■အသက်၁၆နှစ်အရွယ် မိန်းကလေးကိုအဓမ္မပြုကျင့်ပြီးမှသတ်ဖြတ်ခဲ့ကြောင်းဖခင်ကိုမေမြန်း၍ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်ထုတ်ပြန်
အောက်တိုဘာ-၆၊၂၀၂၅။လူအေး/People’s Spring
ကျောက်မဲမြို့နယ်၊နားအိုက်ခန့်ရွာအနီးမှာစစ်တပ်ကစစ်ရှောင် မိသားစုကသားအမိ ၃ ဦးနဲ့ သံဃာတော်တစ်ပါးကိုသတ်ဖြတ်ခဲ့ပြီး သူတို့ထဲမှအသက်၁၆ နှစ်အရွယ် မိန်းကလေးငယ်ကို အဓမ္မပြုကျင့်ပြီးမှသတ်ဖြတ်ခဲ့တယ်လို့ ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင် -Shan Human Rights Foundation (SHRF)က သတင်းထုတ်ပြန်ပါတယ်။
ကျောက်မဲမြို့နှင့် ၆ မိုင်ကျော်ကွာဝေးသော နားအိုက်ခန့် ရွာမှ စခန်းသာရွာဘက်သို့ ကင်းလှည့်လာသော အင်အား ၁၀၀ခန့်ရှိတဲ့ စစ်တပ်စစ်ကြောင်းက စက်တင်ဘာ ၂၄ ရက်နံနက် ၁၀ နာရီခန့်မှာ ဒေသခံအမျိုးသား ၁ဦးကိုလမ်းမှတွေ့၍ရိုက်နှက်စစ်ဆေးတဲ့အခါ အမျိုးသားကထွက်ပြေးဖို့ကြိုးစားပါတယ်။ အဲဒီအမျိုးသားကို စစ်သား ၂ ယောက်ကလိုက်ဖမ်းရင်း သံဃာတော် ၁ ပါးကိုတွေ့ရာ သံဃာတော်ကတောင်ယာဘက်သို့ထွက်ပြေးရာ စစ်သားကသေနတ်နဲ့ပစ်လို့သေဆုံးခဲ့ပါတယ်။စစ်သားတွေက ဘုန်းကြီးကိုပစ်ခတ်သတ်ဖြတ်တာကို ရွာခေါင်းဆောင်တဦးကမြင်တွေသွားတာကြောင့် ရွာခေါင်းဆောင်ကို အနီးတဝိုက်မှာ ပုန်းအောင်းနေတဲ့ပြည်သူတွေရှိလားမေးရာ တောင်ယာတဲတွေမှာစစ်ရှောင်နေတဲ့ပြည်သူ ၇ ဦးခန့်ရှိတယ်လို့ပြေခဲ့ကြောင်းဖော်ပြထားပါတယ် ။

Public Service Announcement
ပုန်းနေတဲ့ပြည်သူတွေကိုပြပေးဖို့ရွာခေါင်းဆောင်ကိုလမ်းပြခိုင်းရင်း စစ်သားတွေက သေသွားတဲ့ ဘုန်းကြီးဆီကဆိုင်ကယ်ပါယူပြီး ဆိုင်ကယ်တွေနဲ့နားအိုက်ခန့်ရွာကတဲတိုက်တွေဆီကိုလိုက်လာပါတယ်။တဲတစ်လုံးရောက်တဲ့အခါပုန်းအောင်းနေတဲ့ စစ်ရှောင် မိသားစု ၅ ဦးတွေ့ချိန်မှာ ရွာခေါင်းဆောင်နဲ့ စစ်ရှောင် ၂ ဦးကထွက်ပြေးကြပေမယ့် မိသားစုဝင် ၃ ဦးကထွက်မပြေးနိုင်ခဲ့ဘူးလို့ SHRF ကဖော်ပြပါတယ်။
ထွက်မပြေးနိုင်တဲ့မိသားစုဟာ အသက်၃၀ခန့်အရွယ်အမျိုးသမီးဖြစ်တဲ့ပါလျန်း ၊ အသက် ၁၆ နှစ်အရွယ် သမီးဖြစ်တဲ့ နန်းသိန်းဆာ နဲ့ သားဖြစ်သူ အသက် ၁၂ နှစ်အရွယ် စိုင်းသန်းမောင် တို့ဖြစ်တယ်လို့ ထုတ်ပြန်ထားပါတယ်။ သူတို့ ၃ဦးစလုံးကိုစစ်သားတွေက သတ်ဖြတ်ခဲ့တာပါ။အသက်၁၆ နှစ်အရွယ်သာရှိသေးတဲ့ နန်းသိန်းဆာဟာတဲထဲမှာကိုယ်လုံးတီး အနေအထားနဲ့ နဖူး၊ခန္ဓာ ကိုယ်မှာ ဒဏ်ရာတွေရထားပြီး သေဆုံးနေတာကိုတွေ့ခဲ့ရတယ်လို့ဖော်ပြထားပါတယ်။သူ့ရဲ့ရုပ်အလောင်းနားမှာ စစ်သားတွေရဲ့ယူနီဖောင်းနဲ့အသုံးအဆောင်တချို့တွေ့ရကြောင်း အလောင်းတွေကို ကိုယ်တိုင် သဂြိုလ်ပေးခဲ့တဲ့ ၎င်းရဲ့ဖခင် မျကိုကိုးကားပြီး SHRFက ထုတ်ပြန်ထားတာဖြစ်ပါတယ်။
မိခင်ဖြစ်သူ ပါလျန်းဟာ သမီးဖြစ်သူကို အန္တရာယ်မပြုဖို့ စစ်သားတွေကို တောင်းပန်ခဲ့တယ်လို့ ယုံကြည်ရပြီး ရင်ဘတ်မှာ သေနတ်ကျည်ဆန်ဒဏ်ရာနဲ့သေဆုံးနေပါတယ်။ အသက် ၁၂ နှစ်အရွယ် သားဖြစ်သူ စိုင်းသန်းမောင် ကလည်း ဗိုက်နဲ့ခေါင်းမှာ သေနတ်ဒဏ်ရာတွေနဲ့သေဆုံးနေတယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
“ကျွန်တော်တဲကိုပြန်ရောက်တော့ ကျနော့်မိန်းမကို ရင်ဘတ်မှာကျည်ရာနဲ့မြေပေါ်လဲနေတာတွေ့တယ်၊သားကလဲ သူ့ဘေးမှာလဲနေပြီး သွေးတွေရွဲနေတာ၊သမီးရဲ့အ၀တ်အစားတွေကိုလဲမြေပေါ်မှာတွေ့တယ်၊သူ့အလောင်းကိုကျ အ၀တ်အစားတွေမပါဘဲတဲထဲမှာတွေ့တယ်၊သူမကအဓမ္မကျင့်ပြီးအသတ်ခံရတာ ဘေးမှာလဲ မြန်မာစစ်တပ်ရဲ့ ၀တ်စုံနဲ့ (သေနတ်ပြောင်းခေါင်း)တွေလည်းတွေ့တယ်”လို့ ပါလျန်းရဲ့ခင်ပွန်း ၊ကလေးတွေရဲ့ ဖခင်ဖြစ်တဲ့အသက် ၄၈ နှစ်အရွယ် လုံးအောကပြောတယ်လို့ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်ကအသေးစိပ်ဖော်ပြပါတယ်။
လုံးအော ဟာ စက်တင်ဘာလ ၁၆ ရက်ကနေ ၂၂ ရက်အထိ လွယ်ခေါ်ရွာမှာရွာလုံခြုံရေးတာဝန်ထမ်းဆောင်ဖို့အိမ်မှထွက်ခွာခဲ့တာဖြစ်ပါတယ်။တာဝန်ပြီးချိန်မှာတိုက်ပွဲတွေဖြစ်၊စစ်တပ်ကဗုံးကြဲနေလို့ ရွာပြန်ရောက်ဖို့နောက်ကျနေတဲ့အတွက်အခင်းဖြစ်ချိန်မှာမိသားစုနဲ့အတူမရှိခဲ့ဘူးလို့သိရပါတယ်။ဒါကြောင့်မိသားစုအသတ်ခံရတာကိုအခြားရွာသားတွေပြောမှသိရတာဖြစ်ပါတယ်။ဒါအပြင်စစ်သားတွေက အကြမ်းဖက်ချိန်မှာ အနီးဝန်းကျင်ကဒေသခံတွေကလည်း စစ်တပ်လေယာဥ်တွေမကြာခဏပျံသန်းနေလို့ ထွက်မကြည့်ရဲပဲ ပုန်းအောင်နေကြတာလို့ဆိုပါတယ်။
ဒါကြောင့် စက်တင်ဘာ ၂၅ ရက်မှအလောင်းတွေကိုတွေ့ပြီး ခင်ပွန်းနဲ့ ကလေးတွေရဲ့ဖခင်ဖြစ်တဲ့ လုံးအောကိုယ်တိုင်သဂြိုဟ်ပေးခဲ့တာလို့ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်ကဖော်ပြပါတယ်။
အသတ်ခံရသူတွေဟာ ရှမ်းတိုင်းရင်းသားတွေဖြစ်တယ်လို့ ဒေသခံအချို့ကပြောပါတယ်။
ရှမ်းတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ဖြစ်တဲ့ SSPPလှုပ်ရှားတဲ့ ရှမ်းရွာတွေက အိမ်တွေမှာ ရှမ်းအလံထောင်ထားရင် ရန်သူလို့မသတ်မှတ်ဘူးလို့ စစ်ကောင်စီကသတင်းလွင့်ပြီးစစ်ကြောင်းတွေဝင်လာပေမယ့် ဒေသခံတွေဟာ အကြမ်းဖက်သတ်ဖြတ်ခံခဲ့ရတယ်လို့ စစ်ဘေးရှောင်တွေကပြောပါတယ်။
“တောသူတောင်သားတွေက ရိုးတယ်လေ။ အလံ ထောင််ထားရင် သူတို့ကိုမသတ်ဘူးပဲထင်ကြတာ။ စစ်တပ်(စစ်ကောင်စီတပ်)က သူတို့လိုချင်တဲ့မြို့တွေပြန်ပြီးထိန်းချုပ်နိုင်ဖို့ ရက်ရက်စက်စက်လုပ်နေမှာပဲ။ ဒါကိုဘယ်လိုနည်းနဲ့ကာကွယ်မလဲဆိုတာ အဖြေထုတ်ဖို့လိုတယ်” လို့ ရှမ်းပြည်နယ်မြောက်ပိုင်းက အရပ်ဖက်အရေးဆောင်ရွက်သူတစ်ဦးကမှတ်ချက်ပြုပါတယ်။
ဒါ့အပြင် စစ်တပ်က ကျောက်မဲမြို့ကို ပြန်ထိန်းချုပ်နိုင်တဲ့အခါ ဒေသခံရှမ်းတိုင်းရင်းသားတွေကသပြေပန်းနဲ့ ကြိုဆိုခဲ့ကြတယ်လို့ စစ်တပ်ဝါဒဖြန့်တယ်လီဂရန်ချန်နယ်တွေက ရုပ်သံဖိုင်တွေနဲ့တကွဝါဒဖြန့်ပါတယ်။
နားအိုက်ခန့်ရွာဟာ ကျောက်မဲမြို့နဲ့ ၆မိုင်ကျော်ပဲကွာမှာရှိပါတယ်။ အိမ်ခြေ ၁၅၀ ခန့်နဲ့လူဦးရေ ၃၅၀ ကျော် နေထိုင်ပြီး ဒေသခံအများစုက စစ်ဘေးတိမ်းရှောင်နေကြရတာပါ။ စစ်တပ်ဟာ ကျောက်မဲမြို့ကိုဦးတည်ပြီးစစ်ကြောင်းထိုးနေစဉ်မှာ အထက်ပါပြစ်မှုကို ကျူးလွန်ခဲ့တာဖြစ်တယ်လို့ ဒေသခံသတင်းရင်းမြစ်တွေကပြောပါတယ်။
စစ်ကောင်စီစစ်ကြောင်းတွေဟာ လေကြောင်းပစ်ကူတွေနဲ့အတူ ကျောက်မဲမြို့ကိုဦးတည်ထိုးစစ်ဆင်ပြီးနောက် အောက်တိုဘာလ၁ရက်နေ့မှာ မြို့ကိုပြန်လည်ထိန်းချုပ်ခဲ့ပါတယ်။စစ်တပ်ကကျောက်မဲမြို့ကို စစ်ကြောင်းတွေထိုးခဲ့တဲ့ သြဂုတ်လကတည်းကဒေသခံပြည်သူ တစ်သောင်းခန့်ဟာထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်ကဖော်ပြပါတယ်။
လက်ရှိမှာ စစ်အုပ်စုကကျောက်မဲမြို့နယ်အတွင်း အုပ်ချုပ်ရေး ယန္တရားလလည်ပတ်ဖို့ကြိုးစားနေပြီး လေကြောင်းတိုက်ခိုက်မှုတွေလည်းဆက်လက်ပြုလုပ်နေပါတယ်။အောက်တိုဘာလ ၅ရက် ညနေက ကျောက်မဲမြို့နယ်လွယ်ခေါ် ရွာကို စစ်တပ်က ဗုံးကြဲလို့ အရပ်သားနှစ်ဦးသေဆုံးခဲ့ပါတယ်။
စစ်တပ်ဟာ ၎င်းတို့စစ်ကြောင်းထိုးတဲ့ဒေသတွေမှာ အရပ်သားတွေကိုပစ်မှတ်ထားသတ်ဖြတ်မှုတွေ၊ အမျိုးသမီးတွေကိုအဓမ္မပြုကျင့်သတ်ဖြတ်မှုတွေလို စစ်ရာဇဝတ်မှုတွေကို ကျူးလွန်နေတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရက ထုတ်ပြန်ထားပါတယ်။ အဲဒီစစ်ရာဇဝတ်မှုတွေကို နိုင်ငံတကာစစ်ခုံရုံးမှာ အရေးယူနိုင်တဲ့အထိ ဆောင်ရွက်သွားမယ်လို့ အမျိုသားညီညွတ်ရေးအစိုးရ(NUG) လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားပါတယ်။





















































