Connect with us

Hi, what are you looking for?

သတင်း

ကျောက်မဲမှာ စစ်တပ်က စစ်ရှောင်သားအမိ ၃ဦးနဲ့သံဃာ ၁ ပါးကိုသတ်ဖြတ်

ကျောက်မဲမြို့နယ်၊နားအိုက်ခန့်ရွာအနီးမှာစစ်တပ်ကစစ်ရှောင် မိသားစုကသားအမိ ၃ ဦးနဲ့ သံဃာတော်တစ်ပါးကိုသတ်ဖြတ်ခဲ့ပြီး သူတို့ထဲမှအသက်၁၆ နှစ်အရွယ် မိန်းကလေးငယ်ကို အဓမ္မပြုကျင့်ပြီးမှသတ်ဖြတ်ခဲ့တယ်လို့ ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင် -Shan Human Rights Foundation (SHRF)က သတင်းထုတ်ပြန်ပါတယ်။

■အသက်၁၆နှစ်အရွယ် မိန်းကလေးကိုအဓမ္မပြုကျင့်ပြီးမှသတ်ဖြတ်ခဲ့​ကြောင်းဖခင်ကို​မေမြန်း၍ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်ထုတ်ပြန်

​အောက်တိုဘာ-၆၊၂၀၂၅။လူအေး/People’s Spring

ကျောက်မဲမြို့နယ်၊နားအိုက်ခန့်ရွာအနီးမှာစစ်တပ်ကစစ်ရှောင် မိသားစုကသားအမိ ၃ ဦးနဲ့ သံဃာတော်တစ်ပါးကိုသတ်ဖြတ်ခဲ့ပြီး သူတို့ထဲမှအသက်၁၆ နှစ်အရွယ် မိန်းကလေးငယ်ကို အဓမ္မပြုကျင့်ပြီးမှသတ်ဖြတ်ခဲ့တယ်လို့ ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင် -Shan Human Rights Foundation (SHRF)က သတင်းထုတ်ပြန်ပါတယ်။

ကျောက်မဲမြို့နှင့် ၆ မိုင်​ကျော်ကွာ​​ဝေး​သော နားအိုက်ခန့် ရွာမှ စခန်းသာရွာဘက်သို့ ကင်းလှည့်လာသော အင်အား ၁၀၀ခန့်ရှိတဲ့ စစ်တပ်စစ်ကြောင်းက စက်တင်ဘာ ၂၄ ရက်နံနက် ၁၀ နာရီခန့်မှာ ​ဒေသခံအမျိုးသား ၁ဦးကို​လမ်းမှတွေ့၍ရိုက်နှက်စစ်​ဆေးတဲ့အခါ အမျိုးသားက​ထွက်​ပြေးဖို့ကြိုးစားပါတယ်။ အဲဒီအမျိုးသား​ကို စစ်သား ၂ ​ယောက်ကလိုက်ဖမ်းရင်း သံဃာ​​တော် ၁ ပါးကို​တွေ့ရာ သံဃာ​တော်က​တောင်ယာဘက်သို့ထွက်​ပြေးရာ ​စစ်သားကသေနတ်နဲ့ပစ်လို့​သေဆုံးခဲ့ပါတယ်။စစ်သား​တွေက ဘုန်းကြီးကိုပစ်ခတ်သတ်ဖြတ်တာကို ရွာ​ခေါင်း​ဆောင်တဦးကမြင်​တွေသွားတာ​ကြောင့် ရွာ​ခေါင်း​ဆောင်ကို အနီးတဝိုက်မှာ ပုန်း​အောင်း​နေတဲ့ပြည်သူ​တွေရှိလား​မေးရာ တောင်ယာတဲ​တွေမှာစစ်​ရှောင်​နေတဲ့ပြည်သူ ၇ ဦးခန့်ရှိတယ်လို့​​​ပြေခဲ့​ကြောင်းဖော်ပြထားပါတယ် ။

Public Service Announcement

Public Service Announcement

ပုန်း​နေတဲ့ပြည်သူ​တွေကိုပြ​ပေးဖို့ရွာ​ခေါင်း​ဆောင်ကိုလမ်းပြခိုင်းရင်း စစ်သား​တွေက ​သေသွားတဲ့ ဘုန်းကြီးဆီကဆိုင်ကယ်ပါယူပြီး ဆိုင်ကယ်​တွေနဲ့နားအိုက်ခန့်ရွာကတဲတိုက်​တွေဆီကိုလိုက်လာပါတယ်။တဲတစ်လုံး​ရောက်တဲ့အခါပုန်း​အောင်း​နေတဲ့ စစ်​​ရှောင်​ မိသားစု ၅ ဦး​တွေ့ချိန်မှာ ရွာ​ခေါင်း​ဆောင်နဲ့ စစ်​ရှောင် ၂ ဦးကထွက်​ပြေးကြ​ပေမယ့် မိသားစုဝင် ၃ ဦးကထွက်မ​ပြေးနိုင်ခဲ့ဘူးလို့ SHRF က​ဖော်ပြပါတယ်။

ထွက်မ​ပြေးနိုင်တဲ့မိသားစုဟာ အသက်၃၀ခန့်အရွယ်အမျိုးသမီးဖြစ်တဲ့ပါလျန်း ၊ အသက် ၁၆ နှစ်အရွယ် သမီးဖြစ်တဲ့ နန်းသိန်းဆာ နဲ့ သားဖြစ်သူ အသက် ၁၂ နှစ်အရွယ် စိုင်းသန်းမောင် တို့ဖြစ်တယ်လို့ ထုတ်ပြန်ထားပါတယ်။ သူတို့ ၃ဦးစလုံးကိုစစ်သား​တွေက သတ်ဖြတ်ခဲ့တာပါ။အသက်၁၆ နှစ်အရွယ်သာရှိ​သေးတဲ့ နန်းသိန်းဆာဟာတဲထဲမှာကိုယ်လုံးတီး အနေအထားနဲ့ နဖူး၊ခန္ဓာ ကိုယ်မှာ ဒဏ်ရာတွေရထားပြီး သေဆုံးနေတာကိုတွေ့ခဲ့ရတယ်လို့​ဖော်ပြထားပါတယ်။သူ့ရဲ့ရုပ်အလောင်းနားမှာ စစ်သားတွေရဲ့ယူနီဖောင်းနဲ့အသုံးအဆောင်တချို့တွေ့ရကြောင်း အ​လောင်း​တွေကို ကိုယ်တိုင် သဂြိုလ်​ပေးခဲ့တဲ့ ၎င်းရဲ့ဖခင် မျကိုကိုးကားပြီး SHRFက ထုတ်ပြန်ထားတာဖြစ်ပါတယ်။

မိခင်ဖြစ်သူ ပါလျန်းဟာ သမီးဖြစ်သူကို အန္တရာယ်မပြုဖို့ စစ်သား​တွေကို တောင်းပန်ခဲ့တယ်လို့ ယုံကြည်ရပြီး ရင်ဘတ်မှာ သေနတ်ကျည်ဆန်ဒဏ်ရာနဲ့သေဆုံးနေပါတယ်။ အသက် ၁၂ နှစ်အရွယ် သားဖြစ်သူ စိုင်းသန်း​မောင် ကလည်း ဗိုက်နဲ့ခေါင်းမှာ သေနတ်ဒဏ်ရာတွေနဲ့သေဆုံးနေတယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

“ကျွန်တော်တဲကိုပြန်ရောက်တော့ ကျနော့်မိန်းမကို ရင်ဘတ်မှာကျည်ရာနဲ့မြေပေါ်လဲနေတာတွေ့တယ်၊သားကလဲ သူ့ဘေးမှာလဲနေပြီး သွေးတွေရွဲနေတာ၊သမီးရဲ့အ၀တ်အစားတွေကိုလဲမြေပေါ်မှာတွေ့တယ်၊သူ့အလောင်းကိုကျ အ၀တ်အစားတွေမပါဘဲတဲထဲမှာတွေ့တယ်၊သူမကအဓမ္မကျင့်ပြီးအသတ်ခံရတာ ဘေးမှာလဲ မြန်မာစစ်တပ်ရဲ့ ၀တ်စုံနဲ့ (သေနတ်ပြောင်းခေါင်း)တွေလည်းတွေ့တယ်”လို့ ပါလျန်းရဲ့ခင်ပွန်း ၊က​လေး​တွေရဲ့ ဖခင်ဖြစ်တဲ့အသက် ၄၈ နှစ်အရွယ် လုံးအောက​ပြောတယ်လို့ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်က​အ​သေးစိပ်​ဖော်ပြပါတယ်။

လုံးအော ဟာ စက်တင်ဘာလ ၁၆ ရက်က​နေ ၂၂ ရက်အထိ လွယ်ခေါ်ရွာမှာရွာလုံခြုံရေးတာဝန်ထမ်းဆောင်ဖို့အိမ်မှထွက်ခွာခဲ့တာဖြစ်ပါတယ်။တာဝန်ပြီးချိန်မှာတိုက်ပွဲ​တွေဖြစ်၊စစ်တပ်ကဗုံးကြဲ​နေလို့ ရွာပြန်​ရောက်ဖို့​နောက်ကျ​နေတဲ့အတွက်အခင်းဖြစ်ချိန်မှာမိသားစုနဲ့အတူမရှိခဲ့ဘူးလို့သိရပါတယ်။ဒါ​ကြောင့်မိသားစုအသတ်ခံရတာကိုအခြားရွာသား​တွေ​ပြောမှသိရတာဖြစ်ပါတယ်။ဒါအပြင်စစ်သား​တွေက အကြမ်းဖက်ချိန်မှာ အနီးဝန်းကျင်က​ဒေသခံ​တွေကလည်း စစ်တပ်​လေယာဥ်​တွေမကြာခဏပျံသန်း​နေလို့ ထွက်မကြည့်ရဲပဲ ပုန်း​အောင်​နေကြတာလို့ဆိုပါတယ်။

ဒါ​ကြောင့် စက်တင်ဘာ ၂၅ ရက်မှအ​လောင်း​တွေကို​တွေ့ပြီး ခင်ပွန်းနဲ့ က​လေး​တွေရဲ့ဖခင်ဖြစ်တဲ့ လုံးအောကိုယ်တိုင်သဂြိုဟ်​ပေးခဲ့တာလို့ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်က​ဖော်ပြပါတယ်။

အသတ်ခံရသူ​တွေဟာ ရှမ်းတိုင်းရင်းသား​တွေဖြစ်တယ်လို့ ​ဒေသခံအချို့က​ပြောပါတယ်။

ရှမ်းတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ဖြစ်တဲ့ SSPPလှုပ်ရှားတဲ့ ရှမ်းရွာတွေက အိမ်တွေမှာ ရှမ်းအလံထောင်ထားရင် ရန်သူလို့မသတ်မှတ်ဘူးလို့ စစ်ကောင်စီကသတင်းလွင့်ပြီးစစ်ကြောင်းတွေဝင်လာပေမယ့် ဒေသခံတွေဟာ အကြမ်းဖက်သတ်ဖြတ်ခံခဲ့ရတယ်လို့ စစ်ဘေးရှောင်တွေကပြောပါတယ်။

“တောသူတောင်သားတွေက ရိုးတယ်လေ။ အလံ ထောင််ထားရင် သူတို့ကိုမသတ်ဘူးပဲထင်ကြတာ။ စစ်တပ်(စစ်ကောင်စီတပ်)က သူတို့လိုချင်တဲ့မြို့တွေပြန်ပြီးထိန်းချုပ်နိုင်ဖို့ ရက်ရက်စက်စက်လုပ်နေမှာပဲ။ ဒါကိုဘယ်လိုနည်းနဲ့ကာကွယ်မလဲဆိုတာ အဖြေထုတ်ဖို့လိုတယ်” လို့ ရှမ်းပြည်နယ်မြောက်ပိုင်းက အရပ်ဖက်အရေးဆောင်ရွက်သူတစ်ဦးကမှတ်ချက်ပြုပါတယ်။

ဒါ့အပြင် စစ်တပ်က ​ကျောက်မဲမြို့ကို ပြန်ထိန်းချုပ်နိုင်တဲ့အခါ ​ဒေသခံရှမ်းတိုင်းရင်းသား​တွေကသ​ပြေပန်းနဲ့ ကြိုဆိုခဲ့ကြတယ်လို့ စစ်တပ်ဝါဒဖြန့်တယ်လီဂရန်ချန်နယ်​တွေက ရုပ်သံဖိုင်​တွေနဲ့တကွဝါဒဖြန့်ပါတယ်။

နားအိုက်ခန့်ရွာဟာ ကျောက်မဲမြို့နဲ့ ၆မိုင်​ကျော်ပဲကွာမှာရှိပါတယ်။ အိမ်ခြေ ၁၅၀ ခန့်နဲ့လူဦးရေ ၃၅၀ ကျော် နေထိုင်ပြီး ဒေသခံအများစုက စစ်ဘေးတိမ်းရှောင်နေကြရတာပါ။ စစ်တပ်ဟာ ကျောက်မဲမြို့ကိုဦးတည်ပြီးစစ်ကြောင်းထိုးနေစဉ်မှာ အထက်ပါပြစ်မှုကို ကျူးလွန်ခဲ့တာဖြစ်တယ်လို့ ဒေသခံသတင်းရင်းမြစ်တွေကပြောပါတယ်။

စစ်ကောင်စီစစ်ကြောင်းတွေဟာ လေကြောင်းပစ်ကူတွေနဲ့အတူ ကျောက်မဲမြို့ကိုဦးတည်ထိုးစစ်ဆင်ပြီးနောက် အောက်တိုဘာလ၁ရက်နေ့မှာ မြို့ကိုပြန်လည်ထိန်းချုပ်ခဲ့ပါတယ်။စစ်တပ်က​ကျောက်မဲမြို့ကို စစ်​ကြောင်း​တွေထိုးခဲ့တဲ့ သြဂုတ်လကတည်းက​ဒေသခံပြည်သူ တစ်​သောင်းခန့်ဟာထွက်​ပြေးတိမ်း​ရှောင်​နေရတယ်လို့ ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်က​ဖော်ပြပါတယ်။

လက်ရှိမှာ စစ်အုပ်စုကကျောက်မဲမြို့နယ်အတွင်း အုပ်ချုပ်ရေး ယန္တရားလလည်ပတ်ဖို့ကြိုးစားနေပြီး လေကြောင်းတိုက်ခိုက်မှုတွေလည်းဆက်လက်ပြုလုပ်နေပါတယ်။အောက်တိုဘာလ ၅ရက် ညနေက ကျောက်မဲမြို့နယ်လွယ်ခေါ် ရွာကို စစ်တပ်က ဗုံးကြဲလို့ အရပ်သားနှစ်ဦးသေဆုံးခဲ့ပါတယ်။

စစ်တပ်ဟာ ၎င်းတို့စစ်ကြောင်းထိုးတဲ့ဒေသတွေမှာ အရပ်သားတွေကိုပစ်မှတ်ထားသတ်ဖြတ်မှုတွေ၊ အမျိုးသမီးတွေကိုအဓမ္မပြုကျင့်သတ်ဖြတ်မှုတွေလို စစ်ရာဇဝတ်မှုတွေကို ကျူးလွန်နေတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရက ထုတ်ပြန်ထားပါတယ်။ အဲဒီစစ်ရာဇဝတ်မှုတွေကို နိုင်ငံတကာစစ်ခုံရုံးမှာ အရေးယူနိုင်တဲ့အထိ ဆောင်ရွက်သွားမယ်လို့ အမျိုသားညီညွတ်ရေးအစိုးရ(NUG) လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားပါတယ်။

ဆက်စပ်သတင်းများ