ဧပြီ-၃၀၊၂၀၂၆။ဇော်ရမ်း/ People’s Spring
ဖားကန့်မြို့နယ်လုံးခင်းကျေးရွာမှာ စစ်တပ် တပ်စွဲထားတဲ့နေရာတွေကို KIA၊ KPDFတို့က ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ထိခိုက်သေဆုံးသူများနေပြီး ပြည်သူ့စစ်တွေနဲ့စစ်မှုထမ်းသင်တန်းဆင်းတွေအများဆုံးသေဆုံးထိခိုက်နေတယ်လို့ ဒေသခံသတင်းရင်းမြစ်တွေကပြောပါတယ်။
လုံးခင်းကျေးရွာထဲကဂေါက်ကွင်း၊သုသာန် နဲ့ဆေးရုံကုန်းမှာ တပ်စွဲထားတဲ့စစ်ကောင်စီစစ်ကြောင်းတွေကို KIA၊KPDFက ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်နေတာပါ။
ဧပြီလ ၂၅ရက်နဲ့ ဧပြီလ၂၈ရက်နေ့ နေ့လည်ပိုင်းတိုက်ခိုက်မှုမှာသေဆုံးသူ ၅၀ ထက်မနည်းရှိခဲ့ပြီး အလောင်းတွေကို ဖြစ်သလို မြုပ်လို့ အပုတ်နံ့တွေထွက်နေပြီလို့ ဒေသခံတွေကပြောပါတယ်။

Public Service Announcement
“ဆေးရုံကုန်းပတ်ချာလည်မှာမြုပ်နေတာ။မသေတာတွေကိုယမ်းချက်ရုံထဲသယ်သွားတယ်။ အများဆုံးသေတာကဝါရာဇွပ်ပြည်သူ့စစ်တွေနဲ့ စစ်မှုထမ်းတွေ။ ချနေတာတော့ တအုံးအုံးပဲ”လို့ KIAနဲ့ နီးစပ်တဲ့ သတင်းရင်းမြစ်ကပြောပါတယ်။
ဖားကန့်ကိုရောက်ရှိနေတဲ့စစ်ကြောင်းမှာစစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့အတူ ရှမ်းနီတပ်၊ ဝါရာဇွပ်ပြည်သူ့စစ်တပ်ဖွဲ့ဝင်တွေ အင်အားထောင်ချီပြီးပါဝင်ပြီး လုံးခင်းကျေးရွာအုပ်စုထဲမှာအများဆုံးတပ်စွဲထားပါတယ်။
ဖားကန့်မြို့နယ်မှာဧပြီလ၂ရက်က စတင် တိုက်ပွဲတွေဖြစ်ခဲ့ပြီးစစ်တပ်ကလူနေအိမ်တွေနဲ့လူမှုကူညီရေးရုံးတွေမှာပါ တပ်စွဲထားပါတယ်။ ဧပြီလ၁၀ရက်နောက်ပိုင်းတိုက်ပွဲတွေအတွင်း KIA၊KPDFက ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်မှုအရှိန်မြင့်ခဲ့ပြီး တစ် နေ့ထက်တစ်နေ့တိုက်ပွဲပိုမိုပြင်းထန်လာတာဖြစ်ပါတယ်။
ဒရုန်းနဲ့တိုက်ခိုက်ခံရမှုဖြစ်စဉ်တွေအတွင်း စစ်တပ်ဖက်မှာထိခိုက်သေဆုံးမှုတွေများပြားနေတယ်လို့ စစ်ရေးနဲ့နီးစပ်တဲ့သတင်းရင်းမြစ်တွေကပြောပါတယ်။
လက်ရှိစစ်ရေးအခြေအနေကြောင့် လုံခြုံရေးအထူးသတိပြုကြဖို့ KIAနဲ့ KPDF က သတိပေးထားပါတယ်။ စစ်တပ်အင်အားဖြည့်တင်းနေတဲ့ ဖားကန့်- ကာမိုင်းလမ်းပိုင်းကိုလည်း ဧပြီလ၂၂ရက်နေ့ကစပြီး ယာယီပိတ်ထားမယ်လို့ KIAက သတင်းထုတ်ပြန်ထားပါတယ် ။ အဲဒီလမ်းမှာစစ်ကောင်စီတပ်တွေလည်း ရှိနေတဲ့အတွက် အရပ်သားပြည်သူတွေအတွက်အန္တရာယ်ကြီးတယ်လို့ သတိပေးနေကြပါတယ်။ လက်ရှိအခြေအနေအရ မိုးကောင်း-ကာမိုင်း-ဖားကန့်လမ်းဟာ လုံခြုံရေးလုံးဝစိတ်မချရဘူးလို့ဒေသခံတွေကပြောပါတယ်။

















































