Connect with us

Hi, what are you looking for?

သတင်း

စစ်တပ်ဆီ သုံးစွဲသူတွေရဲ့ အချက်အလက်လွှဲပေးခဲ့မှုအတွက် Telenor တရားစွဲခံရဖွယ်ရှိ

အာဏာသိမ်း စစ်တပ်ဆီကို သုံးစွဲသူအချက်အလက်တွေ လွှဲပြောင်းပေးတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ နော်ဝေး ဆက်သွယ်ရေး နည်းပညာ လုပ်ငန်းစု Telenorကို တရားစွဲဆိုဖို့ မြန်မာ့အရပ်ဖက် အဖွဲ့အစည်းတွေက စီစဉ်နေကြောင်း သိရပါတယ်။

ဓာတ်ပုံ - Reuters

အောက်တိုဘာ-၈၊ ၂၀၂၅။ People’s Spring

အာဏာသိမ်း စစ်တပ်ဆီကို သုံးစွဲသူအချက်အလက်တွေ လွှဲပြောင်းပေးတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ နော်ဝေး ဆက်သွယ်ရေး နည်းပညာ လုပ်ငန်းစု Telenorကို တရားစွဲဆိုဖို့ မြန်မာ့အရပ်ဖက် အဖွဲ့အစည်းတွေက စီစဉ်နေကြောင်း သိရပါတယ်။

စစ်တပ်ဟာ နော်ဝေး ကုမ္ပဏီကြီးဆီကနေ ရရှိသွားတဲ့ အချက်အလက်တွေကို လူထုအပေါ် ဖိနှိပ်ဖြိုခွင်းမှုတွေမှာ အသုံးပြုနေတယ်လို့ အဲဒီ တက်ကြွလှုပ်ရှားမှု အစုအဖွဲ့တွေက ပြောပါတယ်။

နယ်သာလန် အခြေစိုက် Centre for Research on Multinational Corporations (SOMO)ရဲ့ ထုတ်ပြန်ချက်အရ မြန်မာ့အရပ်ဖက်အဖွဲ့အစည်းတွေဟာ ဒီကိစ္စနဲ့ ပတ်သက်လို့ တရားစွဲဆိုမယ့် ဆုံးဖြတ်ချက်ကို Telenorဆီ ပေးပို့ထားပြီး ဖြစ်တယ်လို့ သိရပါတယ်။ SOMOဟာ အခု တရားစွဲဆိုမယ့် ကိစ္စကို အားပေးထောက်ခံထားတဲ့ အကျိုးအမြတ် မယူတဲ့ အဖွဲ့အစည်း တစ်ခုပါ။

Public Service Announcement

Public Service Announcement

၂၀၂၁ ခုနှစ်မှာ စစ်တပ်က အာဏာသိမ်းခဲ့တဲ့နောက် Telenorဟာ မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံထားမှုတွေကို ရုပ်သိမ်းပြီး ပြန်လည် ထွက်ခွာခဲ့ပါတယ်။ နော်ဝေး အစိုးရက ရှယ်ယာအများစု ထိန်းချုပ်ထားတဲ့ ကုမ္ပဏီကြီးဟာ သန်းနဲ့ချီ များပြားတဲ့ သုံးစွဲသူတွေရဲ့ အချက်အလက်တွေကို စစ်တပ်ဆီ လွှဲပေးခဲ့ပြီး စစ်တပ်ကလည်း အဲဒါတွေကို အသုံးပြုပြီး အရပ်သားတွေကို ခြေရာခံ ဖမ်းဆီးတာ၊ ပစ်မှတ်ထား ဖြိုခွင်းတာတွေ လုပ်ခဲ့တယ်လို့ မြန်မာ့ အရပ်ဖက် အဖွဲ့အစည်းတွေက ပြောပါတယ်။

Telenorဆီက ရခဲ့တဲ့ အချက်အလက်တွေကြောင့် စစ်တပ်ဟာ အာဏာသိမ်းမှု ဆန့်ကျင်ရေး အင်အားစုတွေကို ဖြိုခွင်း ဖမ်းဆီးနိုင်ခဲ့ပြီး တစ်ဦးကို ကွပ်မျက်ခဲ့တယ်လို့လည်း စွပ်စွဲချက်မှာ ပါရှိခဲ့ပါတယ်။

Telenorဟာ မြန်မာနိုင်ငံက ဆုတ်ခွာချိန်မှာ ရွေးချယ်ခဲ့တဲ့ လုပ်ထုံးလုပ်နည်းတွေနဲ့ ပတ်သက်ပြီး နော်ဝေးအစိုးရရဲ့ စုံစမ်း စစ်ဆေးမှုတွေကိုလည်း ကြုံခဲ့ဖူးပါတယ်။ ကုမ္ပဏီကတော့ မြန်မာ့ အကျပ်အတည်းမှာ ကြားညပ်ခြင်းဟာ ခက်ခဲတဲ့ အခြေအနေမျိုးလို့ ပြောကြားထားပါတယ်။

စစ်တပ်ရဲ့ မတရား ကွပ်မျက်ခြင်းကို ခံခဲ့ရသူ လွှတ်တော်အမတ် ဦးဖြိုးဇေယျာသော်ရဲ့ ဇနီးဖြစ်သူ မသဇင်ညွန့်အောင်က ကုမ္ပဏီဖက်က စစ်တပ်ဆီ အချက်အလက်တွေ လွှဲပြောင်းပေးခဲ့တဲ့ ကိစ္စကို သိရှိရချိန်မှာ အရမ်း တုန်လှုပ်ပြီး စက်ဆုပ်မိတယ်လို့ ပြောပါတယ်။ Telenorဟာ ဦးဖြိုးဇေယျာသော်ကို စစ်တပ်က ရှာတွေ့ပြီး ဖမ်းမမိခင် သီတင်းပတ် တချို့ အလိုကတည်းက စစ်တပ်ဆီ သုံးစွဲသူ အချက်အလက်တွေ လွှဲပေးခဲ့တာ ဖြစ်ပါတယ်။

တရားစွဲဆိုရေးကို ထောက်ခံ အားပေးသူ နောက်တစ်ဦးဖြစ်တဲ့ ကိုရဲကလည်း ယုံကြည်စိတ်ချရတဲ့ သမာဓိဂုဏ်ကြောင့် နာမည်ကောင်း ရထားတဲ့ ကုမ္ပဏီ တစ်ခုက အခုလို လုပ်ခဲ့တဲ့အတွက် သစ္စာဖောက် ခံရသလို ခံစားမိတယ်လို့ ပြောပါတယ်။

အာဏာသိမ်းပြီးတဲ့နောက် စစ်တပ်ဟာ ပြည်တွင်းက ဆက်သွယ်ရေး ကုမ္ပဏီတွေ အားလုံးမှာ ခြေရာခံ ထောက်လှမ်းရေး နည်းပညာတွေ အသုံးပြုပေးဖို့ ဖိအားပေးခဲ့ပါတယ်။ အဲဒီလုပ်ရပ်ဟာ ဥရောပ သမဂ္ဂ ပိတ်ဆို့ အရေးယူမှုနဲ့ တိုက်ရိုက် ငြိစွန်းနိုင်တာကြောင့် အဆုံးမှာတော့ Telenorဟာ မြန်မာနိုင်ငံက လုပ်ငန်းခွဲကို ရောင်းချပြီး မြန်မာစျေးကွက်ထဲက ထွက်ခွာဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ Telenorရဲ့ ရှယ်ယာတွေကိုတော့ လက်ဘနွန် အခြေစိုက် M1 Groupနဲ့ ပြည်တွင်းက ရွှေဗျိုင်းဖြူ ကုမ္ပဏီတို့ရဲ့ ဖက်စပ် လုပ်ငန်းက လက်လွှဲ ဝယ်ယူခဲ့ပါတယ်။ ရွှေဗျိုင်းဖြူ ကုမ္ပဏီ ပိုင်ရှင်ဟာ စစ်တပ်နဲ့ အရမ်းနီးစပ်တဲ့ ဆက်ဆံရေးမျိုး ရှိနေပြီး Telenorရဲ့ အခုလို လက်လွှဲ ရောင်းချမှုကြောင့် စစ်တပ်ဟာ သုံးစွဲသူ အချက်အလက်တွေကို အဟန့်အတားမရှိ ထိန်းချုပ်ခွင့် ရသွားခဲ့တယ်လို့ မြန်မာ့ အရပ်ဖက် အဖွဲ့အစည်းတွေက ပြောကြားခဲ့ပါတယ်။

SOMOကလည်း တကယ်ဆိုရင် Telenorဟာ မြန်မာနိုင်ငံကနေ ထွက်ခွာမလာခင်မှာ အဲဒီ ထိလွယ်ရှလွယ် ကိုယ်ရေး အချက်အလက် အားလုံးကို ဖျက်ပစ်ခဲ့သင့်တယ်လို့ ထောက်ပြထားပါတယ်။ Telenorကတော့ ကုမ္ပဏီကို တရားစွဲဖို့ အကြောင်းကြားထားတာကို သိရှိပြီးဖြစ်ကြောင်း ပြောခဲ့သလို အဲဒီ ကိစ္စဟာ အရင်ကတည်းက ရဲတပ်ဖွဲ့နဲ့ တရားရုံး ကြားနာမှုတွေဆီမှာ ဖြေရှင်းထားတဲ့ အခြေအနေဟောင်း တစ်ခုသာ ဖြစ်တယ်လို့ မှတ်ချက်ပေးထားပါတယ်။

ကိုးကား: Reuters

ဆက်စပ်သတင်းများ

သတင်း

ချင်းတော်လှန်ရေးပူးပေါင်းတပ်နဲ့ စစ်တပ်အကြား တိုက်ပွဲ ပြင်းထန်နေတဲ့ ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်ကို စစ်တပ်က ၃ရက်အတွင်း လေကြောင်းဗုံးကြဲတိုက်ခိုက်မှု အကြိမ်ပေါင်းများစွာ ပြုလုပ်ခဲ့ကြောင်း ဒေသခံက အသိပေးထားပါတယ်။

သတင်း

စစ်တပ်လက်​အောက်ခံ ရှမ်းနီတပ်-SNA ကအရပ်သားအိမ်​တွေရှိရာ ပစ်ခတ်​နေတဲ့ရုပ်သံဖိုင်ပျံ့နှံ့

သတင်း

ကချင်ပြည်နယ်၊ ဖားကန့်မြို့မှာ စစ်တပ်နဲ့ပြည်သူ့စစ်တပ်ဖွဲ့ဝင်တွေက လူနေကျေးရွာတွေကို လက်နက်ကြီးနဲ့ ပစ်ခတ်နေပြီး ဒီကနေ့ ဇွန်လ ၁၉ရက်ရဲ့နေ့လယ်ပိုင်းမှာလည်း အရပ်သားတွေနေထိုင်တဲ့အိမ်ပေါ်ကျရောက်ပေါက်ကွဲလို့ ထိခိုက်ပျက်စီးမှုတွေရှိခဲ့ပါတယ်။

သတင်း

မန္တလေးတိုင်း၊ တံတားဦးမြို့မှာ လမ်းနယ်နမိတ်နဲ့ မလွတ်လို့ဆိုပြီး နေအိမ် ရာနဲ့ချီဖျက်ဖို့အတွက် စစ်ကောင်စီ လက်အောက်ခံလမ်းဦးစီးဌာနက စာပို့ထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။