိုင်ရေး ၂၀၂၄ ဒီဇင်ဘာကတည်းက လေကြောင်း ပစ်ကူသုံး ထိုးစစ်ဆင်နေသော်လည်း KNLA တပ်မဟာ(၄) ပူးပေါင်းတပ်၏ ခုခံမှုကို မထိုးဖောက်နိုင်ဘဲ သိန်ခွန်းရွာအနီးဝန်းကျင်၌ တိုက်ပွဲ များ ဖြစ်ပွားလျက်ရှိသည်။

















































