မေ-၁၊၂၀၂၆။တေဇ/People’s Spring
ထိုင်းစတော့အိတ်ချိန်းစာရင်းဝင်ကုမ္ပဏီ Advanced Connection Corporation Public Company Limited (ACC)ရဲ့ ရှယ်ယာရှင်တွေက မြန်မာစစ်တပ်ရဲ့ လက်နက်ပွဲစား ကျော်မင်းဦး ရဲ့ကုမ္ပဏီတွေဆီကို ရှယ်ယာရောင်းချဖို့ခွင့်ပြုထားတဲ့အပေါ် ထိုင်းအာဏာပိုင်တွေဘက်က စုံစမ်းအရေးယူဖို့ Justice For Myanmar-JFM ကတောင်းဆိုလိုက်ပါတယ်။
“ACC စီမံခန့်ခွဲမှုအဖွဲ့ဟာ အလွန်ဆိုးရွားလှတဲ့ ငွေကြေးခဝါချမှုဆိုင်ရာ စိုးရိမ်ချက်တွေကို ဖြစ်ပေါ်စေတဲ့ Sky Aviator ကုမ္ပဏီ တွေနဲ့ ရှယ်ယာလွှဲပြောင်းရောင်းချမှုကို ဆက်လက်လုပ်ဆောင်ဖို့ တွန်းအားပေးနေပါတယ်။ကျော်မင်းဦးရဲ့ အဓိကစီးပွားရေးလုပ်ငန်းက သေကြေပျက်စီးစေမှုနဲ့ ဖျက်ဆီးမှုတွေအပေါ်မှာ အခြေခံထားတာဖြစ်ပြီး၊ တရားမဝင်စစ်အုပ်စုရဲ့ အရပ်သားပြည်သူတွေအပေါ် ရည်ရွယ်ချက်ရှိရှိ လေကြောင်းတိုက်ခိုက်မှုတွေကနေ အကျိုးအမြတ် ရရှိနေတဲ့ စီးပွားရေးလုပ်ငန်း ဖြစ်ပါတယ်။” လို့JFM ရဲ့ ပြောရေးဆိုခွင့်ရှိသူ မရတနာမောင်ကပြောပါတယ်။
ကျော်မင်းဦးနဲ့ အပေါင်းအပါတွေက နိုင်ငံတကာရာဇဝတ်မှုတွေကျူးလွန်နေတဲ့ စစ်အုပ်စုကို အားပေးကူညီနေတာကြောင့် သူတို့ရဲ့သွေးစွန်းစီးပွားရေးလုပ်ငန်းတွေကရလာတဲ့ ငွေကြေးတွေကို ထိုင်းနိုင်ငံက ခဝါချခွင့် လုံးဝမပေးသင့်ဘူးလို့ ဆိုပါတယ်။

Public Service Announcement
လက်ရှိမှာ ACC အစုရှယ်ယာရှင်တွေအနေနဲ့ အရောင်းအဝယ်ကို ဟန့်တားဖို့ ပျက်ကွက်ခဲ့ပေမယ့် ဒီရှယ်ယာလွှဲပြောင်းရောင်းချမှု မပြီးသတ်မလုပ်ဆောင်နိုင်အောင် ထိုင်းအာဏာပိုင်တွေတာဝန်ယူဆောင်ရွက်ဖို့ မရတနာမောင်ကတိုက်တွန်းထားပါတယ်။
မြန်မာစစ်တပ်ရဲ့ လက်နက်ပွဲစား ကျော်မင်းဦး ပိုင်ဆိုင်တဲ့ Sky Aviator ကွန်ရက် ရဲ့ ကုမ္ပဏီတွေဖြစ်တဲ့ စင်ကာပူ အခြေစိုက် Sky Avia Trading နဲ့ Heli Asia Trading ကုမ္ပဏီ တွေကို ACC ရဲ့ အစုရှယ်ယာ ၂၃.၂၅ ရာခိုင်နှုန်း အတွက် ဘတ် ၃၀၀ မီလီယံ (အမေရိကန်ဒေါ်လာ ၉.၃ သန်း)နဲ့ရောင်းချပေးဖို့ ဧပြီ ၂၇ ရက်က အတည်ပြုထားတယ်လို့ JFM ကဖော်ပြထားပါတယ်။
စာရွက်စာတမ်း အထောက်အထားများအရ Sky Avia Trading Pte. Ltd နဲ့ Heli Asia Trading Pte. Ltd. တို့ကို စင်ကာပူနိုင်ငံသား Wee Lee Lian က ပိုင်ဆိုင်ကြောင်း ဖော်ပြထားပေမယ့် Wee Lee Lian က ကျော်မင်းဦးရဲ့ ကာလရှည် အမည်ခံ ဒါရိုက်တာတစ်ဦးဖြစ်တယ်လို့ ဆိုပါတယ်။
စစ်လက်နက်ပွဲစား လုပ်ငန်းတွေ အပေါ် ပြည်သူ တွေက စောင့်ကြည့်ဝေဖန်မှု တွေ ထွက်ပေါ်လာခဲ့ပြီးနောက်မှာ ကျော်မင်းဦးက သူ့ရဲ့ကုမ္ပဏီ တွေကို ၂၀၂၂ မှာပြန်လည်ဖွဲ့စည်းခဲ့သည့်အချိန်ကစပြီး Wee Lee Lian ကို စင်ကာပူနဲ့ထိုင်းနိုင်ငံမှာရှိတဲ့Sky Avia Trading နှင့် Heli Asia Trading ကွန်ရက်ရဲ့ တစ်ဦးတည်းသောဒါရိုက်တာ ဖြစ်လာခဲ့တယ်လို့ JFM က ဖော်ထုတ်ထားပါတယ်။
ဒီကုမ္ပဏီကွန်ရက်က မြန်မာလေတပ်ကို ရုရှားထုတ် တိုက်ခိုက်ရေးလေယာဉ်အစိတ်အပိုင်း တွေ ရောင်းချပေးတဲ့ စီးပွားရေးလုပ်ငန်းလုပ်ဆောင်နေတာကြောင့် စစ်အုပ်စု လက်ရှိကျူးလွန်နေတဲ့ စစ်ရာဇဝတ်မှုတွေနဲ့ လူသားမျိုးနွယ်အပေါ် ကျူးလွန်သော ရာဇဝတ်မှုတွေကို ပံ့ပိုးကူညီနေတာလို့ JFM ကထောက်ပြထားပါတယ်။
Justice For Myanmar က စစ်လက်နက်ပွဲစား ကျော်မင်းဦး နဲ့ပတ်သက်တဲ့ အကြောင်းအရာတွေကို ဖေဖော်ဝါရီ ၁၀ နဲ့ ၁၈ ရက် မှာ ACC ကုမ္ပဏီကို စာရေးသားပေးပို့ခဲ့ပြီး သီးသန့်ရှယ်ယာလွှဲပြောင်းရောင်းချမှုနဲ့ ပတ်သက်တဲ့ စိုးရိမ်ချက်တွေကို ထိုင်းချေးငွေသက်သေခံလက်မှတ်နဲ့လဲလှယ်ရေးကော်မရှင် (SEC)၊ ထိုင်းစတော့အိတ်ချိန်း (SET) နဲ့ငွေကြေးခဝါချမှုတိုက်ဖျက်ရေးရုံး (Anti-Money Laundering Office) တွေကိုလည်း ပေးပို့ထားတယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။
ရှယ်ယာအရောင်းအဝယ်ကို အပြီးသတ်သွားရင် Sky Aviator စစ်လက်နက်ပွဲစားကွန်ရက်က ACC ရဲ့ အကြီးဆုံးရှယ်ယာရှင်အုပ်စု ဖြစ်လာမှာဖြစ်ပြီး ဒါကိုတားဆီးဖို့ ထိုင်းအာဏာပိုင်တွေမှာ တာဝန်ရှိတယ်လို့ JFM ကတိုက်တွန်းထားပါတယ်။
Sky Aviator ကွန်ရက်နဲ့ အဓိကလူပုဂ္ဂိုလ်တွေ အပေါ် လက်ရှိဒဏ်ခတ်ပိတ်ဆို့မှုတွေက ဟာကွက်တွေရှိနေတာကြောင့် ဒီကွန်ရက်က အဲဒီ့ဟာကွက်တွေကို အခွင့်ကောင်းယူပြီး ထိုင်းနိုင်ငံမှာ ရင်းနှီးမြှုပ်နှံမှုပြုလုပ်ရန် ကြိုးပမ်းနေတာလို့ ဆိုပါတယ်။
ဒါကြောင့် အမေရိကန်ပြည်ထောင်စု၊ ယူကေ၊ အီးယူ၊ ကနေဒါနဲ့ ဩစတြေးလျနိုင်ငံ တွေအနေနဲ့လည်း Sky Aviator ကုမ္ပဏီကွန်ရက်တစ်ခုလုံး မှာရှိတဲ့ ကုမ္ပဏီတွေနဲ့ လူပုဂ္ဂိုလ်အားလုံးအပေါ် ပစ်မှတ်ထား ဒဏ်ခတ်ပိတ်ဆို့မှုတွေကို ညှိနှိုင်းချမှတ်အကောင်အထည်ဖော်ကာ တုန့်ပြန်ဆောင်ရွက်သင့်တယ်လို့ JFM ကတိုက်တွန်းထားပါတယ်။


















































