ဇန်နဝါရီ-၂၄၊ ၂၀၂၆။ People’s Spring
သမ္မတဒေါ်နယ်ထရမ့်အစိုးရက မြန်မာနိုင်ငံသားတွေအပေါ် ပေးအပ်ထားတဲ့ ယာယီအကာအကွယ်ပေးမှုအစီအမံ(TPS) ရုတ်သိမ်းထားမှုကို အမေရိကန်ဖက်ဒရယ်တရားရုံးတစ်ခုက ယာယီဆိုင်းငံ့လိုက်တယ်လို့ သိရပါတယ်။
အီလီနွိုင်ပြည်နယ် မြောက်ပိုင်းခရိုင်တရားရုံး စီနီယာတရားသူကြီး မက်သရူးကန်နေလီက သမ္မတထရမ့်အစိုးရ ရုတ်သိမ်းထားမှုကို ယာယီဆိုင်းငံ့ကြောင်း အမိန့်ချမှတ်လိုက်ပြီး အဲဒီအမှုကို သေချာစိစစ်ကာ အပြီးသတ်အမိန့်မချခင်အချိန်အထိ ယာယီရပ်ဆိုင်းလိုက်တာလို့ မြန်မာ့အရေးတက်ကြွလှုပ်ရှားသူ ဦးဂျိမ်းရွှေက ပြောပါတယ်။
ဖက်ဒရယ်တရားရုံးက အမှုကို သေချာစစ်ဆေးပြီး ဆုံးဖြတ်ချက် ချတဲ့ အထိ ယာယီရပ်ဆိုင်းလိုက်တာဖြစ်ပြီး ဆုံးဖြတ်ချက်ချပြီးတယ်ဆိုရင်တောင် အုပ်ချုပ်ရေးပိုင်းဘက်က အယူခံဝင်ဖို့ အလားအလာများတယ်လို့ ဦးဂျိမ်းရွှေက ဆိုပါတယ်။

Public Service Announcement

ဒါပေမဲ့ လောလောဆယ် ဒီအမှုကို ဆက်မဆုံးဖြတ်မချင်း TPS နဲ့ နေထိုင်နေတဲ့ မြန်မာနိုင်ငံသားတွေအနေနဲ့ ပြန်စရာမလိုသေးဘဲ လုပ်လက်စ အလုပ်အကိုင်တွေကိုလည်း ဆက်လက် လုပ်ကိုင်လို့ ရကြောင်း သူက ဆက်လက် ရှင်းပြပါတယ်။
ဒီအမှုက လွယ်လွယ်ကူကူနဲ့ ပြီးမယ့်ပုံမရှိဘဲ အချိန်ကြာမြင့်နိုင်ပြီး TPSနဲ့ နေထိုင်သူတွေအချိန်တော်တော်ရသွားတာပေါ့လို့ ဦးဂျိမ်းရွှေက မှတ်ချက်ပြုပါတယ်။
မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းမှုဖြစ်ပွားချိန် ၂၀၂၁ ခုနှစ်က အမေရိကန်သမ္မတဖြစ်သူ ဂျိုးဘိုင်ဒန်က အမေရိကန်ရောက် မြန်မာတွေအတွက် TPS ကို ပေးအပ်ခဲ့တာပါ။ ၂၀၂၅ မှာ သမ္မတထရမ့် တက်လာပြီး ၁၀လခန့်အကြာမှာ စစ်အာဏာသိမ်းထားတဲ့ မြန်မာနိုင်ငံမှာ အခြေအနေတွေ တိုးတက်ကောင်းမွန်လာတယ်ဆိုပြီး TPS ကို ရုတ်သိမ်းဖို့ ကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။
အမေရိကန် အမိမြေလုံခြုံရေးဝန်ကြီး ခရစ္စတင်းနိုအမ်ရဲ့ ၂၀၂၅ နိုဝင်ဘာ ၂၅ရက် ထုတ်ပြန်ချက်ကြောင့် TPS နဲ့ နေထိုင်သူ မြန်မာတွေအနေနဲ့ ဒီလ ၂၆ ရက်မှာ နေထိုင်ခွင့်၊အလုပ်လုပ်ခွင့် သက်တမ်းကုန်မှာ ဖြစ်ပါတယ်။
ဒါပေမဲ့ ဇန်နဝါရီ ၂၃ရက် မနေ့က အီလီနွိုင်ပြည်နယ် တရားသူကြီးတစ်ဦးရဲ့ အမိန့်ကြောင့် TPS နေထိုင်သူ မြန်မာ ၄၀၀၀ ခန့်ဟာ ယာယီဆက်လက်နေထိုင်ခွင့်၊ အလုပ်လုပ်ခွင့် ဆက်လက် ရရှိခဲ့တာ ဖြစ်ပါတယ်။


















































