■အမ်း-ပဒါန်းလမ်းတိုက်ပွဲတွေမှာ AA အပါအဝင်မဟာမိတ်တပ်တွေထံအလင်းဝင်တဲ့စစ်သား ၃၀၀ ခန့်ရှိလာ
ဒီဇင်ဘာ-၂၄၊၂၀၂၅။အိမ်သွင်/People’s Spring
နတ်ရေကန်ဗျူဟာတိုက်ပွဲအတွက် အာဏာသိမ်းစစ်တပ်ပို့လိုက်တဲ့ စစ်သင်တန်းဆင်းစစ်သားအသစ်တွေထဲက ၃ဦး ချင်းကာကွယ်ရေးတပ်-အရှို (CDF – Asho )ထံလက်နက်တွေနဲ့ အလင်းဝင်လာပါတယ်။
ငဖဲမြို့နယ် နတ်ရေကန်လမ်း ဟောင်းက ပဇီကျေးရွာအနီး ရှေ့တန်းစစ်မြေပြင်ကနေ ဒီဇင်ဘာလ( ၁၄ )ရက်နဲ့ ( ၁၉ )ရက်မှာ ထွက်းပြေးလာတာလို့ CDF – Asho ပြန်ကြားရေးတာဝန်ခံကပြောပါတယ်။

Public Service Announcement
“သူတို့က ထွက်ပြေးရင်း အလင်းဝင်တာမဟုတ်ဘူး။ ဆက်သွယ်ပြီး အလင်းဝင်တာ။ သူတို့က တော်လှန်ရေးအင်အားစုတွေထိန်းချုပ်ထားတဲ့ ဒေသကမို့ ပြန်ကြမှာ”လို့ သူကရှင်းပြပါတယ်။
အလင်းဝင်လာသူတွေဟာအသက်၃၀ခန့် အမျိုးသားတွေဖြစ်ပါတယ်။ စစ်သင်တန်းဆင်း တွေဟာ ရှေ့တန်းစစ်မြေပြင်မှာအထက်တပ်မှူးတွေက ဗိုလ်ကျအနိုင်ကျင့်မှု၊ညှဉ်းပန်းနှိပ်စက်မှုတို့ကြောင့် တိုက်ခိုက်လိုစိတ် မရှိတော့ဘဲ နေ့စဉ်နှင့်အမျှ တပ်မှထွက်ပြေးရန် ကြိုးစားလျှက်ရှိနေကြတယ်လို့ CDF – Asho ကထုတ်ပြန်ထားပါတယ်။
ရခိုင် နဲ့ မကွေးအစပ် အမ်း-ပဒါန်းလမ်းတိုက်ပွဲတွေမှာ CDF Asho အပါအဝင် AAနဲ့ မဟာမိတ်တွေထံ အလင်းဝင်တဲ့စစ်သား ၃၀၀ ခန့်ရှိနေပြီလို့သိရပါတယ်။ လက်နက်နဲ့အလင်းဝင်လာသူတွေကို ဆုငွေပေးသလို ကျန်သူတွေကိုလည်း နေရပ်ထံပြန်ပို့ပေးတာတွေလည်း ရှိနေပါတယ်။
နတ်ရေကန်ဗျူဟာကို အာရက္ခတပ်တော် AA နဲ့ ပူးပေါင်းတပ်တွေက တိုက်ခိုက်နေပြီး စစ်တပ်က တပ်မ(၈၈)၊ စကခ(၁၇)တို့ကို သုံးပြီး ခုခံနေပါတယ်။ အခုနောက်ဆုံး မကွေးအခြေစိုက် တပ်မ (၉၉)ကိုပါ စစ်ကူထပ်မံစေလွှတ်ပြီး နတ်ရေကန်မကျဖို့ခုခံနေပါတယ် ။
နတ်ရေကန်စခန်းအနီး စစ်မြေပြင်မှ လူငယ် များအနေဖြင့် ချင်းကာကွယ်ရေးတပ် – အရှိုထံသို့ ဘက်ပြောင်းလိုပါက အချိန်မရွေး ဘက်ပြောင်းလာနိုင်ပြီး အလင်းဝင်ဘက်ပြောင်းလာသူတိုင်းရဲ့ အသက်နှင့်လုံခြုံမှု ရရှိစေရေးကို အာမခံတယ်လို့CDF – Asho က ထုတ်ပြန်ထားပါတယ်။






















































