ဒီဇင်ဘာ-၃၁၊၂၀၂၅။ထားမြတ်/People’s Spring
ချင်းညီနောင် ဖွဲ့စည်းတည်ထောင်ခြင်း နှစ်နှစ်ပြည့်အခမ်းအနားကို ဒီဇင်ဘာ ၃၀ရက်ညပိုင်းကကျင်းပခဲ့ရာ အဲဒီအခမ်းအနားမှာ ကချင်လွတ်လပ်ရေးအဖွဲ့(KIO/KIA) ခေါင်းဆောင်တဦးဖြစ်တဲ့ ကချင်လွတ်လပ်ရေးကောင်စီ ဒုတိယ ဥက္ကဋ္ဌ ဒုတိယ ဗိုလ်ချုပ်ကြီးဂွန်မော် တက်ရာက်မိန့်ခွန်းပြောကြားခဲ့ရာ စုစည်းညီညွတ်ရေးအဓိက လိုအပ်ကြောင်းပြောကြားခဲ့ပါတယ်။
တော်လှန်ရေးလုပ်တယ်ဆိုတာ မတရားမှုကို တွန်းလှန်တာဖြစ်ပြီး ဒါဟာစဖြစ်သလို ပန်းတိုင်ကတော့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတည်ဆောက်ဖို့ဖြစ်ကြောင်း ဒုဗိုလ်ချုပ်ကြီးဂွန်မော်က ပြောကြားပါတယ်။ အမှန်တရားပေါ်မှာ ရပ်တည်ပြီး စုစည်းတဲ့ ခွန်အားသာလျင် တကယ့်ခွန်အားအစအမှန်ဖြစ်တယ်ဆိုတာကို သတိချပ်ဖို့ သတိပေးခဲ့တဲ့ ဒုဗိုလ်ချုပ်ကြီးဂွန်မော်ရဲ့ ဂုဏ်ပြုမိန့်ခွန်းအပြည့်အစုံကို ရေးသားဖော်ပြလိုက်ပါတယ်။
“တက်ရောက်ချီးမြှင့်ကြတဲ့ ခေါင်းဆောင်များအားလုံး အဖွဲ့အစည်းများအားလုံး ကို မင်္ဂလာပါလို့ ဦးစွာ နှုတ်ခွန်းဆက်ချင်ပါတယ်။ ကျနော်တို့ အနေနဲ့ ဒီကနေ့ အခမ်းအနားမှာ တက်ရောက်ရတာကတော့ ချင်းညီနောင်များရဲ့ နှစ်နှစ်တာ ဆောင်ရွက်ချက်များအပေါ်မှာ ဂုဏ်ပြုခြင်း ဖြစ်သလို တော်လှန်ရေးမှာ ကျနော်တို့ အင်အားစုစည်းမှု လိုတယ်ဆိုတဲ့ အသိစိတ်ဓာတ်နဲ့ ကျနော်တို့ တက်ရောက်တာဖြစ်ပါတယ်။

Public Service Announcement
နှစ်ပတ်လည် နှစ်နှစ်အတွင်းမှာ ဆောင်ရွက်ခဲ့တဲ့ ကျနော်တို့ရဲ့ အတွေ့အကြုံများဟာ တန်ဖိုးမဖြတ်နိုင်တဲ့၊ ရှေ့ခရီးအတွက် သင်ခန်းစာတွေ အများကြီး ရရှိပြီးဖြစ်တယ်ဆိုတာကို ယုံကြည်ပါတယ်။
ကျနော်တို့ဟာ တော်လှန်ရေးလုပ်နေတယ်လို့ ခံယူထားတဲ့ သူတွေဖြစ်ပါတယ်။ ကျနော်တို့ကိုယ်တိုင်လည်း တော်လှန်ရေးသမားတွေလို့ ခံယူထားသူတွေဖြစ်တယ်။
တော်လှန်ရေးလို့ ပြောတာကတော့ မတရားမှုကို တွန်းလှန်မယ့် ဝေါဟာရ ဖြစ်ပါတယ်။ ဒါကြောင့် ကျနော်တို့ဟာ တော်လှန်ရေးသမားဖြစ်တယ်လို့ ခံယူတာနဲ့အညီ မှန်ကန်တဲ့လမ်းကြောင်း ပေါ်မှာ ကျနော်တို့ ရှိနေဖို့လိုအပ်ပါတယ်။
နောက်တချက်ကတော့ စုစည်းဖို့ အရေးကြီးပါတယ်။ ရန်သူကို ကျနော်တို့ကလက်နက်အင်အား အခြားသော အင်အားများနဲ့ ယှဉ်ဖို့ဆိုတာ ခက်ခဲပါတယ်။ အမှန်တရားပေါ်မှာ ရပ်တည်ပြီး စုစည်းတဲ့ ခွန်အားသာလျင်ကျနော်တို့ရဲ့ တကယ့်ခွန်အားအစအမှန်ဖြစ်ပါတယ်။ ဒါ ကျနော်တို့ အမြဲတမ်း သတိချပ်ဖို့ လိုပါတယ်။ ဒါကြောင့်မို့လို့ ခုဏပြောသလိုပဲဒီကနေ့ ကျနော်တို့ ဒီအခမ်းအနားကို ဒီအချက် ၂ချက်အပေါ်မှာ အဓိကထားပြီးတက်ရောက် လာတာဖြစ်ပါတယ်။
ကျနော်တို့ တိုက်ပွဲတွေ အချိန်တော်တော်များများ ဆင်နွှဲခဲ့ကြပါပြီ။ စခန်းသိမ်းတာတို့ ကိုယ့်ဘက်က အနိုင်ရတာတို့ ကိုယ့်ဘက်က အရေးနိမ့်တာတို့ အများကြီးရှိပါတယ်။အောင်ပွဲဆိုတာကတော့ နောက်ဆုံးအဆုံးအဖြတ်မှာ ထွက်ပေါ်လာတဲ့ အဖြေဟာ အောင်ပွဲဖြစ်ပါတယ်။ ကျနော်တို့ဟာ တူညီတဲ့ပန်းတိုင်ရှိပြီးသားဖြစ်တယ်လို့ ယုံကြည်ပါတယ်။
တော်လှန်တယ် မတရားမှုကို တော်လှန်တယ်ဆိုတာ ဒါကျနော်တို့ ရဲ့ အစဖြစ်ပါတယ်။ကျနော်တို့ရဲ့ ပန်းတိုင်ကတော့ တကယ်စစ်မှန်တဲ့ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်မယ်ဆိုတဲ့ ပန်းတိုင်ဖြစ်ပါတယ်။
အဲဒီတော့ ကျနော်တို့ဟာ ဘယ်ကနေ စပြီးဘယ်မှာအဆုံးသတ်မယ်ဆိုတာ အတိအကျ ရှိတယ်လို့ ယုံကြည်ပါတယ်။ ဒီလို မှန်ကန်တဲ့လမ်းကြောင်းပေါ် သွားတဲ့အခါမှာ ကျနော်တို့က အစုစုအစည်းစည်းနဲ့ တဖက်နဲ့တဖက် တယောက်နဲ့တယောက် နားလည်မှု အပြည့်နဲ့အချိတ်အဆက်ညီညီဆောင်ရွက်ဖို့လိုပါတယ်။
မြန်မာနိုင်ငံရယ်လို့ ပေါ်ထွန်းလာတဲ့ အချိန်ကတည်းက ကျနော်တို့ဟာ တစုတစည်းတည်း ကျနော်တို့ရဲ့ နိုင်ငံကို မတည်ဆောက်နိုင်ခဲ့တဲ့ အတွက်ကြောင့်မို့လို့ ဒီကနေ့အထိဖရိုဖရဲဖြစ်နေရတာ ဒါကျနော်တို့ရဲ့ အတွေ့အကြုံဖြစ်ပါတယ်။ အဲဒီတော့ ဒီတကြိမ်နွေဦးတော်လှန်ရေးဟာ အစိအစဉ်တကျ တော်လှန်ပြီး အစီအစဉ်တကျ ကျနော်တို့ရဲ့ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုကို တည်ဆောက်ဖို့အတွက် အခွင့်အရေးတခုဖြစ်ပါတယ်။
ဒါအခင်းအကျင်းအသစ်ဖြစ်ပါတယ်။ ဒီလို အခင်းအကျင်းအသစ်မှာကျနော်တို့ဟာ ကျနော်တို့ရဲ့ စိတ်ဓာတ်ခွန်အား ကာယခွန်အား အားလုံးကို အရင်းအနှီးပြုပြီးတော့ တော်လှန်နေတဲ့ တချိန်တည်းမှာပဲ ကျနော်တို့ဘာတွေလိုချင်သလဲ ဘာတွေတဖက်နဲ့ တဖက်နားလည်မှု ပေးရမလဲ ဆိုတဲ့အပိုင်းကိုလည်း ပွင့်ပွင့်လင်းလင်း ဆွေးနွေးဖို့ ဖြစ်ပါတယ်။
ဒါကြောင့် ခုဏ ခေါင်းဆောင်များ မိန့်ကြားသလိုပဲ တဖက်က လက်နက်ကိုင်တော်လှန်ရေး တခုတည်းလုပ်တာမဟုတ်ဘဲနဲ့ ကျနော်တို့ရဲ့ အနာဂတ်အတွက် တည်ဆောက် နေတဲ့အချိန်ဖြစ်တယ်ဆိုတာ တော့ အမြဲတမ်း ကျနော်တို့ ဒါကို သတိချပ်ပြီးမှ တည်ဆောက်နေဖို့လိုပါတယ်။
စစ်တိုက်တာရယ် အုပ်ချုပ်တာရယ် နိုင်ငံရေးလုပ်တာရယ် ပြည်သူ့ဝန်ဆောင်မှု ပေးတာရယ် ဆိုတဲ့ ခေါင်းစဉ်တွေဟာ တော်တော်ကွဲပြားပါတယ်။ စစ်တိုက်တဲ့သူဟာ တချို့နိုင်ငံရေး ကျွမ်းကျင်ချင်မှလည်း ကျွမ်းကျင်မယ်။ ထိုနည်းလမ်းကောင်းပဲ အုပ်ချုပ်ရေးကဏ္ဍမှာ တာဝန်ယူတဲ့သူကတော့ အခြားတဖက်မှာ သူ့အနေနဲ့ အင်အားအပြည့်နဲ့လုပ်နိုင်ချင်မှ လုပ်နိုင်မယ်။ ဒီဟာတွေအားလုံးကို တစုတစည်းတည်း စုစည်းပေးတဲ့ ဦးဆောင်ဦးရွက်ပေးတဲ့ စီမံကိန်းတွေလိုပါတယ်။ ဒါဟာ စီမံကိန်း ဒါတကယ့်ကျနော်တို့ရဲ့ မဟာဗျူဟာဖြစ်ပါတယ်။
ဒီကနေ့ ကျနော်တို့ အင်အားတွေကို စုစည်းဖို့ ပြောတဲ့အခါ တခါတလေမှာ ကျနော်တို့ဆီမှာ အားလုံးအားမရပါဘူး။ ကျနော်တို့ တိုင်းရင်းသား လူမျိုးတွေအသီးသီးမှာ ငြင်းပယ်လို့မရတဲ့အချက်ဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ လွန်ခဲ့တဲ့ လတွေက ကျနော်တို့ ဒေသမှာ ချင်းညီနောင်တွေရောက်လာတဲ့အခါမှာ ကျနော်တို့ ဥက္ကဋ္ဌက ကျနော့်ကို ပြောပါတယ်။ ချင်းညီလူမျိုးတွေကို ငါတို့ ကချင်တွေရဲ့ အတွေ့အကြုံ ပြောပြပါလို့ သူက ပြောတယ်။ အဲဒီတော့ ကျနော်တို့လည်း ဘယ်လိုအခက်အခဲတွေနဲ့ ဖြတ်ကျော်ခဲ့သလဲ ဆိုတာ ပြောပြပါတယ်။ ဒါပေမဲ့ ကျနော်တို့ စုစည်းဖို့လိုပါတယ်။
ချောင်းလေးတချောင်းမှာ ရှိတဲ့ ရေနေ သတ္တဝါတွေကတော့ နည်းပါတယ်။ ချောင်းတွေ သုံးလေးချောင်း အများကြီးပေါင်းစည်းပြီး မြစ်ကြီး ဖြစ်လာတဲ့ ဧရာ၀တီမြစ်ကြီးမှာ ရှိတဲ့ ရေနေသတ္တဝါတွေက ပိုပြီးများပါတယ်။ ပိုပြီး အကျိုးပြုနိုင်ပါတယ်။ ပိုပြီးမှ အကျိုးရှိစွာနဲ့ ကျနော်တို့ ဒီဧရာ၀တီမြစ်ကြီးကို အသုံးချနိုင်သလိုပဲ ကျနော်တို့ အင်အားတွေအကုန်လုံး စုစည်းလို့ရှိရင် တနိုင်ငံလုံးကို အကျိုးပြုနိုင်တဲ့ ဝန်ဆောင်မှု ပေးနိုင်တဲ့ မြစ်ကြီးတစင်းဖြစ်လာမယ်လို့ မျှော်လင့်ပါတယ်။
ခုနပြောသလိုပဲ ကျနော်တို့ တိုက်ပွဲတွေအများကြီးဆင်နွှဲတဲ့အခါမှာ ကျနော်တို့ရဲ့ အရင်းအမြစ်တွေ ဘယ်လောက်လိုအပ်သလဲဆိုတာလည်း လက်တွေ့သိပြီးသားဖြစ်တယ်။ ဒီလိုကြီးမားတဲ့ အရင်းအမြစ်တွေကိုလည်း တဖွဲ့ချင်း ပြည်နယ်တခုချင်း အလိုက် ဆောင်ရွက်နေလို့မရပါဘူး။ အဲဒီတော့ စုစည်းဖို့လိုပါတယ်။
စုစည်းတယ်လို့ ပြောတဲ့အခါမှာ ကျနော်တို့ CRPH ဥက္ကဋ္ဌကြီး ခုဏ မိန့်ခွန်း ပြောသွားသလိုပဲ ဘယ်သူက အထက်လည်း ဘယ်သူက အောက်လည်း ဆိုတဲ့ အတွေးအခေါ်တွေဟာ ကျနော်တို့ကို ခဏခဏ အနှောက်အယှက်ပေးပါတယ်။ ဒီလိုဟာမျိုးကို တမင်တကာ ကျနော်တို့ အဖွဲ့ကြားထဲကိုခေါင်းထဲကို ရိုက်သွင်းတဲ့ ဟာတွေကို ကျနော်တို့ နားထောင်လို့မရပါဘူး။ အဲဒီတော့ စုစည်းရမယ် တာဝန်ကိုယ်စီရှိတယ်ဆိုတဲ့ဟာကိုလည်း သတိချပ်ဖို့လိုပါတယ်။
ကျနော်တို့ ခုနက ပြောသလိုပဲ ကျနော်တို့ရဲ့ တော်လှန်ရေးဟာ အဆုံးမှာ ကျနော်တို့ တကယ်ပဲ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုကြီးကို တည်ဆောက်မယ်ဆိုတဲ့ ရည်မှန်းချက် အတိအကျ ရှိပြီးသားဖြစ်တဲ့အတွက်ကြောင့်မို့လို့ ဒီကနေ့ ကျနော်တို့ မမှိတ်မသုန်သွားဖို့လိုပါတယ်။
နောက်ဆုံးအနေနဲ့ ကျနော့်အနေနဲ့ ပြောချင်တာကတော့ ကျနော်တို့ တော်လှန်ရေး၊ နွေဦးတော်လှန်ရေး အချိန်မှာ အများကြီး အတွေ့အကြုံတွေ ရခဲ့ပါပြီ။ မတူညီတဲ့အတွေ့အကြုံတွေကို ရှေ့ဆက်ရမယ့် နိုင်ငံတခုရဲ့ လှပတဲ့ တည်ဆောက်မှု ကျနော်တို့က အသေအချာ အသုံးချ နိုင်ဖို့လိုအပ်ပါတယ်။
ချင်းလဲန်းရဲ့ အင်အားစု၊ ချင်းလဲန်းရဲ့ အရင်းအမြစ်ဟာ ကျနော်တို့ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုအတွက် တန်ဖိုးမဖြတ်နိုင်တဲ့ ခွန်အားတွေ ဖြစ်ပါစေလို့လည်း ဆုတောင်းပါတယ်။
မနက်ဖြန်ကတော့ ၂၀၂၅ နောက်ဆုံး နေ့ရက်တွေဖြစ်ပါတယ်။အဲဒီတော့ မကြာခင် မျှော်လင့်ခြင်းအပြည့်နဲ့ ခွန်အားရှိတဲ့ နှစ်သစ်မှာလည်းရောက်နိုင်ပါစေ။ ကျနော်တို့ရဲ့ စုစည်းမှုနဲ့ ကျနော်တို့ရဲ့ အပြန်အလှန်နားလည်မှု သာလျင် ကျနော်တို့ကို အောင်မြင်မှု ပေးစွမ်းနိုင်မှာ ဖြစ်တယ်။
ကျနော်တို့ရဲ့ မိမိယုံကြည်ရာ မိမိတို့ရဲ့ ဘာသာရေးအရ ဆုတောင်းခြင်းအားဖြင့် အပြန်အလှန် အမြဲတမ်း ခွန်အားယူပြီးရှေ့ခရီးဆက်ကြပါစို့လို့ ပြောရင်း ဂုဏ်ပြုရင်းနဲ့ နိဂုံးချုပ်ပါတယ်။ကျေးဇူးတင်ပါတယ်။”


















































