နိုဝင်ဘာ-၂၊ ၂၀၂၅။ ထားမြတ်/People’s Spring
ကချင်ပြည်နယ်၊ ခေါင်လန်ဖူးဒေသက စစ်ကောင်စီတပ်နဲ့ ပြည်သူ့စစ်တပ်စခန်း ၄ခုကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA)ပူးပေါင်းတပ်က တိုက်ခိုက်သိမ်းပိုက်ပြီးနောက် စစ်ကောင်စီက လေကြောင်း တိုက်ခိုက်မှုတွေ ဆက်တိုက်ပြုလုပ်နေကြောင်း KIAသတင်းပြန်ကြားရေးဌာနက နိုဝင်ဘာ ၁ရက်မှာ သတင်းဖော်ပြပါတယ်။
KIA ပူးပေါင်းတပ်တွေဟာ ခေါင်လန်ဖူးဒေသရှိ ပြည်သူ့စစ်တွေရဲ့ စခန်း ၄ခုကို အောက်တိုဘာလအတွင်းမှာ သိမ်းပိုက်ခဲ့တာဖြစ်ပြီး စစ်ကောင်စီဘက်က ပူတာအို၊ ဖားကန့်၊ ဝိုင်းမော်၊ ဗန်းမော်ဒေသတွေမှာ လေကြောင်းတိုက်ခိုက်တာတွေ ဆက်တိုက်လုပ်ဆောင်နေတာလို့ အသိပေးပါတယ်။
ဒါ့အပြင် ခေါင်လန်ဖူးဒေသမှာ ပြည်သူ့စစ်တွေ တပ်စွဲနေတဲ့နေရာတွေကို KIAပူးပေါင်းတပ်သိမ်းပိုက်ပြီးနောက်စစ်ကောင်စီကစစ်အင်အားဖြည့်တင်း ထိုးစစ်ဆင်နေကြောင်းလည်း ဖော်ပြပါတယ်။

Public Service Announcement
KIAဟာ အောက်တိုဘာ ၂၈ရက်မှာ ခေါင်လန်ဖူးမြို့နယ်က ငေါ်ဂျာလ စခန်းနဲ့ နမ်ချိန်းစခန်းတွေကို သိမ်းပိုက်ခဲ့သလို အောက်တိုဘာ ၂၁ရက်ကလည်း လန်ဒမ်းရွာ စစ်ကောင်စီစခန်းနဲ့ မခေါင်ဒမ်းရွာ စစ်ကောင်စီစခန်းကို ထပ်မံသိမ်းပိုက်ခဲ့တာပါ။
တပ်စခန်းတွေ သိမ်းပိုက်ခံရတာကြောင့် ပူတာအိုမြို့မှာ တပ်စွဲနေတဲ့ ခလရ(၄၆)တပ်ရင်းဟာ စစ်အင်အားနဲ့ လက်နက်များ ဖြည့်တင်းတာတွေလုပ်ဆောင်နေတယ်လို့ KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။
စစ်ကောင်စီနဲ့ ပြည်သူ့စစ်တွေဟာ ဆော့လော်မြို့နယ် လန်ဆယ်ဒေသကို ပြန်လည်ရရှိဖို့ စက်တင်ဘာလမှာ ထိုးစစ်ဆင်ခဲ့ပေမယ့် လန်ဆယ်ကို မရတဲ့အပြင် ခေါင်လန်ဖူးက စစ်ကောင်စီနဲ့ ပြည်သူ့စစ်စခန်းအချို့ကိုပါ KIA ပူးပေါင်းတပ်ရဲ့ တိုက်ခိုက်သိမ်းပိုက်မှု ကြုံနေရတာလည်းဖြစ်ပါတယ်။
ဒါကြောင့် စစ်ကောင်စီဟာ တိုက်ပွဲဖြစ်ပွားမှုမရှိတဲ့ KIA ထိန်းချုပ်နယ်မြေတွေကိုပါ လေကြောင်း ဗုံးကြဲတိုက်ခိုက်တာတွေ လုပ်ဆောင်နေတာလည်းဖြစ်ပါတယ်။
စစ်ကောင်စီက လေကြောင်း၊လက်နက်ကြီး ရမ်းသမ်းပစ်ခတ်တာတွေလုပ်ဆောင်နေလို့ စစ်ကောင်စီရဲ့ တိုက်ခိုက်မှု ရန်တွေကို သတိပြုဖို့ ဗိုလ်မှူးကြီးနော်ဘူက အောက်တိုဘာ နောက်ဆုံးပတ်မှာ သတိပေး ပြောကြားထားပါတယ်။


















































