Connect with us

Hi, what are you looking for?

သတင်း

လေထုညစ်ညမ်းမှု အဆိုးဆုံး ကမ္ဘာ့ မြို့ကြီးတွေ စာရင်းထဲမှာ ရန်ကုန် ပါဝင်နေ

ရန်ကုန်မြို့ရဲ့ လက်ရှိ လေထုအခြေအနေဟာ ကမ္ဘာပေါ်မှာ အဆိုးဆုံးအဆင့် မြို့ကြီးတွေ စာရင်းထဲ ပါဝင်နေပါတယ်။

(၂၀၂၅ ဇန်နဝါရီလက ရန်ကုန်မြို့​လေထုညစ်ညမ်း​နေတာကို ​တွေ့ရစဥ်။ဓါတ်ပုံ-AFP )

​ဖေ​ဖော်ဝါရီ-၂၄၊၂၀၂၆။People’s Spring

ရန်ကုန်မြို့ရဲ့ လက်ရှိ လေထုအခြေအနေဟာ ကမ္ဘာပေါ်မှာ အဆိုးဆုံးအဆင့် မြို့ကြီးတွေ စာရင်းထဲ ပါဝင်နေပါတယ်။

ဖေဖော်ဝါရီ ၂၃ ရက်နေ့ထိ တိုင်းတာရရှိထားတဲ့ စာရင်းတွေအရ ရန်ကုန်ရဲ့ လေထု အရည်အသွေး အညွှန်းကိန်းဟာ-AQI ၁၆၇ ဖြစ်ပါတယ်။ AQI ကိန်းဂဏန်းတွေဟာ နည်းလေ ကျန်းမာရေးနဲ့ ညီညွတ်လေ ဖြစ်ပါတယ်။သန့်စင်တဲ့ လေထု အညွှန်းကိန်းဟာ ၅၀ အောက်ဖြစ်ပြီး ၁၅၀ ကနေ ၂၀၀ ကြား ပမာဏကိုတော့ ကျန်းမာရေးကို ထိခိုက်စေတဲ့ လေထု အရည်အသွေးလို့ သတ်မှတ်ပါတယ်။ ၂၀၀ ကျော်သွားရင် ကျန်းမာရေးကို အများကြီး ထိခိုက်စေနိုင်တဲ့ အဆင့်ဖြစ်လာပြီး ၃၀၀ ကျော်ကတော့ အန္တရာယ်အဆင့် ဖြစ်ပါတယ်။

ဖေဖော်ဝါရီ ၂၃ ရက်​​နေ့အခြေအနေအရ မြန်မာဟာ အိန္ဒိယရဲ့ ကိုလ်ကတ္တား၊ ဘင်္ဂလားဒေ့ရှ်ရဲ့ ဒါကာ၊ ပါကစ္စတန်ရဲ့ လာဟိုးတို့အပြီး ကမ္ဘာပေါ်မှာ လေထုညစ်ညမ်းမှု စတုတ္ထ အဆိုးဆုံး မြို့ကြီးအဖြစ် ရပ်တည်နေပါတယ်။

Public Service Announcement

Public Service Announcement

AQI ဆိုတာဟာ လေထုထဲမှာ အဆိပ်အတောက် ဖြစ်ပွားစေနိုင်တဲ့ PM 10နဲ့ PM 2.5 အမှုန်အမွှားတွေ ရောနှော ပါဝင်နေမှုကို တိုင်းတာတဲ့ ယူနစ်ဖြစ်ပြီး ရန်ကုန်ရဲ့ လေထုထဲမှာတော့ အဲဒီနှစ်မျိုးစလုံးဟာ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး(WHO)က ကျန်းမာရေးအတွက် ကိုက်ညီတယ်လို့ လက်ခံထားတဲ့ ပမာဏထက် ၅ ဆ မြင့်တက်နေပါတယ်။

ကားအိတ်ဇောတွေက ထွက်တဲ့ ဓာတ်ငွေ့တွေ၊ ဖုန်အမှုန်တွေ၊ အမှိုက်မီးရှို့မှုတွေနဲ့ စက်မှုလုပ်ငန်းတွေက ထွက်လာတဲ့ မီးခိုးတွေဟာ ရာသီဥတု အေးမြချိန်မှာ မီးခိုးမြူအဖြစ် ပြောင်းလဲသွားပြီး လေထုထဲမှာ စွဲမြဲကျန်နေရာက အခုလို အခြေအနေတွေ ကြုံတွေ့ရတာ ဖြစ်ပါတယ်။

AQIညွှန်ကိန်း ၁၆၇ ဆိုတဲ့ အခြေအနေမှာ အသက်ရှူရ ခက်ခဲတဲ့ ပြဿနာမျိုးတွေ ကြုံလာစေနိုင်ပြီး အထူးသဖြင့် ကလေးတွေ၊ သက်ကြီးရွယ်အိုတွေ၊ ကိုယ်ဝန်ဆောင်တွေ၊ နှလုံးနဲ့ အဆုတ် ရောဂါရှိသူတွေမှာ ပိုပြီး ထိခိုက်နိုင်ပါတယ်။

ကျန်းမာရေး ပညာရှင်တွေကတော့ လေထု ညစ်ညမ်းနေချိန်မှာ တတ်နိုင်သလောက် အိမ်အပြင်မထွက်တာ၊ မဖြစ်မနေ အပြင်ထွက်ရင်လည်း နှာခေါင်းစည်း mask တပ်ဆင်တာတွေ လုပ်ဖို့ အကြံပြုထားပါတယ်။

ရာသီဥတု အေးပြီး လေစီးကြောင်း လည်ပတ်မှု အားပျော့တဲ့ အချိန်တွေမှာ အမှုန်အမွှားတွေ လေထုထဲ တွဲခိုနေမှုက ပိုမို ကြာရှည်တတ်ပြီး အခြေအနေတွေ မြန်မြန် တိုးတက်လာဖို့ ခက်ခဲနိုင်ပါတယ်။ ဒါပေမဲ့ အပူချိန် ပိုမြင့်လာပြီး လေပိုတိုက်လာတဲ့ အခါမှာတော့ ကျန်းမာရေးအတွက် မသင့်တော်တဲ့ အဆင့်ကနေ သတိထား စောင့်ကြည့်ရမယ့် အဆင့်ထိလေထုအရည်အသွေးပြန်တိုးတက်လာနိုင်တယ်လို့လည်း လေ့လာသူတွေကမှတ်ချက်ပေးထားပါတယ်။

ကိုးကား: IQAir

ဆက်စပ်သတင်းများ

သတင်း

လူထု​ခေါင်း​ဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့မွေးနေ့မှာ အာဏာသိမ်းစစ်တပ်က ရန်ကုန်မြို့ကို လုံခြုံရေးတင်းကြပ်စွာချထားတယ်လို့ ဒေသခံတွေပြောပါတယ်။

သတင်း

စစ်တပ်ရဲ့ လုံခြုံရေးတင်းကျပ်နေတဲ့ ရန်ကုန်မြို့မှာလူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့၈၁ နှစ်ပြည့်မွေးနေ့ မှာနှင်းဆီလှုပ်ရှားမှုပြုလုပ်ခဲ့တယ်လို့ Yangon 4 Brothers- ရန်ကုန်တော်လှန်ညီနောင် ၄ ဖွဲ့က အသိပေးထားပါတယ်။

သတင်း

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ မွေးနေ့မှာ ပြုလုပ်မယ့် နှင်းဆီလှုပ်ရှားမှုကို လှုံ့ဆော်ပေးတဲ့အနေနဲ့ စစ်တပ်ရဲ့ လုံခြုံရေးတင်းကျပ်နေတဲ့ ရန်ကုန်မြို့မှာ နှင်းဆီလှုပ်ရှားမှုကို ပြုလုပ်ခဲ့ပါတယ်။

သတင်း

ရန်ကုန်မြို့အနီးမှာ ဒီနေ့ (ဇွန်လ၁၄)ညနေ ၅နာရီ ၉ မိနစ်ခန့်ကရစ်ခ်တာစကေး ၄ ဒဿမ ၁ အဆင့် ငလျင်ထပ်လှုပ်သွားပါတယ်။