စစ်ကိုင်းတိုင်း တန့်ဆည်မြို့နယ်တွင် ကပေါင်းကျရွာအားဖျက်ဆီးပြန်လာသည့် အကြမ်းဖက်စစ်ကောင်စီတပ်အား မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်မှ အနည်းဆုံးခြောက်ဦးသေဆုံးကြောင်း တန့်ဆည်ပြည်သူ့ရဲဘော်အဖွဲ့ TPCက သတင်းထုတ်ပြန်သည်။

ယနေ့ (ဒီဇင်ဘာလ ၈ ရက်) နံနက်ပိုင်းက တန့်ဆည်မြို့နယ် ကပေါင်းကျရွာက စစ်ကြောင်းပြန်ခေါက်လာသည့် အကြမ်းဖက် စစ်ကောင်စီတပ်ကို စီတုံးလုံးချောင်း၊ မယ်တော်ကြီးနတ်နန်းတောင်ဘက်တွင် မိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး စစ်ကောင်စီဘက်မှ အနည်းဆုံးခြောက်ဦးသေဆုံးကာ ထိခိုက်ဒဏ်ရာရသူများရှိကြောင်းတန့်ဆည်ပြည်သူ့ရဲဘော်အဖွဲ့ TPCက အသိပေးသည်။

တိုက်ခိုက်မှုမခံရခင် နံနက်အစောပိုင်းက အကြမ်းဖက်စစ်ကောင်စီတပ်များသည် ကပေါင်းကျကျေးရွာသို့ ဝင်ရောက်ပြီး လူနေအိမ်များ ရိုက်ချိုးဖျက်ဆီးဖြိုလှဲသွားခဲ့ကြောင်း ဒေသခံများက ပြောသည်။

“ကပေါင်းကျရွာက စကစတွေ မကြာခဏလာရောက်ဖျက်ဆီးခံရတဲ့ရွာပါ။ ဆုံးရှူံးမှုကြီးပါတယ်”ဟု ဒေသခံတစ်ဦးက ပြောသည်။

Public Service Announcement
အကြမ်းဖက် စစ်ကောင်စီတပ်အားတိုက်ခိုက်ခဲ့ပြီးနောက် ပြည်သူ့ရဲဘော်များဘေးကင်းကြောင်း၊ ဒီဇင်ဘာလ ၃ ရက်နေ့က ကန့်ဘလူမြို့နယ် တင်ငုတ်ကြီးရွာတွင် ကျဆုံးခဲ့သော ရဲဘော်ကိုနှင်းအောင်အတွက် သွေးကြွေးပြန်ဆပ်ခြင်းဖြစ်ကြောင်း တန့်ဆည်ပြည်သူ့ရဲဘော်အဖွဲ့ TPCက ထုတ်ပြန်သည်။




















































