Connect with us

Hi, what are you looking for?

သတင်း

ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ် ကိစ္စဟာ လူထုထောက်ခံမှုရအောင် စစ်တပ်ရဲ့ လှည့်စားမှုသာဖြစ်တယ်လို့ Burma Campaign UKဝေဖန်

နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ် ပြောင်းလဲသတ်မှတ်ကြောင်း အာဏာသိမ်း စစ်တပ်ရဲ့ ထုတ်ပြန်ချက်ဟာ လူထုထောက်ခံမှု လိုချင်လို့ လှည့်စားတဲ့ လုပ်ရပ်တစ်ခုသာ ဖြစ်တယ်လို့ Burma Campaign UK အဖွဲ့က ထုတ်ပြန်ခဲ့ပါတယ်။

(ဒေါ်အောင်ဆန်းစုကြည် သက်ရှိထင်ရှားရှိကြောင်း သက်သေပြဖို့ ကချင်ပြည်နယ် ဖားကန့်မြို့မှာ ပြည်သူတွေ ဒီနေ့ တောင်းဆို ဆန္ဒပြနေစဉ်။ ဓာတ်ပုံ - ပေးပို့)

မေ-၁၊ ၂၀၂၆။ People’s Spring

နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ် ပြောင်းလဲသတ်မှတ်ကြောင်း အာဏာသိမ်း စစ်တပ်ရဲ့ ထုတ်ပြန်ချက်ဟာ လူထုထောက်ခံမှု လိုချင်လို့ လှည့်စားတဲ့ လုပ်ရပ်တစ်ခုသာ ဖြစ်တယ်လို့ Burma Campaign UK အဖွဲ့က ထုတ်ပြန်ခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကို ထောင်သွင်း အကျဉ်းချထားရာကနေ နေအိမ်အကျယ်ချုပ်ဆီ ပြောင်းရွှေ့ပေးလိုက်တယ် ဆိုပေမယ့်လည်း လက်တွေ့မှာတော့ ဆက်လက်ပြီး မတရားဖမ်းဆီး ချုပ်နှောင်ထားဆဲသာ ဖြစ်တယ်လို့ Burma Campaign UKက ဆိုပါတယ်။

အသက် ၈၀ အရွယ် ဒေါ်အောင်ဆန်းစုကြည်ကို ထားရှိတဲ့ နေရာသာ ပြောင်းသွားမှာဖြစ်ပြီး သူ့ကို မတရား ချုပ်နှောင်ထားဆဲဆိုတဲ့ အရှိတရားကတော့ အတူတူပဲ ဖြစ်တယ်လို့လည်း Burma Campaign UKက ထောက်ပြထားပါတယ်။

Public Service Announcement

Public Service Announcement

အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်ဟာ အတုအယောင် ရွေးကောက်ပွဲ တစ်ခုကို အသုံးချပြီး သမ္မတ ရာထူးကို ရယူခဲ့တဲ့နောက် အခုလို အပြောင်းအလဲမျိုးတွေ ဖြစ်လာခဲ့တာပါ။ သူဟာ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေး အကျဉ်းသားတွေကို ခြွင်းချက်မရှိ ပြန်လွှတ်ပေးဖို့ နိုင်ငံတကာ ဖိအားပေးမှုတွေနဲ့လည်း ကြုံနေရပါတယ်။

မင်းအောင်လှိုင်ဟာ သူဦးဆောင်တဲ့ အတုအယောင် အရပ်သား အစိုးရသစ်ကို နိုင်ငံတကာ အသိအမှတ်ပြုမှု ရရှိလာအောင် အပူတပြင်း ကြိုးစားနေပေမယ့် တစ်ဖက်မှာလည်း စစ်တပ်ဟာ ပြည်သူတွေအပေါ် လေကြောင်းတိုက်ခိုက်မှုတွေ အရှိန်မြှင့် ကျူးလွန်နေပါတယ်။

စစ်တပ်ဟာ ဆုတ်ယုတ်မှုတွေဆီ ခြေနှစ်လှမ်း ဆုတ်ပြီးရင် တိုးတက်မှုဆီ တစ်လှမ်းလောက် အယောင်ပြပြီး ရှေ့တိုးတဲ့ ဗျူဟာကို သုံးနေကျ ဖြစ်ကြောင်း၊ ပြီးရင် အဲဒီ ရှေ့တိုးလိုက်တဲ့ ခြေတစ်လှမ်းအတွက် နာမည်ကောင်း ယူချင်ကြောင်း၊ လက်တွေ့မှာတော့ အခြေအနေတွေက ဆိုးသထက် ဆိုးသွားလေ့ရှိကြောင်း Burma Campaign UKရဲ့ ဒါရိုက်တာ မတ်ခ်ဖာမာနာက ပြောကြားခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ ၁၅ နှစ်လောက် နေအိမ်အကျယ်ချုပ်နဲ့ ထားရှိခံရဖူးကြောင်း၊ သူ့ကို စစ်တပ်က ဖမ်းဆီးလိုက်ပြန်တဲ့ အခါမှာ တစ်ကမ္ဘာလုံးက သမ္မတတွေနဲ့ ဝန်ကြီးချုပ်တွေက အပြင်းအထန် ရှုတ်ချခဲ့ဖူးကြောင်း၊ ဒီတော့ အခုမှ စစ်တပ်က သူ့ကို နေအိမ်အကျယ်ချုပ်အဖြစ် ထားရှိမယ်လို့ ကြေညာလာတဲ့အပေါ် တိုးတက်မှု တစ်ခုလို့ ဘယ်အစိုးရက သတ်မှတ်မလဲဆိုတာ သိချင်မိကြောင်း ဖာမာနာက ဆိုပါတယ်။

မင်းအောင်လှိုင်နဲ့ စစ်တပ်ဟာ မြန်မာနိုင်ငံမှာ အရပ်သား အစိုးရသစ်တစ်ရပ် အုပ်ချုပ်နေပါပြီဆိုတဲ့ ပုံရိပ်မျိုးကို ဖော်ပြချင်နေပေမယ့်လည်း လက်တွေ့မှာတော့ လုံးဝ မဟုတ်မှန်ကြောင်း၊ မြန်မာနိုင်ငံရဲ့ သမ္မတနဲ့ ဒုတိယသမ္မတ ၁ နဲ့ ၂ ရာထူးတွေကို စစ်တပ်အကြီးအကဲဟောင်းတွေနဲ့ စစ်တပ် ကျောထောက်နောက်ခံ ပါတီက ရယူထားကြောင်း၊ ဝန်ကြီးနေရာ အားလုံးရဲ့ ၈၆ ရာခိုင်နှုန်းကိုလည်း စစ်တပ်နဲ့ စစ်တပ်အားပေး ပါတီမှာ ပါဝင်သူတွေက ထိန်းချုပ်ထားကြောင်း၊ ဝန်ကြီးတွေရဲ့ ၃၀ ရာခိုင်နှုန်းဟာ ၂၀၂၁ အာဏာသိမ်းမှုအပြီး ဆိုးရွားတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကြောင့် ပိတ်ဆို့ အရေးယူမှု နာမည်ပေါက်နေသူတွေဖြစ်ကြောင်း Burma Campaign UKက ဖော်ပြခဲ့ပါတယ်။

စစ်တပ်ဟာ နိုင်ငံတကာရဲ့ ထောက်ခံမှုကို ရနိုင်ဖို့အတွက် အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေး အကျဉ်းသားတွေကို အမြတ်ထုတ် အသုံးချတဲ့ လုပ်ရပ်မျိုးတွေကို အရင်ကတည်းက လုပ်ဆောင်နေကျ ဖြစ်တယ်လို့လည်း Burma Campaign UKက ပြောပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းတွေမှာလည်း စစ်တပ်ကို အားပေးထောက်ခံတဲ့ လူမှုကွန်ရက် မီဒီယာ အကောင့်တွေက ၂၀၂၀ ရွေးကောက်ပွဲမှာ မဲလိမ်မှုတွေ ကျူးလွန်ခဲ့ပါတယ်လို့ ဒေါ်အောင်ဆန်းစုကြည် ဝန်ခံဖို့ ပိုပြီး အသံကျယ်ကျယ် တောင်းဆိုလာကြောင်း၊ စစ်တပ်ဟာ အဲဒီရွေးကောက်ပွဲမှာ မဲမသမာမှုတွေ ရှိခဲ့တယ်လို့ အကြောင်းပြပြီး အာဏာသိမ်းခဲ့ကြောင်းလည်း Burma Campaign UK ထုတ်ပြန်ချက်မှာ ပါရှိခဲ့ပါတယ်။

မင်းအောင်လှိုင် ဦးဆောင်တဲ့ အစိုးရ အရေခြုံ အဖွဲ့အစည်းဟာ ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ်အဖြစ် ပြောင်းလဲပေးခဲ့တာမျိုး စေတနာ မပါတဲ့ အပေါ်ယံ ဟန်ပြလုပ်ရပ်တွေကို အသုံးချပြီး နိုင်ငံတကာ အစိုးရ အသီးသီးနဲ့ ဆက်ဆံရေး ပုံမှန် ပြန်လည် ထူထောင်တာမျိုး၊ နိုင်ငံတကာ ပိတ်ဆို့အရေးယူမှုတွေ ပယ်ဖျက်ရေး တောင်းဆိုတာမျိုးတွေ ရှိလာမှာကို လူ့အခွင့်အရေး အဖွဲ့အစည်းတွေက စိုးရိမ်နေပါတယ်။ အရင်စစ်အစိုးရ လက်ထက်တုန်းကလည်း ၂၀၁၀ ရွေးကောက်ပွဲကို ကျင်းပခဲ့တဲ့နောက် အဲဒီလို အခင်းအကျင်းမျိုးကို ကျင့်သုံးခဲ့ဖူးပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ်ဆီ ပြောင်းလိုက်တယ်ဆိုတာ ပြုပြင်ပြောင်းလဲမှုတစ်ခု၊ အရွေ့တစ်ခု မဟုတ်ကြောင်း၊ စစ်အုပ်ချုပ်ရေးကို သက်တမ်းတိုးချဲ့နိုင်ရေးအတွက် လူထုထောက်ခံမှု ရရုံ အစီအမံ တစ်ခုသာဖြစ်ကြောင်း၊ ဒီလိုလှည့်ကွက်မျိုးမှာ ဘယ်သူမှ အရူးလုပ် မခံသင့်ကြောင်း ဖာမာနာက ပြောကြားသွားပါတယ်။

ကိုးကား: Burma Campaign UK

ဆက်စပ်သတင်းများ

သတင်း

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ဥက္ကဋ္ဌ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ ဆုတောင်းပေးမှုတွေကို ကျေးဇူးတင်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက် ရေးလှုံ့ဆော်မှုအဖွဲ့ (CRPP-NLD)က ဒီကနေ့ ထုတ်ပြန်ပါတယ်။

သတင်း

ဒီကနေ့ ယှဉ်ပြိုင်သွားတဲ့ ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲရဲ့ နော်ဝေနဲ့ ဆီနီဂေါအသင်းပွဲစဉ်မှာ ကွင်းအတွင်းသွားရောက်ကြည့်ခဲ့တဲ့ မြန်မာအချို့က လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေးအကျဉ်းသားတွေ လွတ်မြောက်ဖို့ တောင်းဆိုတဲ့ လှုပ်ရှားမှု ပြုလုပ်ခဲ့ပါတယ်။

သတင်း

မိခင်ဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခွင့်မရလိုက်ပဲ သေဆုံးသွားခဲ့ရတဲ့ တိုက်ချီဒို ခွေးကလေးအတွက် နာကျင်ရတယ်လို့ သားဖြစ်သူကိုထိန်လင်း (ခ) ကင်မ်အဲရစ် က ရင်ဖွင့်ထားပါတယ်။

သတင်း

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ (၈၁)နှစ်ပြည့်မွေးနေ့ အထိမ်းအမှတ် နှင်းဆီလှုပ်ရှားမှုပြုလုပ်ခဲ့တဲ့ ပြည်သူတွေကို ကျေးဇူးတင်ကြောင်း နဲ့ ဒီလှုပ်ရှားမှုကို အကြောင်းပြုကာ ပြည်သူတွေကို မတရားဖမ်းဆီးခဲ့တဲ့ စစ်တပ်ရဲ့ လုပ်ရပ်ကို ရှုတ်ချကြောင်း People Movement Platform -Myanmar က အသိပေးထားပါတယ်။