Connect with us

Hi, what are you looking for?

သတင်း

ပြင်ဦးလွင်​ရွှေဆိုင်ဓါးပြတိုက်မှု စစ်တပ်လုံခြုံ​ရေးမြှင့်ထားချိန်တွင်မှဖြစ်ပွား

စစ်တပ်လုံခြုံ​ရေးမြှင့်ထားချိန်ဖြစ်၍ ဓါးပြတိုက်သူ​တွေကစစ်အုပ်စုနဲ့ ဆက်စပ်နိုင်ဟု​ဒေသခံအချို့သံသယရှိ​နေ

Screenshot

နိုဝင်ဘာ-၁၂၊၂၀၂၅။မိထက်/People’s account

ပြင်ဦးလွင်မြို့မှာ ဒီကနေ့(နိုဝင်ဘာ၁၂ရက်)မနက်က လုံခြုံ​ရေးမြှင့်ထားချိန်မှာ မြို့လယ်က ရွှေဆိုင်တဆိုင်မှာဓားပြတိုက်ခဲ့ရပြီး လူတဦး​ပါ​သေဆုံးခဲ့တယ်လို့ အဲဒီမြို့ခံတွေက ပြောပါတယ်။

ဓားပြတိုက်မှုဖြစ်ပွားချိန်ဟာ မြို့အတွင်းစစ်ကောင်စီအရာရှိတဦး ခရီးစဉ်ရှိနေချိန်လမ်းဆုံနေရာတိုင်းမှာ လုံခြုံရေးတွေချထားချိန် မနက် ၈နာရီခွဲလောက်မှာ ဖြစ်ပွားခဲ့တာလို့ မြို့ခံတွေက ပြောပါတယ်။

“မနက်က ကလေးတွေကျောင်းပို့ချိန်မှာ လူကြီးလာမှာမို့ မော်တော်ပီကယ်တွေ နေရာတိုင်းမှာ အများကြီး။ အဲအတွင်းမှာ ဖြစ်သွားတာ”လို့ ပြင်ဦးလွင်မြို့ခံတဦးက ပြောပါတယ်။

Public Service Announcement

Public Service Announcement

စစ်တပ်မြို့တော်ဖြစ်တဲ့ ပြင်ဦးလွင်မြို့လယ်က အောင်စံပယ်ရွှေဆိုင် ​သေနတ်ကိုင်ထားသူ နှစ်ဦးကဓားပြတိုက်ခဲ့တာဖြစ်ပြီး ဆိုင်လုံခြုံရေးဝန်ထမ်းက ဓါးပြခုခံဖို့ကြိုးစားစဥ် သေနတ်နဲ့အပစ်ခံရလို့ သေဆုံးသွားပါတယ်။ ဆိုင်ကယ်ဦးထုပ်ဆောင်းထားတဲ့ သေနတ်သမားနှစ်ဦးက အောင်စံပယ်ရွှေဆိုင်ကို ဓားပြဝင်တိုက်ခဲ့တာဖြစ်ပြီး အသက် ၅၈ နှစ်အရွယ်ဆိုင်လုံခြုံ​ရေးဝန်ထမ်း ဦးစိန်ဝင်းက ​သေနတ်သမားကိုလက်သီးနဲ့ထိုးခုခံစဥ်သေနတ်နဲ့ပစ်ခတ်ခံရလို့ သေဆုံးသွားပါတယ်။

ဒါ့အပြင် တားဆီးတဲ့ ဆိုင်က အမျိုးသမီးတဦးကိုလည်း သေနတ်သမားတစ်ဦးက ထုနှက်ရိုက်သွားခဲ့ပါတယ်။ ဓားပြတိုက်တဲ့ ၂ဦးထဲက တဦးကို ​ဒေသခံ​တွေကဝိုင်းဖမ်းမိထားပါတယ်။

“စစ်တပ်ကလည်း အမြဲလို ကင်းပတ်ပြနေတယ်ဗျာ။ ဒီကြားထဲက ဓားပြက ထွက်လာတာ။ တယောက်မိထားတယ်လို့ သိရတယ်။ စစ်တပ်က ခေါ်သွားတယ်”လို့ နာရီစင်အနီးနေသူတစ်ဦးက ပြောပါတယ်။

ဓားပြတိုက်မှုဖြစ်စဉ်မှာ ဒေသခံ‌တွေက ဝိုင်းဖမ်းလို့ ကျူးလွန်သူတဦးဖမ်းမိထားပေမယ့် ရဲတပ်ဖွဲ့ကိုဖုန်းဆက်ခေါ်တဲ့အခါ နောက်ကျမှ ရောက်လာတယ်လို့ ဒေသခံတချို့ကပြောပါတယ်။

” သံသယတွေအများကြီး ရှိတယ်။ တော်ရုံဓားပြကပြင်ဦးလွင်ကို လာမတိုက်ဘူး။ အခုမိထားတဲ့လူက စစ်တပ်လူလည်း ဖြစ်နိုင်တယ်လို့ ကျနော်တို့ထင်တယ်” လို့ မြို့ခံတစ်ဦးကပြောပါတယ်။

ပြင်ဦးလွင်နဲ့တဆက်တည်းရှိတဲ့ မန္တလေးမြို့မှာတော့ စစ်တပ်နဲ့ရဲတပ်ဖွဲ့ဝင်တွေ၊ ပျူစောထီးအဖွဲ့ဝင်တွေပူးပေါင်းကျူးလွန်တဲ့ ရွှေဆိုင်ဓားပြတိုက်မှုတွေမကြာခဏဖြစ်ပွားခဲ့ပါတယ်။

စစ်ကောင်စီဟာ ပြင်ဦးလွင်မှာ ရွေးကောက်ပွဲလုပ်ဖို့ကြေညာထားသလိုမြို့သာယာလှပရေးလို့အကြောင်းပြပြီး ရပ်ကွက်တွေကို ဖယ်ရှားတာ၊ လမ်းမတန်းဘေးက ဈေးဆိုင်တွေကို မဖြစ်မနေပြင်ဆင်ခိုင်းတာတွေလုပ်နေလို့ ဒေသခံတွေ စိတ်ရှုပ်နေကြပါတယ်။

ပြင်ဦးလွင်မြို့မှာ ဆိုင်ကယ်ခိုးယူမှု၊ လုယက်မှုတွေလည်း ဖြစ်နေပြီး တရားဥပဒေစိုးမိုးရေးကို စစ်ကောင်စီက မကိုင်တွယ်နိုင်ဘူးလို့မြို့ခံအချို့က ပြောပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ပြင်ဦးလွင်မြို့၊ရတနာပုံဆိုက်ဘာစီးတီးစီမံကိန်း ပြန်စဖို့ ဖွင့်ပွဲကို စစ်ခေါင်းဆောင်မင်း အောင်လှိုင် တက်မှာဖြစ်ပြီး လမ်းပိုင်းလုံခြုံရေးတွေတင်းကြပ်ထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့မှာ စစ်ကောင်စီလက်အောက်ခံ စည်ပင်ဝန်ထမ်းတွေက အသစ်ဖွင့်တဲ့ လမ်းဘေးဆိုင်တွေကို ပိုက်ဆံမပေးဘဲ အလကားဝင်စားနေလို့ အခက်တွေ့နေတယ်လို့ စျေးသည်တွေက ပြောပါတယ်။

နိုင်ငံတကာ

ထိုင်းနိုင်ငံ တောင်ပိုင်းက စျေးဝယ်စင်တာ တစ်ခုရဲ့ ရွှေဆိုင်တစ်ခုကနေ လုယက်ခံခဲ့ရတဲ့ ရွှေတွေဟာ နိုင်ငံပိုင်နက်ထဲမှာ မရှိလောက်တော့ဘူးလို့ ထိုင်းစစ်တပ်က ပြောပါတယ်။

နိုင်ငံတကာ

ထိုင်းနိုင်ငံက စျေးဝယ်စင်တာ တစ်ခုကို လက်နက်ကိုင် ဓားပြတွေက ဝင်ရောက် စီးနင်းပြီး ရွှေဆိုင်တစ်ခုထဲက ရွှေထည်တွေကို လုယက်သွားခဲ့ပါတယ်။