မတ် – ၅ ၊၂၀၂၆
ရုရှား ရဟတ်ယာဉ် တစ်စီးကို ရုရှား လေကြောင်း ကာကွယ်ရေး စနစ်တွေက မှားယွင်းပစ်ချမိပြီး အမှုထမ်းတွေ အားလုံး သေဆုံးသွားကြောင်း သတင်းတွေ ထွက်ပေါ်လာပါတယ်။
ရုရှားရဲ့ စစ်ရေးသတင်းတွေကို မျှဝေလေ့ရှိတဲ့ Telegram channel တချို့က ရော့စတော့ဗ် ဒေသမှာ မတ်လ ၃ ရက်နေ့တုန်းက အဲဒီ အမှားအယွင်း ဖြစ်ခဲ့တာလို့ ဖော်ပြခဲ့ကြပါတယ်။ ရုရှားရဲ့ လေကြောင်းကာကွယ်ရေး တပ်ဖွဲ့တွေက Mi-8လို့ ယူဆရတဲ့ စစ်ရဟတ်ယာဉ်ကို ယူကရိန်း ဒရုန်းတွေလို့ မှားယွင်းယူဆပြီး ပစ်ချမိခဲ့တာလို့ ဆိုပါတယ်။
Telegramပေါ် ပျံ့နှံ့လာတဲ့ ဗီဒီယို တစ်ခုမှာတော့ ညပိုင်းအချိန် ကောင်းကင်ယံမှာ မီးလုံးကြီးတစ်ခု တောက်လောင်နေပြီး စက္ကန့်ပိုင်းလောက် အကြာမှာ မြေပေါ် ကျဆင်းသွားတာ တွေ့ရပါတယ်။ ဒီကိစ္စဟာ အချင်းချင်း မှားယွင်းပစ်ခတ်မှု Friendly fire ဖြစ်စဉ်လို့ ရုရှား စစ်ဘက် Telegram channelတွေမှာ ဖော်ပြခဲ့ပါတယ်။

Public Service Announcement
ရုရှား ကာကွယ်ရေး ဝန်ကြီးဌာနကတော့ ရော့စတော့ဗ်မှာ ရဟတ်ယာဉ် တစ်စီးကို မှားယွင်းပစ်ချမိခဲ့ကြောင်း သတင်းတွေနဲ့ ပတ်သက်ပြီး ဘာမှတ်ချက်မှ မပေးသေးပါဘူး။ အဲဒီအစား မတ်လ ၃ ရက်နေ့ ညပိုင်းက ရော့စတော့ဗ်ကို ကျူးကျော် ဝင်ရောက်လာတဲ့ ယူကရိန်းဒရုန်း ၃၄ စင်းကို ကြားဖြတ် ပစ်ချနိုင်ခဲ့တယ်လို့ပဲ ထုတ်ပြန်ထားပါတယ်။
ရော့စတော့ဗ် ဒေသ အုပ်ချုပ်ရေးမှူး ယူရီ ဆလျူဆာက မီလာရော့ဗ်စကီးနဲ့ တာရာဆော့ဗ်စကီး ဧရိယာတွေမှာ ဒရုန်းတွေကို ပစ်ချခဲ့တာလို့ သတင်းထောက်တွေကို ပြောပါတယ်။ ဒါပေမဲ့ ရဟတ်ယာဉ် ပျက်ကျခဲ့တယ်ဆိုတဲ့ ကိစ္စမျိုးကိုတော့ သူက ထည့်ပြောမသွားခဲ့ပါဘူး။
ရုရှား Telegram channelsတွေက ပျက်ကျတဲ့ ရဟတ်ယာဉ် အမျိုးအစားကို အတိအကျ မရေးခဲ့ပေမယ့် Aviahub ဝက်ဘ်ဆိုက်က Mi-8 တစ်စီး ဖြစ်တယ်လို့ ဆိုပါတယ်။ Mi-8တွေဟာ ရုရှားစစ်တပ်ရဲ့ သယ်ယူပို့ဆောင်ရေး ရဟတ်ယာဉ် ဖြစ်ပေမယ့် ယူကရိန်း စစ်ပွဲမှာ တိုက်ခိုက်ရေး အတွက်ပါ မွမ်းမံ အသုံးပြုနေပါတယ်။ တချို့ သတင်းတွေက ပျက်ကျတဲ့ ရုရှားရဟတ်ယာဉ်ဟာ Ka-52 အမျိုးအစား ဖြစ်နိုင်တယ်လို့ ဖော်ပြနေပြီး အမျိုးအစား တိတိကျကျ မသိရသေးပါဘူး။
တိုက်ခိုက်ရေးအတွက် မွမ်းမံပြောင်းလဲထားတဲ့ Mi-8တွေမှု အဖွဲ့သား ၃ ဦး ပါဝင်လေ့ရှိပြီး Ka-52 အမျိုးအစား တိုက်ခိုက်ရေး ရဟတ်ယာဉ်တွေမှာတော့ လေယာဉ်မှူးနဲ့ လက်နက်အရာရှိတို့ လိုက်ပါလေ့ ရှိပါတယ်။
စစ်ရေး အကဲခတ်တွေကတော့ ရုရှားဟာ ၂၀၂၂ နှစ်ဆန်းပိုင်းမှာ ယူကရိန်းကို ကျူးကျော်စစ် စတင်ဆင်နွှဲခဲ့ပြီးနောက်ပိုင်း Mi-8 ရဟတ်ယာဉ် အစီးရေ ဒါဇင်နဲ့ချီ ဆုံးရှုံးခဲ့ပြီးဖြစ်ကြောင်း မှတ်ချက်ပေးထားပါတယ်။
ကိုးကား – Kyiv Post၊ဓာတ်ပုံ – AFP


















































