Connect with us

Hi, what are you looking for?

သတင်း

စစ်တပ်ရွေးကောက်ပွဲကို အသိအမှတ်ပြု၊ မပြု အာဆီယံအဖွဲ့ဝင်နိုင်ငံတွေ ဘုံသဘောတူညီချက် မရသေး

အာဆီယံထိပ်သီးညီလာခံကို စစ်ခေါင်းဆောင်မင်းအောင်လှိုင် တက်ရောက်ခွင့်ရဖို့ မသေချာ

(၂၀၂၃ နှစ်ကုန်ပိုင်းမှာကျင်းပတဲ့အာဆီယံအစည်းအ​ဝေးမှာ စစ်​ကောင်စီကို တက်​ရောက်ခွင့်မပြုတဲ့အတွက် ထိုင်ခုံလွတ်ကို​တွေ့ရစဥ်။ဓါတ်ပုံ-AFP)

မေ-၆၊ ၂၀၂၆။ သော်မွန်/People’s Spring

မြန်မာနိုင်ငံက စစ်တပ်ရွေးကောက်ပွဲကို အသိအမှတ်ပြု၊ မပြုနဲ့ပတ်သက်လို့ အာဆီယံအဖွဲ့ဝင်နိုင်ငံတွေအကြား ဘုံသဘောတူညီချက် မရရှိသေးဘူးလို့ အာဆီယံအလှည့်ကျဥက္ကဋ္ဌပြောရေးဆိုခွင့်ရှိသူက ဒီနေ့ (မေလ ၆ ရက်)မှာ ပြောကြားလိုက်ပါတယ်။

ဖိလစ်ပိုင်နိုင်ငံ စီဘူးပြည်နယ်၊ လာပူလာပူမြို့မှာ ကျင်းပမယ့် ၄၈ ကြိမ်မြောက် အာဆီယံထိပ်သီးညီလာခံနဲ့ ဆက်စပ်အစည်းအဝေးတွေနဲ့ပတ်သက်တဲ့ သတင်းစာရှင်းလင်းပွဲမှာ အာဆီယံပြောရေးဆိုခွင့်ရှိသူက ပြောဆိုခဲ့တာဖြစ်ပြီး မြန်မာနိုင်ငံနဲ့ အာဆီယံအဖွဲ့ဝင်နိုင်ငံတွေအကြား ဆက်ဆံရေးတွေ ဆက်လက် ထိတွေ့မှာဖြစ်တယ်လို့ ဆိုပါတယ်။

“ရွေးကောက်ပွဲရလဒ်တွေအပါအဝင် မြန်မာနိုင်ငံအခြေအနေကို မေးမြန်းတဲ့မေးခွန်းနဲ့ပတ်သက်လို့ ဖြေရမယ်ဆိုရင်ဒီအချိန်မှာအာဆီယံအနေနဲ့ မြန်မာနိုင်ငံရွေးကောက်ပွဲရလဒ်တွေကို အသိအမှတ်ပြုရေးကိစ္စနဲ့ပတ်သက်လို့ ဘုံသဘောတူညီချက် ဘာတစ်ခုမှ မရထားသေးပါဘူး”လို့ပြောရေးဆိုခွင့်ရှိသူ အင်ပီရီရယ်က ပြောပါတယ်။

Public Service Announcement

Public Service Announcement

အာဆီယံအဖွဲ့ဝင်နိုင်ငံတွေဟာ အာဏာသိမ်းစစ်တပ်အနေနဲ့ အာဆီယံကချမှတ်ထားတဲ့ ဘုံသဘောတူညီချက် ၅ရပ်ကို အကောင်အထည်ဖော်ရာမှာ တိုးတက်မှုတွေအပေါ် ဆက်လက် စောင့်ကြည့်နေတယ်လို့ အင်ပီရီရယ်က ဆက်ပြောပါတယ်။

ဒါကြောင့် သူ့ကိုယ်သူ သမ္မတခန့်အပ်ထားတဲ့ စစ်ခေါင်းဆောင်အနေနဲ့ မေလ ၈ရက်မှာ ပြုလုပ်မယ့် အာဆီယံထိပ်သီးညီလာခံကို တက်ရောက်ခွင့်ရဖို့ မသေချာတဲ့ အခြေအနေဖြစ်လာပါတယ်။

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ဟာ အာဏာသိမ်းအပြီး ၂ လကျော်အကြာ ၂၀၂၁ ဧပြီမှာ ပြုလုပ်တဲ့ အာဆီယံခေါင်းဆောင်များ အထူးအစည်းအဝေးကို တက်ရောက်ခဲ့ပြီး အာဆီယံရဲ့ ဘုံသဘောတူညီချက် ၅ရပ်ကို သဘောတူခဲ့ပါတယ်။​ ဒါပေမဲ့ သူကိုယ်တိုင် သဘောတူခဲ့တဲ့ အာဆီယံသဘောတူညီချက် ၅ရပ်ကို အကောင်အထည်ဖော်ဆောင်ရွက်တာ မရှိတာကြောင့်အာဆီယံထိပ်သီးညီလာခံ တက်ရောက်ခွင့်တွေကို ဒီနေ့အထိ ပိတ်ပင်ခံခဲ့ရပါတယ်။

“မင်းအောင်လှိုင်အရမ်းတက်ချင်တာ။ သူ့ကိုစင်ပေါ်ပြန်တင်ပေးချင်တဲ့သူတွေ၊ ပြန်ပြီးတော့မှ normalize လုပ်ချင်တဲ့သူတွေ၊ အားလုံးအဆင်ပြေသယောင်နဲ့ ပြန်ပြီးပြချင်တဲ့သူတွေကတော့ ကြိုးစားနေတာ သိသာတယ်လေ။ ဒါပေမဲ့ အာဆီယံတစ်ခုလုံးအနေနဲ့က အဲ့လောက် မလုပ်ရဲသေးဘူး။ လုပ်ဦးမှာ မဟုတ််ဘူး။ သူ့ကို ပေးတက်ဦးမှာ မဟုတ်ပါဘူး။ ဒီတစ်ခေါက်ကတော့ ပေးမတက်ဘူး။ သေချာတယ်”လို့ ရှေ့ပြေးအသံ Progressive Voice တည်ထောင်သူ၊ အာဆီယံအရေးကျွမ်းကျင်သူလည်း ဖြစ်သူ ဒေါ်ခင်ဥမ္မာက မှတ်ချက်ပြုပါတယ်။

ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီက စစ်အုပ်စု အတုအယောင်ရွေးကောက်ပွဲကို အသိအမှတ်မပြုကြောင်း ဆုံးဖြတ်ထားသလို ဥရောပသမဂ္ဂအပါအဝင် နိုင်ငံကြီးအချို့ကလည်း အတုအယောင်ရွေးကောက်ပွဲနဲ့ သူ့ရလဒ်အပေါ်မှာ အသိအမှတ်မပြုကြောင်း ရှင်းရှင်းလင်းလင်း ထုတ်ဖော်ပြောဆိုထားကြောင်း ဒေါ်ခင်ဥမ္မာက ပြောပါတယ်။

“အဲဒီအခြေအနေမှာတော့ အာဆီယံအဖွဲ့ဝင်နိုင်ငံတွေ ကြားထဲမှာလည်း တချို့က ဒီမိုကရေစီ စံချိန်စံညွှန်း၊ လူ့အခွင့်အရေး စံချိန်စံညွှန်းအပေါ်မှာ principle မူအရ မှန်မှန်ကန်ကန်ရပ်ဖို့ ရှိနေတဲ့ နိုင်ငံတွေ၊ ရပ်နေတဲ့ နိုင်ငံတွေ ရှိတယ်။ တချို့ကတော့ မင်းအောင်လှိုင်ကို နေရာပေးချင်တဲ့သူတွေလည်း ကြိုးစားနေတာ တွေ့တဲ့အတိုင်းပဲ။ ထိုင်းနိုင်ငံခြားရေးဝန်ကြီးဆိုရင် သူ လိုက်ကြိုးစားနေတယ်။ မင်းအောင်လှိုင်ဘက်ကနေ ပြောပေးနေတယ်။ ဒါပေမဲ့ နိုင်ငံတကာရာဇဝတ်မှု ကျူးလွန်ထားတဲ့ လူတစ်ယောက်ကိုလွယ်လွယ်ကူကူနဲ့ ဒီလိုမျိုးတခြားတိုင်းပြည်ခေါင်းဆောင်တွေနဲ့ တွဲပြီး တတန်းတည်း ထားဖို့ဆိုတာ ချက်ချင်းတော့ ဘယ်လွယ်မလဲ။ မဖြစ်နိုင်ဘူးလေနော်”လို့ သူက ဆက်ပြောပါတယ်။

စင်ကာပူအခြေစိုက် သုတေသီတစ်ဦးကလည်း အာဆီယံထိပ်သီးညီလာခံမှာ စစ်ခေါင်းဆောင် မင်းအောင်လှိုင် တက်ခွင့်ရ၊​မရ တပ်အပ်မပြောနိုင်သေးပေမယ့် လောလောဆယ်မှာတော့ အဲဒီအရိပ်အယောင် မတွေ့ရသေးဘူးလို့ သုံးသပ်ပါတယ်။

အကြမ်းဖက်မှုရပ်တန့်ရေး၊ မြန်မာပြည်သူတွေကို လူသားချင်းစာနာမှုအကူအညီတွေ ပေးအပ်နိုင်ရေး အချက်တွေပါဝင်တဲ့ အာဆီယံဘုံသဘောတူညီချက် ၅ရပ်နဲ့ပတ်သက်လို့ အာဆီယံခေါင်းဆောင်တွေရဲ့ ဆုံးဖြတ်ချက်က မပြောင်းလဲကြောင်းနဲ့ မြန်မာ့အရေးကို ဖြေရှင်းဆောင်ရွက်ရာမှာ အာဆီယံရဲ့ အဓိကမူဘောင်အဖြစ် ဆက်ရှိနေကြောင်း အာဆီယံပြောရေးဆိုခွင့်ရှိသူက ရှင်းပြပါတယ်။

ဒါကြောင့် အာဆီယံအနေနဲ့ ဘုံသဘောတူညီချက် ၅ ရပ်ကို စစ်တပ်က ဘယ်လောက်တိုးတက်မှုအောင် လုပ်ဆောင်နိုင်သလဲဆိုတဲ့အပေါ်မှာ မူတည်ပြီး ထိတွေ့ဆက်ဆံမှုတွေ လုပ်ဆောင်သွားမှာ ဖြစ်တယ်လို့လည်း အင်ပီရီရယ်က ပြောပါတယ်။

ဒါ့အပြင်ဖိလစ်ပိုင်သမ္မတရုံးက နိုင်ငံခြားရေးဝန်ကြီး လာဇာရိုအနေနဲ့ အာဆီယံအလှည့်ကျဥက္ကဋ္ဌရဲ့ မြန်မာနိုင်ငံဆိုင်ရာအထူးကိုယ်စားလှယ်အဖြစ် ဆက်လက်ဆွေးနွေးညှိနှိုင်းသွားမယ်လို့ မကြာသေးမီက ပြောကြားထားပါတယ်။

ကိုးကား – RSJ၊ GMA News

ဆက်စပ်သတင်းများ

သတင်း

အာဆီယံရဲ့ ဘုံသဘောတူညီချက်တိုင်းကို အမြဲမပြတ်ပူးပေါင်းလုပ်ဆောင်သွားမယ်လို့ ဆို

သတင်း

ထိုင်းနဲ့ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးတွေ တွေ့ဆုံရာမှာ မြန်မာ့နိုင်ငံရေး အကျပ်အတည်းကိုပါ ထည့်သွင်း ဆွေးနွေးခဲ့ကြောင်း သိရပါတယ်။

သတင်း

မြန်မာအာဏာသိမ်းခေါင်းဆောင်တွေအနေနဲ့ အာဆီယံအဆင့်မြင့်အစည်းအဝေးတွေမှာ ပါဝင်တက်ရောက်နိုင်ဖို့ အလှမ်းဝေးနေဆဲလို့ အာဆီယံအထူးကိုယ်စားလှယ်က ပြောကြားလိုက်ပါတယ်။

နိုင်ငံတကာ

အရှေ့တောင်အာရှ နိုင်ငံများ အစည်းအရုံး (အာဆီယံ)ရဲ့ အစည်းအဝေး တက်ရောက်ရင်း တရုတ်နဲ့ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးတွေ တွေ့ဆုံခဲ့ပါတယ်။