မတ်-၃၀၊၂၀၂၆/People’s Spring
မွန်ပြည်နယ်၊ သထုံမြို့နယ်မှာ (၄)အရွယ်ကလေးငယ်တစ်ဦး ဝမ်းသွားနေမကောင်းဖြစ်လို့ စစ်ကောင်စီရဲ့ တိုက်နယ်ဆေးရုံသွားရောက်ပြသရာ ဆရာဝန်က ဆေးထိုးလိုက်လို့ ကလေးငယ် သေဆုံးမှု ဖြစ်ပွားခဲ့ပါတယ်။
မတ်လ ၂၉ ရက်မှာ သထုံမြို့နယ်၊ မိုးကောင်းကျေးရွာအုပ်စု၊ ကလိကျွန်းကျေးရွာက (၄)နှစ်အရွယ် မောင်းဖုန်းမြတ်ဟာ ဝမ်းသွားပြီး နေမကောင်းတာကြောင့် အဘွားဖြစ်သူက ကလေးငယ်ကိုခေါ်ပြီး စစ်ကောင်စီရဲ့ သိမ်ဆိပ်တိုက်နယ်ဆေးရုံတာဝန်ခံဆရာဝန် ဒေါက်တာသက်ထူးအေးအောင်ရဲ့ ပြင်ပမှာဖွင့်ထားတဲ့ အာယုသုခဆေးခန်းကို သွားရောက်ပြသခဲ့ပါတယ်။
အဲ့ဒီနောက် ဆရာဝန်က ကလေးငယ်ကို စစ်ဆေးပြီးနောက် ဆေးရုံကြီးမှာ ဆေးသွားထိုးဖို့ ပြောခဲ့ပါတယ်။ အဲဒီနောက် တိုက်နယ်ဆေးရုံက အခြားဆရာဝန်တွေက ဆေးထိုးပြီးနောက် အိမ်ပြန်စဉ်လမ်းမှာ ကလေးငယ် သေဆုံးသွားတာလို့ ဒေသခံတွေက ပြောပါတယ်။

Public Service Announcement
“အကြောင်းက ဆေးခန်းပြတယ်။ ဆေးရုံထဲလွှတ်ပြီးဆေးထိုးခိုင်းတဲ့ပုံစံပါ။ ဆေးရုံရောက်တော့ ဆရာမ တစ်ယောက်က ဆေးထိုးတယ် ကလေးအဖွားက မထိုးဘူးပြောတော့ မထိုးရင် ဆရာပြောလိမ့်မယ်ဆိုပြီးထိုးလိုက်တာ “လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
ကလေးငယ် သေဆုံးမှုနဲ့ပတ်သက်ပြီး အခြားဆရာဝန်တစ်ဦးက “၁၂ အောက်ကလေး ဘယ်ဆရာဝန်မှ ဆေးမထိုးဘူး လေ။ အဲ့မှာထဲက အဲ့ဆရာဝန်က မှားနေပြီ “လို့ ပြောပါတယ်။
ဒေါက်တာသက်ထူးအေးအောင်ဟာ ဆေးခန်းကိုလာပြတဲ့လူနာတွေကို အခုလိုပဲ သူတာဝန်ခံတာဝန်ယူထားတဲ့ ဆေးရုံကိုလွှတ်ပြီး ဆေးထိုးခိုင်းလေ့ရှိတယ်လို့ ဒေသခံအချို့ကပြောပါတယ် ။ဒါ့အပြင် လူနာတွေကြည့်ရှုရာမှာ ရိုင်းစိုင်းစွားပြောဆိုတာတွေမကြာခဏလုပ်လေ့ရှိသူဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
မတ်လ ၃၀ ရက်မှာတော့ သေဆုံးသွားတဲ့ ကလေးငယ်ရဲ့ ရုပ်အလောင်းကိုတော့ ကလိကျွန်းသုဿန်မှာ မီးသဂြိုလ်ခဲ့ကြပါတယ်။
“ရွာကလူကြီးနည်းနည်းခေါ်ပြီး ဆရာဝန်ဆီသွားပြောပြတော့ဆရာဝန်က အမှုဖွင့်ချင်ဖွင့်၊ တရားစွဲချင်စွဲကြိုက်သလိုလုပ်ဆိုပြီး ခပ်အေးအေးပဲပြန်ပြောလိုက်ပါတယ်”လို့ ဒေသခံတစ်ဦးက ပြောပါတယ်။


















































