Connect with us

Hi, what are you looking for?

အတွေးအမြင်

ငလျင်ကြီးက ပေးခဲ့တဲ့ စိတ်ဒဏ်ရာများ

လွန်ခဲ့တဲ့နှစ် ၂၀၂၅ ခုနှစ်၊ မတ်လ ၂၈ ရက် နေ့လယ်ခင်းကို အခုချိန်ထိ မေ့လို့မရသေးပါဘူး ။ အဲဒီအချိန်က ကျနော်ဟာ အိမ်ရဲ့ ထမင်းစားပွဲမှာ ထိုင်နေတုန်း “ဝေါကနဲ” ဆိုတဲ့ မြည်ဟိန်းသံကြီး ထွက်ပေါ်လာပါတယ် ။

မြန်မာ့သမိုင်းတ​လျှောက် လူ​သေဆုံး ၊ပျက်စီးဆုံးရှုံးမှု အများဆုံးဖြစ်​စေခဲ့တဲ့ မြေငလျင်ကြီးလှုပ်ခတ်ပြီး အပျက်အစီး​​တွေနဲ့ သံဃာ​တော်​တွေကို​တွေ့ရစဥ်။ဓါတ်ပုံ-SSR

-မစ်ချယ် ​ရေးသားသည်။

လွန်ခဲ့တဲ့နှစ် ၂၀၂၅ ခုနှစ်၊ မတ်လ ၂၈ ရက် နေ့လယ်ခင်းကို အခုချိန်ထိ မေ့လို့မရသေးပါဘူး ။ အဲဒီအချိန်က ကျနော်ဟာ အိမ်ရဲ့ ထမင်းစားပွဲမှာ ထိုင်နေတုန်း “ဝေါကနဲ” ဆိုတဲ့ မြည်ဟိန်းသံကြီး ထွက်ပေါ်လာပါတယ် ။

အဲဒီအသံနဲ့အတူ ထမင်းစားပွဲရော တအိမ်လုံးပါ စကောထဲက ဇီးဖြူသီးတွေလို ဘယ်ညာ ယိမ်းထိုးသွားခဲ့ပါတယ်။ အစကတော့ ဘာဖြစ်မှန်းမသိဘဲ ကြမ်းပြင်ပေါ် ချက်ချင်း ထိုင်ချလိုက်မိတယ် ။ အပြင်ဘက်မှာလည်း အော်ဟစ်သံတွေနဲ့ ဆူညံနေပြီး ကမ္ဘာပျက်ပြီလားလို့တောင် ထင်မိပါတယ် ။ အဲဒီတော့မှ ပြင်းထန်တဲ့ ငလျင်ကြီးလှုပ်တာမှန်း သိလိုက်ရပြီးအိမ်အောက်ကိုပြေးဆင်းခဲ့ရတယ်။

အခု ၂၀၂၆ ခုနှစ်၊ မတ်လ ၂၈ ရက်ဆိုရင် မန္တလေး၊ စစ်ကိုင်းနဲ့ နေပြည်တော်တို့ကို အပြင်းအထန် ရိုက်ခတ်ခဲ့တဲ့ အင်အား ၇.၇ မဂ္ဂနီကျု ရှိတဲ့​မြေငလျင်ကြီး လှုပ်ခတ်ခဲ့တာ တနှစ်ပြည့်ပါပြီ။ အဲ့ဒီငလျင်ကြီးကြောင့် လူငါးထောင်‌ကျော် သေဆုံးခဲ့ပြီး အဆောက်အအုံပေါင်း သောင်းချီ ပြိုကျပျက်စီးခဲ့ရပါတယ်။

Public Service Announcement

Public Service Announcement

ငလျင်ကြောင့် ပြိုကျပျက်စီးသွားတဲ့ လမ်းတွေနဲ့ အဆောက်အအုံအချို့ကို​တော့ရှင်းလင်းတာ၊ အချို့ကို အသစ်ပြန်ဆောက်ပြီးဖြစ်ပေမဲ့ ငလျင်ဒဏ်ခံခဲ့ရသူတွေရဲ့ စိတ်ထဲမှာတော့ အကြောက်တရားတွေက မပြီးသေးပါဘူး ။ အခုထိ စိုးရိမ်ပူပန်မှုတွေနဲ့ စိတ်ပိုင်းဆိုင်ရာ ဒဏ်ရာတွေကို ခံစားနေကြရတုန်းပါပဲ ။

မန္တလေးမှာ ကားကြီးတစီး ဖြတ်မောင်းလို့ တုန်ခါသွားရင်တောင် ရင်တထိတ်ထိတ် ဖြစ်နေကြသူတွေ အများကြီးရှိနေတုန်းပါ။ ငလျင်လှုပ်တယ်လို့ပဲ စိတ်ထဲ ထင်နေတာ ဖြစ်ပါတယ်။ တကယ်လည်း နောက်ဆက်တွဲ ငလျင်တွေဟာ အကြိမ်ရေရာချီပြီး လှုပ်နေတုန်းပါ။ အထပ်မြင့်မှာ နေသူအချို့ဆိုရင် ငလျင်လှုပ်ခဲ့တာ တနှစ်ကြာပြီ ရှိပေမဲ့ တိုက်ခန်းပေါ် ပြန်မနေရဲတော့ဘဲ တခြားနေရာတွေကို ပြောင်းရွှေ့နေထိုင်နေကြရပါတယ် ။

ကလေးသူငယ်တွေ ဆိုရင်ညဘက်လန့်နိုးတာမျိုးနဲ့ အထပ်မြင့်ကျောင်းဆောင်တွေအောက် ဝင်ဖို့ကိုတောင် စိုးရိမ်နေကြတုန်းပါ ။အဲ့ဒီလို စိုးရိမ်နေတာကို “ကြောက်တတ်လွန်းလိုက်တာ”ဆိုပြီး အပြစ်တင်လို့ မရပါဘူး။ လစ်လျူလည်း ရှု့မထားသင့်ပါဘူး။ ဒါတွေဟာ ငလျင်ကြီးက ပေးခဲ့တဲ့ စိတ်ဒဏ်ရာလွန် စိတ်ဖိစီးမှုဝေဒနာ (Post-Traumatic Stress Disorder – PTSD) ပါပဲ။တိုက်တွေအိမ်တွေပြိုသွားတာကို ပြန်ဆောက်လို့ ရပေမယ့် စိတ်ပြိုလဲကျသွားတာတွေကို ပြန်မတ်ဖို့က ပိုပြီး ခက်ခဲပါတယ်။

ကံဆိုးမသွားရ မိုးလိုက်လို့ရွာဆိုသလိုပဲငလျင်ကြောင့် ရုပ်ပိုင်းဆိုင်ရာတွေဆုံးရှုံးရုံတင်မကပဲ နောက်ဆက်တွဲ အဖြစ် စိတ်ပိုင်းဆိုင်ရာတွေပါ ခံစားကြရတာပါ။စီးပွားရေး ရုန်းကန်နေရတဲ့ မိသားစုတွေဆို စိတ်ဒဏ်ရာ ကုစားဖို့ထက် ဘယ်မှာအိပ်ပြီး ဘာလုပ်ကိုင် စားသောက်ရမလဲဆိုတဲ့ အခက်အခဲတွေကိုပဲရင်ဆိုင်နေကြရပါတယ်။

လာမယ့် ရက်ပိုင်းအတွင်းဆို ငလျင်လှုပ်ခဲ့တာတစ်နှစ်ပြည့်ပါပြီ။ တစ်နှစ်ပြည့်အတွက် အထိမ်းအမှတ်ပွဲတွေ၊အောက်မေ့ပွဲတွေလုပ်ရုံနဲ့တင်မလုံလောက်ပါဘူး။နောက်တကြိမ် အခုလို အင်အားပြင်းငလျင်တွေ ထပ်လှုပ်လာရင် ဘယ်လိုလုပ်ကြမလဲဆိုတာကို လက်တွေ့ကျကျ သင်ခန်းစာယူဖို့ လိုပါတယ်။ ဒါ​ပေမယ့် ပြည်သူ​တွေကို အ​လေးမထားပဲ အာဏာလက်မလွတ်​ရေးကိုပဲ အ​​လေးထားတဲ့ စစ်အုပ်စုလက်ထက်မှာ မှ ဖျက်အားအပြင်းဆုံးငလျင်ကြီးလှုပ်ခဲ့တာက မြန်မာပြည်သူ​တွေအတွက် ကံဆိုးမိုး​မှောင်ကျမှုတစ်ခုဖြစ်ပါတယ်။ နိုင်ငံတကာအကူအညီ​တွေကို ​တောင်းခံခဲ့​ပေမယ့်​ရောက်လာတဲ့အကူအညီ​တွေကို ​နေပြည်​တော်နဲ့ စစ်​ကောင်စီ ယန္တရား​တွေအတွက်အဓိကသုံးတာ ၊အ​ရေး​ပေါ်ကယ်ဆယ်​ရေး နဲ့ ပြန်လည်ထုး​ထောင်​ရေး​တွေကို စနစ်တကျမလုပ်တက်တာ​ကြောင့် ငလျင်လှုပ်ပြီး အ​ဆောက်အအုံပျက်​အောက်​တွေမှာပိတ်မိ​နေတဲ့ပြည်သူ​တွေ များစွာ​သေဆုံးခဲ့ပါတယ်။ စစ်​ကောင်စီက ကယ်ဆယ်​ရေးလုပ်ငန်း​တွေမှာ စစ်တပ်ကို မသုံးပဲ ငလျင်ကြီးလှုပ်ပြီး နာရီပိုင်းအတွင်းမှာ ရှမ်း​မြောက် ၊စစ်ကိုင်း ၊မန္တ​လေးတိုင်းတို့ကို ဗုံးသွားကြဲတယ်အထိ ပြည်သူ​တွေအ​​ပေါ်​စေတနာနည်းတာကိုပြသခဲ့ပါတယ် ။

အဆောက်အအုံတွေ ခိုင်ခံ့ဖို့ လိုသလို လူတွေရဲ့ စိတ်ဓာတ်တွေ ပြန်လည် နာလန်ထူဖို့က ပိုအရေးကြီးပါတယ်။ တကယ်တော့ ငလျင်ဒဏ်သင့်ခဲ့ရသူတွေရဲ့ စိတ်ပိုင်းဆိုင်ရာ ပြန်လည်နာလန်ထူရေးဟာ လမ်းတံတားတွေ၊အဆောက်အဦတွေ ပြန်ပြင်တာ၊ အသစ်ပြန်ဆောက်တာထက် မလျော့တဲ့ အရေးကြီးမှုမျိုး ရှိသင့်ပါတယ်။

ဒါပေမယ့် အခုချိန်ထိ စနစ်တကျ လေ့ကျင့်ပေးထားတဲ့ စိတ်ပိုင်းဆိုင်ရာ အကြံပေးပညာရှင်တွေ၊ နှစ်သိမ့်ဆွေးနွေးပေးမယ့် အစီအစဉ်တွေကို ရပ်ကွက်တွေအထိ ထဲထဲဝင်ဝင်ရောက်အောင် ထိထိရောက် လုပ်ပေးနေတာမျိုးက မရှိသလောက်ပါပဲ။ ရုပ်ပိုင်းဆိုင်ရာပျက်စီးတာတွေကိုပဲ အနည်းကျဥ်း ကူညီရုံ၊ စာရင်းကောက်ရုံ၊ ပြုပြင်ပေးရုံလောက်သာ တွေ့ရပါတယ်။

မန္တလေးမြို့ကြီးဟာအခုအချိန်ထိရုပ်ပိုင်းရော စိတ်ပိုင်းပါ ဒဏ်ရာတွေ မကျက်သေးပါဘူး။ စစ်​ကောင်စီက ငလျင်ဒဏ်ကပြန်လည်ထူ​ထောင်​ရေးကို လုံ​လောက်​အောင် မလုပ်​ပေးနိုင်တာ​ကြောင့်ပြည်သူ​တွေဟာ အခက်အခဲမျိုးစုံကြားကိုယ်ထူကိုယ်ထလုပ်ခဲ့ကြရပါတယ် ။အခုချိန်ထိ အပျက်အစီး​တွေကို စနစ်တကျမရှင်းလင်းနိုင်​သေးတာလည်းရှိ​နေဆဲပါ ။

ပျက်စီးသွားတဲ့ လမ်းတွေ၊ အဆောက်အအုံတွေကို ပြန်ပြင်လို့ရပေမယ့် ငလျင်က ပေးခဲ့တဲ့ စိတ်ဒဏ်ရာတွေ သက်သာလာဖို့က အချိန်ယူရဦးမှာ ဖြစ်ပါတယ်။ ငလျင်ကြီးကပေးခဲ့တဲ့ စိတ်မသက်သာရမှုတွေကို အချင်းချင်း အပြန်အလှန် လက်တွဲကူညီမှုတွေနဲ့ပဲ သက်သာလာအောင် နလန်ထူအောင် ကြိုးစားကြရမှာ ဖြစ်ပါတယ်။

တကယ်တော့ ဒီလိုစိတ်ဒဏ်ရာမျိုးတွေကို လျစ်လျူရှုထားလို့မရပါဘူး။ကိုယ်တိုင်ပဲဖြစ်ဖြစ်၊ကိုယ့်ဘေးနားက လူတွေပဲဖြစ်ဖြစ် နေ့စဉ်ဘဝမှာ အရင်လို ပုံမှန်အတိုင်း နေထိုင်ရတာ ခက်ခဲလာပြီဆိုရင်တော့ တတ်ကျွမ်းတဲ့ စိတ်ကျန်းမာရေး ပညာရှင်တွေ၊ နှစ်သိမ့်ဆွေးနွေးပေးတဲ့သူတွေနဲ့ အမြန်ဆုံး တိုင်ပင်ကြည့်ဖို့ လိုပါတယ်။

စိတ်ဒဏ်ရာဆိုတာက ဒီအတိုင်း ထားလိုက်ရုံနဲ့ အလိုလို ပျောက်သွားတာမျိုး မဟုတ်ပါဘူး။ စနစ်တကျနဲ့ သေချာကုစားမှသာ ပြန်ပြီး နာလန်ထူလာနိုင်မယ့် ဝေဒနာတခုပါ။ကျွမ်းကျင်သူတွေဆီမှာ အကူအညီတောင်းတယ်ဆိုတာ ရှက်စရာမဟုတ်သလို၊ ဒါဟာ ကိုယ့်ရဲ့ စိတ်ပိုင်းဆိုင်ရာ လုံခြုံမှုအတွက် ပိုခိုင်မာတဲ့ အနာဂတ်ကို တည်ဆောက်နေတာပဲ ဖြစ်ပါတယ်။

ငလျင်ကြောင့် ပြိုသွားတဲ့ တိုက်တွေအိမ်တွေကို ပြန်ဆောက်လို့ ရသလိုပဲ၊ ကျနော်တို့ရဲ့ စိတ်ဓာတ်တွေကိုလည်း တယောက်နဲ့တယောက် ဖေးမကူညီပြီး စနစ်တကျ ကုစားကြမှသာ အမြန်သက်သာလာမှာ ဖြစ်ပါတယ်။ ။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ဂျပန်နိုင်ငံ အနောက်တောင်ပိုင်းမှာ ဇူလိုင် ၂၈ ရက်နေ့က လှုပ်ခတ်ခဲ့တဲ့ မဂ္ဂနီကျု ၇.၁ အဆင့် ငလျင်ကြီးကြောင့် သေဆုံးသူဟာ နှစ်ဒါဇင် နီးပါးထိ များပြားလာခဲ့ပါတယ်။

သတင်း

မန္တလေးမြို့၊ ပုသိမ်ကြီးမြို့အနီးကို ဗဟိုပြုပြီး ၄.၆ အဆင့်ရှိ အင်အား အတော်အသင့်ရှိတဲ့ မြေငလျင်တစ်ခု လှုပ်ခတ်သွားကြောင်း အမျိုးသားညီညွတ်ရေးအစိုးရရဲ့ လူမှုရေးရာ၊ အလုပ်သမားနှင့် လူသားချင်းစာနာထောက်ထားရေးဝန်ကြီးဌာန(MoSLHA)က သတင်းထုတ်ပြန်ပါတယ်။

နိုင်ငံတကာ

ဂျပန် နိုင်ငံမှာ လှုပ်ခတ်ခဲ့တဲ့ ပြင်းထန်တဲ့ ငလျင်ကြီးကြောင်း သေဆုံးသူ အရေအတွက်ဟာ ၁၃ ဦးထိ မြင့်တက်လာကြောင်း သိရပါတယ်။

နိုင်ငံတကာ

ဂျပန်နိုင်ငံ အနောက်တောင်ပိုင်းမှာ မဂ္ဂနီကျု ၇.၁ အဆင့် ငလျင်ကြီးတစ်ခု လှုပ်ခတ်ခဲ့တဲ့နောက် ဆူနာမီ ရေလှိုင်းအန္တရာယ် သတိပေးချက်တွေ ထုတ်ပြန်ထားပါတယ်။