Connect with us

Hi, what are you looking for?

အတွေးအမြင်

အတိတ်မေ့သူ၊ရွှေပျောက်သူတို့ ဖျာခင်းကြတဲ့ပွဲ

အာဏာသိမ်းစစ်တပ်ရဲ့ရွေးကောက်ပွဲ နီးလာတာနဲ့အမျှ မုသား​တွေ ၊အဆီအ​ငေါ်မတည့်တဲ့စကား​တွေ၊ မရယ်ရတဲ့ပျက်လုံး​တွေပိုပြီးကြားလာရပါတယ်။အရပ်ထဲ၊ရွာထဲ၊မြို့ ထဲ၊ဈေးထဲအထိ လေနဲ့လွင့်လာသလို ဖျတ်ခနဲပေါ်လာကြတဲ့ ဖြူ၊နီ၊ပြာ၊ဝါ၊စိမ်း ရောင်စုံစေတနာ့ရှင် တွေကိုလည်း အွန်လိုင်းပေါ်ကနေတွေ့ရပါတယ်။

စနေသား​ရေးသားသည်။

အာဏာသိမ်းစစ်တပ်ရဲ့ရွေးကောက်ပွဲ နီးလာတာနဲ့အမျှ မုသား​တွေ၊ အဆီအ​ငေါ်မတည့်တဲ့စကား​တွေ၊ မရယ်ရတဲ့ပျက်လုံး​တွေပိုပြီးကြားလာရပါတယ်။အရပ်ထဲ၊ရွာထဲ၊မြို့ ထဲ၊ဈေးထဲအထိ လေနဲ့လွင့်လာသလို ဖျတ်ခနဲပေါ်လာကြတဲ့ ဖြူ၊နီ၊ပြာ၊ဝါ၊စိမ်း ရောင်စုံစေတနာ့ရှင် တွေကိုလည်း အွန်လိုင်းပေါ်ကနေတွေ့ရပါတယ်။

စနေသားတို့တော့ နဖူးတွေ့ ဒူးတွေ့ တခါမှ မကြုံရသေးလို့ပါ။မကြုံဆို သတင်းကြားတာနဲ့ဝေးဝေးက ရှောင်ကွင်းသွားနေတာကိုး။ရှောင်ဆို ဝတ်ကျေ၊တန်းကျေ “ရွေးကောက်ပွဲ”အမည်ခံမဲပုံးထောင်ပွဲဆိုတာ တစ်တိုင်းပြည်လုံး သိနေကြပြီးသားမဟုတ်လား။

ဒီလိုရှောင်ပေမဲ့ လူမှုကွန်ရက်တွေပေါ် ​တော့ ဇူကာဘတ်​ကျေးဇူးနဲ့ အဲဂိုရသမ်တွေကြောင့် မရှာရ၊မဖွေရဘဲ ပေါ်ပေါ်လာတတ်တဲ့ ခြိမ်းခြောက်တတာလား ၊မဲဆွယ်တာလား မကွဲပြားတဲ့တချို့စကားသံတွေတော့ နားစွင်မိပါရဲ့။

Public Service Announcement

Public Service Announcement

စစ်တလင်းပြင်ထဲက ပြည်သူတွေအရေးတော့ ကူညီဆောင်ရွက်မှု မရှိဘဲ ပြည်သူတွေအတွက်အလုပ် လုပ်နိုင် ဖို့မဲပေးကြပါလို့အငမ်းမရဖြစ်နေကြတဲ့ ပုဂ္ဂိုလ်ထူးတို့ရဲ့နှုတ်ထွက်စကားတွေကို လေ့လာ စောကြောနိုင်ဖို့ပါ။

ဒီလိုနားစွင့်မိတော့ အတိတ်မေ့သလိုလို၊ရွှေပျောက်သလိုလို ပုဂ္ဂိုလ်တွေ ဖျာခင်းချင်သူတွေ တန်းစီတဲ့ ပွဲလို့ပဲ စနေသားလည်း မှတ်ချက်ချမိပါတော့တယ်။အတိတ်မေ့သူကတော့ တခြားဟုတ်ရိုးလား။အညွန့်တလူလူ မျှော်လင့်ချက်တွေပြည့်နေတဲ့ နိုင်ငံကို အဝိစိထိဆွဲချခဲ့တဲ့ အာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင်နဲ့အပေါင်းအပါတွေပါပဲ။

NLD ပါတီ ရွေးကောက်ပွဲ ထပ်နိုင်တာ မရှုစိမ့်နိုင်လို့ “မဲမသမာဘူး”ဆိုပြီး လက်နက်အားကိုးနဲ့ လူမိုက်လုပ်ပြီးတနိုင်ငံလုံးကို အိတ်ထဲကောက် ထည့် အနိုင်ကျင့်ခဲ့တဲ့ ဗိုလ်ချုပ်မှူးကြီးဟာ သူ့အလှည့်ရောက်တော့ မဲစာရင်းတွေ အလုံးစုံမမှန်နိုင်ဘူးလို့ထုတ်ပြောလာပါလေရောလားခင်ဗျာ။
မပါစေချင်တဲ့ပါတီတွေ အစုအဖွဲ့တွေကို ဖယ်ထုတ်၊ချည်တုပ်ပြီးမှ ဂုဏ်သိက္ခာရှိသော၊လွတ်လပ်မျှတ သောရွေးကောက်ပွဲရယ်လို့ တွင်တွင်ကြွေးကြော်နေတဲ့ တပ်ချုပ်ကြီးဟာ ကိုယ်တိုင်ဦးဆောင်ပြီး ကြံ့ဖွတ် ပါတီကိုမဲပေးကြဖို့လည်း မသိမသာရော၊သိသိသာသာပါ လှည့်လည်စည်းရုံးနေပါသေးတယ်။

NLD အစိုးရ ငါးနှစ်ကာလအလွန်၂၀၂၀မှာ No Vote လှုပ်ရှားမှုပေါ်ခဲ့ကြောင်း သတိတရရှိလှတဲ့ တပ်ချုပ်ကြီးဟာ သူ့ရွေးကောက်ပွဲကိုဝေဖန်ရင်တော့ အနည်းဆုံး ထောင်ခုနစ်နှစ်ချတယ်ခင်ဗျ။
မဲပေးဖို့ မပေးဖို့က မဲဆန္ဒရှင်တွေ ဆန္ဒလို့ တပ်ချုပ်ကြီးက ဆိုပေမဲ့ သူ့လက်အောက်က ပုဂ္ဂိုလ်တွေက မဲပေးဖို့ ဖိအားပေး နေတာကျတော့လည်း မသိချင်ယောင်ဆောင်နေတာပါပဲ။

နောက်ထပ် အတိတ်မေ့သူတစ်ယောက်ကတော့ တပ်ချုပ်ကြီးအလိုကျ ပါတီဥက္ကဌဖြစ်လာရတဲ့ဦးခင်ရီပါ။“ဒီရွေးကောက်ပွဲသည် ထူးခြားတဲ့ရွေးကောက်ပွဲဖြစ်တယ်”၊ “ဘယ်တုန်းကမှ မြန်မာ့သမိုင်းမှာမရှိဘူး”ဗိုလ်မှူးချုပ်ဟောင်း ရဲချုပ်ဟောင်း၊လဝကဝန်ကြီးဟောင်း၊ ပါတီဥက္ကဌဆိုသူရဲ့စကားသံ။သူကဒီစကားကို စစ်တပ်အ​စောင့်အ​ရှောက်နဲ့ အရပ်တကာလှည့် အကြိမ်ကြိမ်ပြောနေတာလည်းတွေ့ရပါတယ်။

ပြည်တွင်း၊ပြည်ပ လေ့လာစောင့်ကြည့်သူတွေ၊မီဒီယာတွေရှေ့မှောက်မှာကျင်းပတဲ့ရွေးကောက်ပွဲဆိုတာ မြန်မာ့သမိုင်းမှာ မရှိလို့ သူက ​ဗြောင်လိမ်ပါတယ်။ သူ့စီနီယာဟောင်းကြီး ဦးတင်အေးသာ အနားရှိရင်နာရင်းအုပ်ခံရလောက်ရဲ့လို့သာတွေးမိပါ‌တော့တယ်။

မင်းအောင်လှိုင်ဦးစီးတဲ့ ရွေးကောက်ပွဲကို လူရာဝင်စေချင်စိတ်နဲ့ပဲ ဦးခင်ရီတစ်ယောက် အခုလို ဇွတ်လိမ်​နေပုံ ရပါတယ်။ခက်တာက ၂၀၁၀ ကိုထည့်မတွက်ရင်တောင် ၂၀၁၅၊၂၀၂၀ရွေးကောက်ပွဲတွေဟာသူပြောတာနဲ့တခြားစီဖြစ်နေတာပါ။အဲ့ဒီအထဲက ၂၀၁၅ ရွေးကောက်ပွဲဆိုတာ ဗိုလ်ချုပ်ကြီးဟောင်း ဦးတင်အေးကကော်မရှင် ဥက္ကဌအဖြစ် ဦးစီးခဲ့ပြီးသမိုင်း ဝင်အောင်လုပ်ပေးနိုင်ခဲ့လို့ ကျေနပ်တယ်၊ဂုဏ်ယူတယ်ဆိုပြီး တဖွဖွပြောပြောနေတဲ့ ရွေးကောက်ပွဲ မဟုတ်လား။ အဲ့ဒီတုန်းကဦးခင်ရီကိုယ်တိုင်လည်း လဝက ဝန်ကြီးအဖြစ်နဲ့သက်ဆိုင်တဲ့ရွေးကောက်ပွဲလုပ်ငန်းတွေ ဦးစီးခဲ့ရမှာဖြစ်သလိုကိုယ်တိုင်လည်းဝင်ပြိုင်ခဲ့ပါသေးတယ်။ခွက်ခွက်လန်ရှုံးခဲ့တဲ့ရွေးကောက်ပွဲမို့အတိတ်ကိုတမင်မေ့ပစ်တာဆိုရင်တော့လည်းမပြောတတ်ပါဘူး။

ဦးတင်အေးကော်မရှင် ရဲ့ ၂၀၁၅ ရွေး‌ကောက်ပွဲအပြီး အစီရင်ခံစာကိုလည်း ဦးခင်ရီတစ်ယောက်ပြန်လှန် လှောဖတ်ကြည့်ဖို့တိုက်တွန်းလိုပါတယ်။အဲ့ဒီအစီရင်ခံစာထဲကအချက်အလက်အရဆိုရင် သံရုံး ၃၂ ရုံး၊ နိုင်ငံတကာစောင့်ကြည့်ရေးအဖွဲ့တွေက လူအင်အားတစ်ထောင်ကျော် စောင့်ကြည့်ခဲ့ကြတာပါ။ဥရောပသမဂ္ဂနဲ့အနောက် နိုင်ငံတွေရဲ့သံတမန်တွေ၊ထင်ရှားတဲ့ရွေးကောက်ပွဲစောင့်ကြည့်ရေးအဖွဲ့တွေ အာဆီယံနိုင်ငံတွေက သံတမန်တွေလည်းပါဝင်ပါတယ်။အမေရိကန်သမ္မတဟောင်းဂျင်မီကာတာရဲ့ကာတာဖောင်ဒေးရှင်းက
တော့စောင့်ကြည့်မှုအချက်အလက် တစ်သောင်းကျော်ရခဲ့တယ်လို့ သူတို့ရဲ့ အစီရင်ခံစာမှာဖော်ပြခဲ့ပါတယ်။ ပြည်တွင်းပြည်ပ သတင်းဌာန​ပေါင်းများစွာ အ​တော်​လေး လွတ်လွတ်လပ်လပ် သတင်းရယူ​ဖော်ပြနိုင်ခဲ့ကြပါ​တယ် ။

ကိုဗစ်ကာလအတွင်းကျင်းပတဲ့၂၀၂၀ ရွေးကောက်ပွဲမှာလည်းပြည်တွင်းကလေ့လာစောင့်ကြည့်ရေးအဖွဲ့ ၁၃ဖွဲ့ နိုင်ငံတကာထင်ရှားတဲ့လေ့လာရေးအဖွဲ့တွေအပါအဝင် လူဦးရေထောင်ချီလေ့လာစောင့်ကြည့်ခဲ့ပါတယ်။

အဲ့ဒီကာလဟာ ပြည်တွင်းမှာ မီဒီယာတွေအားကောင်းနေချိန်ဖြစ်လို့ပုဂ္ဂလိကနဲ့ နိုင်ငံ တကာ မီဒီယာ ရာဂဏန်းလောက်လည်း လွတ်လွတ်လပ်လပ်စောင့်ကြည့်သတင်းယူခဲ့ကြပါတယ်။

ဒါတွေဟာ မကြာလှသေးတဲ့သမိုင်းဖြစ်ရပ်တွေပါ။ရိုးသား၊ ကြိုးစား အကျိုးဆောင်ချင်လွန်းလို့ မဲပေးကြ ပါဆိုတဲ့ ၊ စစ်တပ်အာဏာသိမ်းပြီး​နောက်ပိုကြီးပွားလာတဲ့ ဦးခင်ရီကတော့ အခုရွေးကောက်ပွဲကမှ ထူးခြားတယ်လို့ ဆိုနေပါတယ်။

တကယ်တမ်း ထူးခြားတာကတော့ ၂၀၁၀ကစတဲ့ ခေတ်သစ်မြန်မာနိုင်ငံရေးသမိုင်းမှာ စစ်ပွဲတွေကြားကျင်းပရမဲ့ပွဲ၊ ရပ်တည်လို့မရနိုင်အောင် စစ်တပ်က စီမံထားလို့ သူတို့အလိုကျ မီဒီယာတချို့သာ စောင့်ကြည့်သတင်းယူ ကြမဲ့ပွဲ၊ ​နေ့စဥ်ရက်ဆက် စစ်တပ်ကဗုံး​တွေကြဲ​နေတဲ့ကြားကလုပ်မယ့်ပွဲ ၊ ကျားဖြန့် ​ကြောင့် တကမ္ဘာလုံးကမြန်မာလို့ကြားတာနဲ့ နှာ​ခေါင်းရှုံ့ တဲ့အ​ခြေအ​နေကြားကလုပ်မယ်ပွဲ ၊အတုအယောင်ပွဲလို့ နိုင်ငံတကာကဝိုင်းဝန်းသတ်မှတ်နေကြတဲ့ပွဲဆိုတဲ့ ဂုဏ်ပုဒ်တွေကသာ အခုပွဲရဲ့ ထူးခြားချက်တွေဖြစ်ပါလိမ့်မယ်။

ပါတီဥက္ကဌကြီး ဦးခင်ရီက အဲ့ဒီအချက်တွေကိုထောက်ပြချင်လို့ တဖက်လှည့်နဲ့ သမိုင်းမှာမရှိဖူးတဲ့ ရွေးကောက်ပွဲလို့ ကြွေးကြော်ခဲ့တာဆိုရင်တော့ စနေသားလည်း မပြောတတ်ပေါင်ခင်ဗျာ။

ကြံ့ဖွတ်ပါတီရဲ့ သန်းခေါင်ယံအာဏာသိမ်းပွဲအပြီး သတင်းစာရှင်းပွဲမှာ ပါတီဘဏ္ဍာရေးကိစ္စ မေးခွန်း ထုတ်ခံရတော့ “ဒါက ဘဏ္ဍာရေးတာဝန်ခံကိုမေးရမဲ့ကိစ္စပါ”ပြောတာကြောင့် “ဘယ်လိုဆက်သွယ် ရမလဲ”ထပ်မေးတော့ “ဘဏ္ဍာရေးတာဝန်ခံ မခန့်ရသေးပါဘူး”ဆိုပြီး မက်ဆီတောင် အရှုံးပေးရ လောက်အောင် အလိမ်အခေါက်ကောင်းခဲ့သူဟာလည်း အနှီ ဦးခင်ရီပါ။

ဒီလို အတိတ်မေ့သူတွေပြီးတော့ ရွှေပျောက်သလိုလို ဖြစ်နေကြတာကတော့ သာမာန်အခြေအနေမှာ ဝင်တိုးမရခဲ့သမျှ ဒီတစ်ခါ တို့အလှည့်ကွဆိုပြီး စစ်ဖိနပ်ကြိုး ဆွဲခိုဖို့ ကြံစည်ခဲ့ကြသူတွေပါ။ သူတို့အ
ဖို့ ခွေးတိုးပေါက်တစ်ခုစာ‌တောင် နေရာမရခဲ့ကြတဲ့ ရွေးကောက်ပွဲအပြီး ငါးနှစ်အကြာ စစ်အုပ်စု အရိပ်အောက်ခိုဝင်ပြီး နေရာရဖို့ မျှော်တွေးခဲ့ကြသူတွေဆီက ညည်းညူသံတွေ ခပ်စိပ်စိပ်ကြား လာရ ပါပြီ။ရွှေပျောက်ကြသူတွေပေါ့ခင်ဗျာ။

“အခုက ကျွန်မတို့ပါတီတွေက အာဏာရအစိုးရနဲ့ပြိုင်သလိုဖြစ်သွားတယ်”ဟီးဟီးထနေတဲ့ ရွှေဆိုင်၊စိန်ဆိုင်တွေပိုင်ပေမယ့် နိုင်ငံရေးမှာတော့ ဒေါ်သက်သက်ခိုင်ဟာ ရွှေပျောက်သူ ဖြစ်နေတုန်းပဲဆိုတာ အခုရွေးကောက်ပွဲနီးချိန် စ,ထွက်လာတဲ့ သူ့ရဲ့ ညည်းညူသံက သက်
သေပါပဲ။
ဒေါ်အောင်ဆန်းစုကြည် နိုင်ငံရေးအကျဥ်းသမားမဟုတ်ကြောင်း၊ စစ်တပ်က အာဏာထိန်းခဲ့တာသာ ဖြစ်ကြောင်း စတဲ့စစ်တပ်​ပြော​စေချင်တာ​တွေထွက်​ပြော​​ပေး​လေ့ရှိတဲ့ ၊ ရွေးကောက်ပွဲဝင်ဖို့ တပ်ကနေ ကိုယ်စားလှယ်တွေတောင်းခဲ့သေးတယ်ဆိုတဲ့ ဒေါ်သက်သက်ခိုင်ဟာ အခုတော့ ခို,သံစပေးလာပါပြီ။

အစကတည်းက ဒီအချိုး ချိုးမယ်ဆိုတာ မသိခဲ့လို့ ဟုတ်ပုံမရဘူးလို့ စနေသားကတော့ ဆိုချင်တာပါပဲ။ တပ်ကနေ ကိုယ်စားလှယ်လောင်းပေးဖို့တောင် တောင်းခဲ့သေးတာကိုကြည့်ရင် ရွေးကောက်ပွဲအလွန် ခိုင်ခိုင်မာမာနေရာတစ်ခုကို မှန်းခဲ့ပုံပါ။သူ့ကိုရွေးကောက်ပွဲဝင်ခွင့်ပယ်လိုက်ချိန်အထိ အသည်းအသန်အကြွေးတွေပြေးဆပ်၊ပယ်ခံရတဲ့ ၈၀ ကျော်ထဲက တစ်ယောက်ကိုပဲ ပြန်ပါခွင့်ပြုမယ်ဆိုရင်တောင်အဲ့ဒီတစ်ယောက်ဟာ ကျွန်မ လို့ မျှော်လင့် တဲ့ အကြောင်းထုတ်ပြောခဲ့တဲ့ ဒေါ်သက်သက်ခိုင်ဟာ အခုတော့ စစ်တပ်က သူတို့ကိုကန်ထုတ် တော့ မယ်ဆိုတာ ရိပ်မိသွားပုံပါ။

စီးပွားရေး လုပ်ငန်းရှင်တစ်ယောက်ဖြစ်နေပြီး စစ်တပ်က သူတို့ကိုလိုသုံးအနေနဲ့သာ အသုံးချခဲ့ တယ်ဆိုတာ အခုမှရိပ်မိတာကျတော့လည်း အ,တယ်လို့ ဖြေတွေးပေးလို့မရတော့ဘူးခင်ဗျာ။ အခွင့် အရေးမျှော်ကိုးစိတ် ပိတ်ဖုံးနေတယ်လို့သာ ဆိုချင်တော့တယ်။

သူတို့ကျောထောက်နောက်ခံပါတီရွေးကောက်ပွဲမနိုင်လို့ အာဏာထသိမ်းတဲ့ စစ်တပ်ကို တပ်က တပ်လို ပဲနေသင့်တယ် လို့ အခုအချိန်မှ ပြောနေတော့ မရယ်ရတဲ့ ဟာသတွေဖြစ်ကုန်ရောပေါ့ခင်ဗျာ။

ဒေါ်သက်သက်ခိုင်လိုပဲ ရွှေပျောက်သလိုလို ဖြစ်နေတဲ့ နောက်တစ်ယောက်ကတော့ ဦးကိုကိုကြီးပါ။ ဒီမိုကရေစီ ဖြတ်သန်းမှု သမိုင်းကောင်းတွေရှိခဲ့တဲ့ ဦးကိုကိုကြီးဟာ ဒီတစ်ကြိမ်အာဏာသိမ်းပွဲ အလွန် မှာတော့ ငြိမ်းချမ်းရေးလိုလားသူလို့ သူ့ကိုယ်သူကြွေးကြော်ပြီး စစ်တပ်ရဲ့ ရက်စက်ကြမ်းကြုတ်မှုတွေကိုတော့ မျက်နှာလွှဲထားသူပါ။ ပြည်သူ့ပါတီလို့ အမည်​ပေးထား​ပေမယ့် တစ်နိုင်ငံလုံးကစစ်​ဘေး​ရှောင်ပြည်သူ​တွေ ၊စစ်တပ်ရဲ့ အကြမ်းဖက်
သတ်ဖြတ်မှု​ကြောင့်​သေဆုံးခဲ့တဲ့ ပြည်သူ​တွေ ၊အာဏာသိမ်းစစ်တပ်​အောက် ဘက်​ပေါင်းစုံချွတချုံကြပြီး အငတ်​ဘေးပါကြုံ​နေရတဲ့သန်း​ပေါင်းများစွာရှိတဲ့ ပြည်သူ​တွေရဲ့ အ​ကြောင်း​တွေ​တော့ သူမ​ပြောပါဘူး။

အခုတော့ သူဟာ ကြားနေဝါဒကိုင်ဆွဲသူလို့ မဲဆွယ်စည်းရုံးပွဲတွေမှာ ကြွေးကြော်ရင်း စစ်တပ်နဲ့ စစ်တပ် အားပေးသူတွေကို ကြိမ်းမောင်းသလား၊စစ်တပ်ဆန့်ကျင်သူတွေကိုရည်ညွှန်းသလား မကွဲပြားတဲ့ စကား တွေကိုသာဆိုနေပါတော့တယ်။
ဒါကြောင့် စနေသားလည်း နာမည်သာထည့်ပြောရတယ်၊စိုးရွံ့မိတယ်ခင်ဗျ။ “လော်ဘီတွေလည်းကြပ် ကြပ်သတိထား”ဆိုပြီး ဘယ်လော်ဘီကိုပြောမှန်းမသိ ကြိမ်းမောင်းထားတာမဟုတ်လား။

ရန်ကုန်မြို့ထဲ လမ်းဘေး ပလက်ဖောင်းပေါ်ကနေ ဘယ်ဘက်ကို ဆူနေမှန်းမသိပေမဲ့ ဂိုက်ဆိုက်ကတော့ မြန်မာလူထု ရင်ထဲက တစ်ဦးတည်းသော ဗိုလ်ချုပ်ဂိုက်ဆိုက်နဲ့မို့ သူ့ကိုလည်းကြောက်ရသေးတယ်ခင်ဗျ။

ရွေးကောက်ပွဲဝင်ပြိုင်ဖို့ မဲဆန္ဒနယ်ရွေးတာတောင် ဗိုလ်ချုပ်တို့အစဉ်အလာအတိုင်းလို့ ဆိုထားရဲ့ မဟုတ်လား။ အဲ….စနေသားကသာ ဗိုလ်ချုပ်ဂိုက်နဲ့သူ့ကို ကြောက်တာခင်ဗျ။

ဗိုလ်ချုပ်ဂိုက်ဖမ်း ၊ဗိုလ်ချုပ် အသံဇွတ်လုပ်​ပြော​​နေ​ပေမယ့် ဇာက​တော့မ​သေးပါဘူး ။စစ်အုပ်စုလက်ဝေခံ မြို့နယ်အဆင့် ရွေးကောက်ပွဲကော်မရှင် ဥက္ကဌဆိုသူက မဲဆွယ်ပွဲမှာ စပီကာ သံကျယ်လို့ဆိုပြီး လာတားတော့လည်း ဦးကိုကိုကြီးတို့ ခမျာ မကျေမချမ်း မြည်တမ်းငိုကြွေးနေရုံပဲသူ တတ်နိုင်တာပါ။

“အခုက နည်းနည်းလေးလွဲရင်တော့ ခွင့်လွှတ်လို့ရတယ်၊အများကြီးလွဲရင်တော့မကောင်းဘူး”လို့ မဲဆွယ်ပွဲ စင်မြင့်ပေါ်က‌နေ ဆိုပြန်သေးရဲ့။ဟိုက သူတို့မဲရှုံးလို့ ရွေးကောက်ပွဲတစ်ခုလုံးဖျက်၊ အာဏာ သိမ်းပြီး သူ့လက်သူ့ခြေနဲ့ ဖလားသိမ်းဖို့ပြင်ထားတဲ့ ကွင်းထဲ သူကိုယ်တိုင်က တက်တက်ကြွကြွ ဝင်ပြိုင် နေသူဆိုတာ မေ့နေပုံပါ။ဗိုလ်ချုပ်ကြီးတွေကိုယ်စား ခွန်းတုံ့ပေးရမယ်ဆိုရင်ဖြင့် အများကြီးလွဲတော့ ဘာလုပ်မှာမို့လို့လဲသာ ဦးကိုကိုကြီးကိုပြန်မေးလိုက်ချင်တော့တာပါ။

လောလောဆယ်မျက်မြင်ဒိဌိကိုပဲ တစ်နိုင်ငံလုံးကို စစ် ဖိနပ်နဲ့နင်းချေနေတဲ့ စစ်အုပ်စုကစားပွဲထဲ အိမ်ဝင်ဖြည့်ပေးပြီး ယှဉ်ပြိုင်မှုပုံရိပ်ရအောင် ဦးကိုကိုကြီးတို့က ကူညီပေးနေတာ မဟုတ်ဘူးလားဗျာ။
ပြီးတော့ရွေးကောက်ပွဲအလွန် ဟိုဟာလုပ်ပေးမယ်၊ဒီဟာလုပ်ပေးမယ်ဆိုတဲ့ကတိတွေလည်း ကြားရသေးရဲ့။စစ်ဗိုလ်ချုပ်တွေက သူတို့ပြယုဂ်ကောင်းဖို့ လွှတ်တော်ထဲ ရောက်ခွင့်‌ပေးလို့ အမတ်ဖြစ် ရရင် တောင် ဦးကိုကိုကြီးတို့ လွှတ်တော်ထဲ ပြောသမျှ ဆိုသမျှမှတ်တမ်းတင်ခွင့်ရရင်ကံကောင်းလို့ဆိုလိုက် ချင်သေးသဗျ။

ဟိုလူတွေက အခုလောက်ကတည်းက ထိုင်,ထ ကျင့်နေလောက်ပြီခင်ဗျာ။စစ်ပွဲနဲ့ တိုက်ပွဲဆိုတဲ့ စကားလုံးလေးနဲ့တောင် တဝုန်းဝုန်း ထရပ်နေမဲ့ လွှတ်တော်ထဲ တစ်နိုင်ငံလုံး စစ်တလင်း ကြားကနေ အမတ်(ဖြစ်ခဲ့သော်)ဖြစ်သွားမဲ့ ဦးကိုကိုကြီးတို့က ဘာတွေလုပ်ပြချင်နေကြတာလဲလို့မေးလိုက်ချင်တယ်။

စစ်တပ်လောင်းရိပ်အောက်က ကြံ့ဖွတ်ကိုကျော်ပြီး အစိုးရဖွဲ့နိုင်တဲ့အထိ နိုင်မယ်လို့မှန်းထားကြရင်လည်း ငြိမ်းချမ်း​ရေးနိုဘယ်ဆုရှင်ဦးဆောင်တဲ့ ပါတီတောင် ရွေးကောက်ပွဲသုံးခါနိုင်မှတစ်ကြိမ်ပဲအစိုးရလုပ်ခွင့်ရပြီး နှစ်ခါ ထောင်ထဲရောက်ခဲ့ကြတာ မမေ့ နဲ့လို့ လက်တို့လိုက်ပါတယ်။

အော် ငြိမ်ချမ်း​ရေးနိုဘယ်ဆုရှင်ဆိုတော့ လူပြောများတဲ့ မြင်ကွင်း‌လေးလည်း သတိရသွားပြန်တယ်ခင်ဗျာ။ နှင်းဆီ ပန်းခေါင်းမှာပန်၊ပါတီဆိုင်း ဘုတ်အောက်ခံမှာ၊နှစ်ထပ်အိမ်ဝရန်တာပေါ်ကနေ စည်းရုံးရေး စကားပြော ပြတဲ့ အစ်မကြီးပေါ့ခင်ဗျာ။
ဆိုက်ဂိုက်ကြောင့် “ဇွတ်အမေ”လို့ နာမည်တွင်သွားပေမဲ့ ဝရန်တာပေါ်ကနေ သူပြောနေတာတွေကတော့ စနေသားတို့ အသဲထဲအသာထား နားထဲတောင် ကောင်းကောင်းမရောက်လိုက်ဘူးခင်ဗျာ။

ပုံရိပ်ကြောင့်သက်သက်နဲ့တင် “ဇွတ်အမေ”လို့ နာမည်တပ်ခံရတာမဟုတ်သေးဘူးဗျ။နာမည်ကလည်း “ဆု”လို့ဆိုသေးတယ်။ အစ်မကြီးကတော့ ရှင်းပြရှာပါတယ်။ နဂိုမူလကတည်းက “ဆု” ဆိုတဲ့အကြောင်း။ရှင်းပြလေ ရှုပ်လေဆိုတဲ့ ဇာတ်လမ်းပေါ့။ဒီတင်မရပ်​သေးပဲ သူ့​ဖေစ်ဘွတ်အ​ကောင့်မှာပါ တရုတ်လိုဆိရင် စုကြည်လို့ အသံထွက်ဆင်တဲ့ Sujin ဆိုတာကိုပါ အရင်အမည်​​နောက်မှာရေးလိုက်ပါ​သေးတယ် ။ ​လူထုဆီက အာရုံစိုက်မှုရ​အောင် နည်းလမ်းအစုံသုံး​နေတာ မြင်သာပါတယ်။

စစ်တပ်​ရွေး​ကောက်ပွဲ မဲမရလည်း သူ့လူမှုကွန်ယက်မီဒီယာမှာ ​ဖော်လိုဝါးတိုးရင် ​နောင်လုပ်စားဖို့ပို​ကောင်းတယ်လို့ ယူဆသလား​တော့ စ​နေသားလည်းမ​တွေးတက်ပါဘူး။လူထုအာရုံစိုက်မှုရ​အောင် ပုံစံမျိုးစုံနဲ့ ကြိုးပမ်း​နေတဲ့ သူ့​နောက်ကွယ်မှာ ပီအာဗျူဟာ​တွေအပြင် ဘယ်သူ့​တွေရဲ့ လက်​တွေပါမလဲဆိုတာ စ​နေသားအလွန်စိတ်ဝင်စား​နေပါတယ်။ဒါ​ကြောင့် ဗုံးမိုးကြား ၊ကြားဖြန့်​တွေကြားလုပ်မယ့်စစ်တပ်​ရွေး​ကောက်ပွဲ ​ဘာ​တွေထွက်လာလဲဆိုဇွတ်ဗိုလ်ချုပ်အတု နဲ့ ဇွတ်ဆု အတု​တွေပဲထွက်လာတယ်​ပြောရမယ်ထင်ပါတယ်။

မြန်မာလူထုကတော့ ခုထိ ဘယ်မှာမှန်းမသိရတဲ့ “စု”ကိုပဲ မျှော်ကြတာလို့ စနေသားထင်တာပါပဲ ခင်ဗျာ။ ကျန်တဲ့ “ဆု”တွေ “ဆူး”တွေတော့ သိပ်စိတ်ဝင်စားကြလိမ့်မယ်မထင်ဘူး။အခုနေအခါတော့ အာဏာ သိမ်းစစ်တပ်က ပြောနေတဲ့ ရွေးကောက်ပွဲပဲဖြစ်ဖြစ်၊အဲ့ဒီရွေးကောက်ပွဲဝင်ပြိုင်မဲ့ “ဆု”ပဲ ဖြစ်ဖြစ် လူထုက အာရုံလည်းမထားနိုင်ကြပါဘူး။

ပြာပုံတောထဲ ပြေးရင်းလွှားရင်း၊ ရုန်းကြကန်ကြရင်း သူတို့ရင်ထဲက “စု” ကျန်းမာပါစေကြောင်း မေတ္တာ လှမ်းပို့နေကြသေးတာမဟုတ်လား။ “စု”ကလည်း ဒီလူထုကို မမေ့မလျော့ သတိတရရှိနေမှာသေချာပါတယ်။

ဒီလိုရွေးကောက်ပွဲအခါ ကာလမျိုးမယ် “စု”ပြောခဲ့ဖူးတဲ့ စကားလေးလည်း အမှတ်ရနေမိပါသေးတယ်။ ရွေးကောက်ပွဲဝင် ပါတီတွေက ဆန်ပေး၊ဆီပေးမဲဆွယ်လာရင်လည်း “ယူသာယူပါ”တဲ့ခင်ဗျ။
မဲထည့်တော့မှ ကျွန်မတို့ပါတီကိုထည့်ဆိုပြီး ခေါင်းလေး တလှုပ်လှုပ် ပြုံးစစနဲ့ ပြောခဲ့ဖူးတာပေါ့။ အခု လည်း ဆန်တွေ၊ဆီတွေ ဝေလိုက် ဈေးသက်သက်သာသာနဲ့ရောင်းလိုက်၊ ထမင်းကျွေးလိုက်၊ မုန့်ဟင်းခါး ကျွေးလိုက်နဲ့ မဲဆွယ်နေကြပြန်လို့ ယူသာယူ၊စားသာစားလို့ စနေသားကတော့ အားပေးချင်တာပါပဲ။

အနည်းဆုံးရာခိုင်နှုန်း ၇၀ အထက်နဲ့ကြံ့ဖွံ့ အပြတ်အသတ်နိုင်ပါတယ်လုပ်မယ့်စစ်တပ်လုပ်ပွဲ​နေ့ရောက်ရင်တော့ ကိုယ့်သဘောပဲပေါ့ခင်ဗျာ။ ကြေးမုံဖြစ်ဖြစ်၊မြန်မာ့အလင်းဖြစ်ဖြစ် ဒီဇင်ဘာ ၁၂ရက်ကထုတ်တဲ့ သတင်းစာလေးတော့ဆောင်ထားပေါ့။အွန်လိုင်းကနေလည်း အလကားဒေါင်းပြီး ဖုန်းထဲသိမ်းထားလို့ရပါတယ်။

မဖြစ်မနေမဲပေးရမယ်ဆိုပြီး ဖိအားလာပေးကြရင် အဲ့ဒီသတင်းစာမျက်နှာဖုံးလေးသာပြလိုက်ခင်ဗျ။ သူတို့ရဲ့ ချစ်လှစွာ​သော အာဏာလုတပ်ချုပ်ကြီးကိုယ်တိုင်က ဆန္ဒမဲပေးခြင်း၊မပေးခြင်းဆိုတာ မဲဆန္ဒရှင်တွေရဲ့ဆန္ဒသာဖြစ်တယ်လို့ ရန်ကုန်ရောက်တုန်း ပြောသွားတဲ့အကြောင်း အဲ့ဒီသတင်းစာမှာ အထင်းသားဆိုတာ စနေသား လက်တို့ လိုက်ရပါတယ်။ 

ဆက်စပ်သတင်းများ

သတင်း

မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးကောင်စီ (SAC-M)နဲ့ လွတ်လပ်သောရွေးကောက်ပွဲများဆိုင်ရာအာရှကွန်ရက်(ANFREL)အဖွဲ့တို့ ပူးပေါင်း ထုတ်ပြန်တဲ့ ကြေညာချက်မှာတော့ ၂၀၂၅ နှစ်ကုန်ပိုင်းနဲ့ ၂၀၂၆ နှစ်ဆန်းပိုင်းတို့မှာ အပိုင်း ၃ ခု ခွဲခြားပြီး အာဏာသိမ်း မြန်မာစစ်တပ်က ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲတွေဟာလုံးဝတရားဝင်မှုမရှိကြောင်းအတိအလင်းရှုတ်ချထားခဲ့ပါတယ်။

နိုင်ငံတကာ

အတိုက်အခံ ခေါင်းဆောင်ရဲ့ ပြတ်သားတဲ့ ရွေးကောက်ပွဲ အနိုင်ရလဒ်နဲ့အတူ ဟန်ဂေရီကို ၁၆ နှစ်ကြာ ကြီးစိုး အုပ်ချုပ်ခဲ့တဲ့ ဗစ်တာအော်ဘန်ရဲ့ ခေတ်က အဆုံးသတ်သွားခဲ့ပါတယ်။

သတင်း

စစ်ကောင်စီကို တိုက်ခိုက်နေတဲ့ မွန်လက်နက်ကိုင်တပ်ဖွဲ့တွေပါဝင်တဲ့ မွန်တော်လှန်ရေးဖိုရမ်က ကြေညာချက် တရပ်ထုတ်ပြန်ခဲ့ရာ စစ်တပ် ကျင်းပတဲ့ ရွေးကောက်ပွဲက ပေါ်လာမယ့် ဘယ်အုပ်ချုပ်ရေးအဖွဲ့ကိုမှ အသိအမှတ်မပြုကြောင်း အသိပေးထားသလို ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ နဲ့ တနိုင်ငံလုံး အပစ်ရပ်စာချုပ် (NCA) အခြေခံ နိုင်ငံရေးဆွေးနွေးပွဲတွေကိုလက်မခံကြောင်း ကြေညာချက်ထုတ်ပြန်ပါတယ်။

နိုင်ငံတကာ

ဘင်္ဂလားဒေ့ရှ် ရွေးကောက်ပွဲမှာ အရေးနိမ့်ခဲ့တဲ့ မဟာမိတ် ညွန့်ပေါင်း အင်အားစု မဲဆန္ဒနယ် ၃၀ ကျော်က ရလဒ်တွေနဲ့ ပတ်သက်လို့ မကျေနပ်ကြောင်း ရွေးကောက်ပွဲ ကော်မရှင် (EC)ဆီ တရားဝင် အရေးဆိုခဲ့ပါတယ်။