Connect with us

Hi, what are you looking for?

သတင်း

အစိုးရအဖွဲ့မှာ တော်လှန်ရေးအင်အားစုကြီးတွေ ဦးဆောင်ပါဝင်နိုင်ရေး ဆက်ကြိုးစားမယ်လို့ NUG ယာယီသမ္မတပြော

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေပါတဲ့ အားကောင်းတဲ့အစိုးရအဖြစ်ဖွဲ့စည်းဖို့နဲ့ စစ်အုပ်စု ဖြုတ်ချပြီး အသွင်ကူးပြောင်းရေးအစိုးရ ဖွဲ့စည်းဖို့အဆင့်တွေ ကျန်နေသေးဟုဆို

NUG ယာယီသမ္မတ ဒူဝါလရှီးလ။ ဓာတ်ပုံ - Screengrab

ဒီဇင်ဘာ ၉၊ ၂၀၂၅။ ဆန်အောင်/People’s Spring

အမျိုးသားညီညွတ်ရေးအစိုးရ(NUG)ပြုပြင်ပြောင်းလဲရေး လုပ်ဆောင်ရာမှာ အဆင့် (၃)ဆင့်နဲ့ ဆောင်ရွက်ဖို့ လမ်းစဉ်ချမှတ်ထားပြီး လတ်တလောဖော်ဆောင်ခဲ့တာဟာပထမအဆင့်ဖြစ်တဲ့ အစိုးရ အတွင်း ပြုပြင်ပြောင်းလဲရေး (internal reform)ဖြစ်ကြောင်း NUG ယာယီသမ္မတ ဒူဝါလရှီးလက အသိပေး ပြောကြားလိုက်ပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြုပြင်ပြောင်းလဲရေးနဲ့ ပတ်သက်ပြီး ယာယီသမ္မတ ဒူဝါလရှီးလ က ပြည်သူလူထုထံ အသိပေး ပြောကြားမှုကို ဒီဇင်ဘာ ၈ ရက် ညမှာပြုလုပ်ခဲ့ရာ အခုလို ရှင်းလင်း ပြောကြားခဲ့တာပါ။

“ဒုတိယအဆင့် ပြုပြင်ပြောင်းလဲရေးကတော့ လက်ရှိ အမျိုးသားညီညွတ်ရေးအစိုးရနဲ့ တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအဖွဲ့အစည်းများ ပါဝင်တဲ့ ကိုယ်စားပြုမှု အားကောင်းတဲ့ အစိုးရအဖြစ် ပြင်ဆင်ဖွဲ့စည်းဖို့ ဖြစ်ပါတယ်။တတိယအဆင့် ပြုပြင်ပြောင်းလဲရေးကတော့ မင်းအောင်လှိုင်နဲ့ အကြမ်းဖက် စစ်အုပ်စုကို ဖြုတ်ချပြီးနောက် အသွင်ကူးပြောင်းရေးအစိုးရ တစ်ရပ်ကို ဖွဲ့စည်းဖို့ ဖြစ်ပါတယ်”လို့ ယာယီသမ္မတက ပြောကြားပါတယ်။

Public Service Announcement

Public Service Announcement

အစိုးရအဖွဲ့ ပြုပြင်ပြောင်းလဲဖို့ အပ်လာချိန်မှာ အစိုးရ အဖွဲ့ဝင်တွေဟာ ပြုပြင်ပြောင်းလဲရေးမှာ တော်လှန်ရေး ရဲ့ အကျိုးကို ရှေးရှုပြီး လှိုက်လှိုက်လှဲလှဲပါဝင်ပေးခဲ့ကြတာတွေ့ရ ကြောင်း ယာယီသမ္မတက ပြောပါတယ်။ ရာထူးတာဝန်ဟာ ပြည်သူကိုအလုပ်အကျွေးပြုဖို့အတွက်သာ ဖြစ်ပြီး အာဏာစည်းစိမ်ရစ်မူးဖို့ မဟုတ်ကြောင်း အစိုးရအဖွဲ့အားလုံး နားလည်လက်ခံထားပြီးဖြစ်တယ်လို့ အသိပေးပါတယ်။

“ပြည်သူတရပ်လုံးဟာ ဒုက္ခတောထဲကနေ ကျနော်တို့ အစိုးရ တဖွဲ့လုံးကို မျှော်လင့်နေကြတယ်ဆိုတာ နားလည် သဘောပေါက်ပြီးဖြစ်ပါတယ်။ လောလောဆယ်အားဖြင့် အမျိုးသားညီညွတ်ရေးအစိုးရ ပြုပြင်ပြောင်းလဲမှု အပေါ်မှာ ပြည်သူတွေဟာ အားမလိုအားမရ ဖြစ်နိုင်ပါတယ်။ ဒါ့အပြင် မျှော်လင့်ချက်နဲ့ ထပ်တူမကျဘူးလို့လည်း ယူဆကောင်း ယူဆနိုင်ပါတယ်။ပြည်သူစိတ်အလိုမကျတာတွေကြောင့် ပြစ်တင်ဝေဖန်မယ်ဆိုရင် ကျနော်တို့ကို လွတ်လပ်ပွင့်လင်းစွာ ဝေဖန်နိုင်ကြောင်း ပြောကြားလိုပါတယ်။ ဒါပေမဲ့ ကျနော်တို့ရဲ့ လက်ရှိ အခြေအနေကိုလည်း ပြည်သူတရပ်လုံးကို မလိမ်မညာဘဲ အတိအလင်း ပြောကြားချင်ပါတယ်” လို့ ယာယီသမ္မတက ပြောပါတယ်။

အစိုးရ အဖွဲ့ ပြုပြင်ပြောင်းလဲမှု အရွေ့တခု ဖြစ်လာအောင် များစွာ ကြိုးစားခဲ့ကြရဟု အသိပေးပါတယ်။

“ပိုမိုစုံလင်တဲ့ စုဖွဲ့ဦးဆောင်မှုနဲ့ အမျိုးသားညီညွတ်ရေးအစိုးရ စတင်ဖွဲ့စည်းချိန်က စပြီး ချီတက်လိုခဲ့ပေမယ့် တော်လှန်ရေးအင်အားစုကြီးတွေရဲ့ ကာယကံမြောက် ဦးဆောင်ပါဝင်မှု ဖြစ်လာဖို့ စိန်ခေါ်ချက်တွေ အတားအဆီးတွေနဲ့ အကန့်အသတ်တွေကို ကြုံတွေ့ခဲ့ရပါတယ်။” လို့ ယာယီသမ္မတက ပြောပါတယ်။

အစိုးရအနေနဲ့ တော်လှန်ရေးအင်အားစုနဲ့ ယုံကြည်မှု တည်ဆောက်ရင်း အာဏာရှင်စနစ်ဖျက်သိမ်းရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေးအတွက် ဆက်လက်အားစိုက် ကြိုးစားသွားမယ်လို့လည်း ထပ်မံကတိပေးထားပါတယ်။

အစိုးရအဖွဲ့တွင်း ပြုပြင်ပြောင်းလဲရေးကို အဓိက လုပ်ငန်းစဉ် (၃)ရပ်နဲ့ စတင်ခဲ့ရာ မဟာဗျူဟာပြုပြင်ပြောင်းလဲရေးဖြစ်တဲ့ strategic reform ၊ ဒုတိယအချက် က အသစ်ချမှတ်လိုက်တဲ့ မဟာဗျူဟာနဲ့အညီ အစိုးရဖွဲ့စည်းပုံပြောင်းလဲရေး (Structural Reform)နှင့် တတိယအချက်က အစိုးရဖွဲ့စည်းပုံအတိုင်း ကဏ္ဍအလိုက် ပြုပြင်ပြောင်းလဲရေး (Sectoral Reform) ဖြစ်တယ်လို့ ရှင်းပြပါတယ်။

ကဏ္ဍအလိုက် ပြုပြင်ပြောင်းလဲရေးမှာ နိုင်ငံရေး၊ စစ်ရေး၊ မဟာမိတ်ဆက်ဆံရေး၊ နိုင်ငံတကာဆက်ဆံရေး၊ ပြည်သူ့ဆက်ဆံရေးနဲ့ ဘဏ္ဍာရေးကဏ္ဍတွေ ပါဝင်တယ်လို့ အသိပေးပါတယ်။

” ဒီလို မဟာဗျူဟာအလိုက်၊ ဖွဲ့စည်းပုံ အလိုက်၊ ကဏ္ဍအလိုက် ပြုပြင်ပြောင်းလဲမှု တွေကို ဘာ့ကြောင့် လုပ်ရသလဲဆိုရင် ကျွန်တော်တို့ဟာ တော်လှန်ရေးတစ်ရပ်လုံးရဲ့ စုစုပေါင်းရလဒ်ကို ယခုအခြေ အနေထက် ပိုမိုကောင်းမွန်လအောင်တွန်းတင်နိုင်ဖို့ ဖြစ်ပါတယ်။ပထမကတော့ အရင်းအမြစ် ခွဲဝေသုံးစွဲမှုမှာ ပိုမို ထိရောက်အောင် တိုးမြှင့်တည်ဆောက်ဖို့ ဖြစ်ပါတယ်။ ဒါ့အပြင် ဒုတိယအနေနဲ့ တော်လှန်ရေး ကာလအတွင်းမှာ အဓိကနဲ့ သာမညကို ခွဲခြားပြီး အရေးကြီးတဲ့ကဏ္ဍတွေကို ပိုမို အားထည့်နိုင်ဖို့ ရည်ရွယ်ပါတယ်။ တတိအချက်က လက်တွေ့ ဦးဆောင်နေတဲ့ အစိုးရအဖွဲ့ကိုလည်း ပိုမိုတာဝန်ယူမှု၊ ပိုမိုတာဝန်ခံမှုရှိတဲ့ အစိုးရတစ်ရပ်ဖြစ်အောင် ပုံဖော်နိုင်ဖို့ ဖြစ်ပါတယ်”လို့ ယာယီသမ္မတက ပြောကြားပါတယ်။

ပြည်သူ့ယုံကြည်မှုနဲ့ မဟာမိတ်ဆက်ဆံရေးကို ပိုမိုကျယ်ပြန့် ကျစ်လစ်အောင် လုပ်ဆောင်နိုင်ဖို့ လည်းဖြစ်တယ်လို့ ရှင်းပြပါတယ်။

ဒီရည်ရွယ်ချက်တွေဟာ ပြည်သူတစ်ရပ်လုံးရဲ့ သဘောထားဆန္ဒနဲ့အညီ၊ တော်လှန်ရေး အောင်မြင်မှု ရလဒ်တွေကို အဖိတ်အစင်နည်းအောင်လုပ်ဆောင်ခြင်းဖြစ်ကြောင်း ယာယီသမ္မတဒူဝါလရှီးလက ပြောပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်၊ တွင်းမ ပျူစောထီးကျေးရွာလာရောက်တဲ့ စစ်တပ် ရဟတ်ယာဉ်ကို ဒရုန်းနဲ့ တိုက်ခိုက်ဖျက်ဆီးနိုင်ခဲ့တဲ့ ပေါက်မြို့နယ် ပကဖ ဒရုန်းတပ်ဖွဲ့ ကို အမျိုးသားညီညွတ်ရေးအစိုးရ(NUG) က ဂုဏ်ပြုငွေ ကျပ်သိန်း တစ်သောင်း နဲ့ ဂုဏ်ပြုလက်မှတ် ပေးအပ်ချီးမြှင့်ခဲ့ကြောင်း NUG က သတင်းထုတ်ပြန်ပါတယ်။

သတင်း

ဂျပန်နိုင်ငံမှာ ပတ်စ်ပို့(နိုင်ငံကူးလက်မှတ်)သက်တမ်းမတိုးဘဲ ရပ်တည်နေတဲ့ မြန်မာနိုင်ငံသားတွေအတွက် လုပ်ငန်းခွင်အရည်အချင်းစစ် ဗီဇာ(Tokutei Gino)စာမေးပွဲဖြေဆိုဖို့ ကြုံနေရတဲ့ အခက်အခဲကို ဖြေရှင်းနိုင်ခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUGရဲ့ ဂျပန်နိုင်ငံဆိုင်ရာကိုယ်စားလှယ်ရုံးက ထုတ်ပြန်ပါတယ်။

သတင်း

စစ်ဆင်ရေးမှာ ကျဆုံးခဲ့ရတဲ့ ရဲဘော် ၃ဦး ဦးညွှတ်အလေးပြုကြောင်း ဖော်ပြ

သတင်း

ကချင်လွတ်လပ်ရေးတပ်မတော်(KIA)၊ဒုတိယဗိုလ်ချုပ်ကြီး R ခေါင်လွမ်း(ကွယ်လွန်) အပါအဝင် KIA စစ်သည်တော်တွေကို အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က ဂုဏ်ပြုဘွဲ့ချီးမြှင့်တာ၊ ဆုတံဆိပ်တွေပေးအပ်တာဟာ အနာဂတ်ဖက်ဒရယ်ပြည်ထောင်စုနိုင်ငံပေါ်ထွန်းရေးတန်ဖိုးမဖြတ်နိုင်တဲ့ အခြေခံအုတ်မြစ်ဖြစ်တဲ့အကြောင်း ကချင်လွတ်လပ်ရေးအဖွဲ့(KIO) ဗဟိုကော်မတီက NUG ထံ စာပေးပို့ခဲ့ပါတယ်။

Facebook