Connect with us

Hi, what are you looking for?

နိုင်ငံတကာ

အများပြည်သူနဲ့ ဆိုင်တဲ့နေရာတွေမှာ လိင်ဆက်ဆံတဲ့ နိုင်ငံခြားသုံး စုံတွဲတွေကို အရေးယူမှုတွေ တင်းကျပ်ဖို့ ထိုင်းစီစဉ်

အများပြည်သူနဲ့ သက်ဆိုင်တဲ့ နေရာတွေမှာ လိင်ဆက်ဆံခဲ့တဲ့ ဖြစ်စဉ်တွေ ပေါ်ပေါက်ခဲ့တဲ့နောက် ကမ္ဘာလှည့် ခရီးသွားတွေရဲ့ အပြုအမူပိုင်းနဲ့ ပတ်သက်ပြီး ကိုင်တွယ်တဲ့ စည်းမျဉ်းတွေကို ပိုမို တင်းကျပ်သွားမယ်လို့ ထိုင်းအစိုးရက ပြောပါတယ်။

ဓာတ်ပုံ - Getty Images

အများပြည်သူနဲ့ သက်ဆိုင်တဲ့ နေရာတွေမှာ လိင်ဆက်ဆံခဲ့တဲ့ ဖြစ်စဉ်တွေ ပေါ်ပေါက်ခဲ့တဲ့နောက် ကမ္ဘာလှည့် ခရီးသွားတွေရဲ့ အပြုအမူပိုင်းနဲ့ ပတ်သက်ပြီး ကိုင်တွယ်တဲ့ စည်းမျဉ်းတွေကို ပိုမို တင်းကျပ်သွားမယ်လို့ ထိုင်းအစိုးရက ပြောပါတယ်။

လူမြင်ကွင်းမှာ နိုင်ငံခြားသားတွေ လိင်ဆက်ဆံခဲ့တဲ့ ဖြစ်ရပ်တွေက ထိုင်းမှာ မကြာသေးခင်အတွင်း ပိုမို ထူထပ် များပြားလာခဲ့ခြင်းက နိုင်ငံရဲ့ ဂုဏ်သိက္ခာနဲ့ ပုံရိပ်ကို ထိခိုက်စေတယ်လို့ ဝန်ကြီးချုပ်ရုံးက မေလ ၆ ရက်နေ့မှာ ထုတ်ပြန်ခဲ့ပါတယ်။

ဥပဒေ ချိုးဖောက်ပြီး မူးယစ်ဆေးဝါး သုံးစွဲတာ အပါအဝင် မဖွယ်မရာ အမူအကျင့်တွေကို လူမြင်ကွင်းမှာ လုပ်ဆောင်တဲ့ ခရီးသွားဧည့်သည် မှန်သမျှဟာ ထိုင်းနိုင်ငံရဲ့ လှပတဲ့ ယဉ်ကျေးမှု ဓလေ့ထုံးစံတွေကို ထိခိုက်ဖျက်ဆီးမှုနဲ့ တရားစွဲဆို ခံရမှာ ဖြစ်တယ်လို့ ထုတ်ပြန်ချက်ထဲမှာ ပါရှိခဲ့ပါတယ်။

မေလ ၄ ရက်နေ့တုန်းက ဖူးခက်ကျွန်း ကမ်းခြေတစ်နေရာက တုတ်တုတ် (သုံးဘီး အငှားယာဉ်)ပေါ်မှာ စုံတွဲတစ်တွဲ မဖွယ်မရာ လိင်မှုကိစ္စ ကျူးလွန်နေခဲ့တဲ့ ဖြစ်ရပ်အပေါ် ဝေဖန်မှုတွေ မြင့်တက်လာတဲ့နောက် အစိုးရက ကမ္ဘာလှည့် ခရီးသည်တွေအပေါ် တင်းတင်းကျပ်ကျပ် ကိုင်တွယ်ဖို့ စီစဉ်လာတာပါ။

Public Service Announcement

Public Service Announcement

အာဏာပိုင်တွေက အသက် ၄၁ နှစ်အရွယ် စပိန်နိုင်ငံသားနဲ့ အသက် ၄၃ နှစ်အရွယ် ပီရူး အမျိုးသမီးတို့ရဲ့ ဗီဇာကို ရုပ်သိမ်းပြီး နာမည်ပျက် စာရင်းသွင်းဖို့ စီစဉ်နေကြောင်း ပြောပါတယ်။ သူတို့နှစ်ဦးစလုံးက အများပြည်သူ အနှောင့်အယှက် ဖြစ်စေမှု ဥပဒေကို ချိုးဖောက်မိကြောင်း ဝန်ခံထားကြပါတယ်။ အဲဒီ ဥပဒေအရ အများပြည်သူနဲ့ သက်ဆိုင်တဲ့ နေရာမှာ ဝတ်လစ်စားလစ် နေထိုင်တာ၊ လိင်မှုကိစ္စ လုပ်ဆောင်တာတွေအတွက် ဒဏ်ကြေး ဘတ် ၅၀၀၀ ထိ တပ်ရိုက်နိုင်ပါတယ်။

အခုလိုမျိုး စည်းမျဉ်းတွေ တင်းကျပ်ဖို့ စီစဉ်တာဟာ ထိုင်းနိုင်ငံရဲ့ လှပသိမ်မွေ့တဲ့ ယဉ်ကျေးမှု စံတန်ဖိုးတွေကို စောင့်ရှောက်ဖို့ ဖြစ်တယ်လို့ ဝန်ကြီးချုပ်ရုံးက ဆိုပါတယ်။ နိုက်ကလပ်တွေနဲ့ တခြား ဖျော်ဖြေရေး ဇုန်နေရာတွေမှာလည်း အာဏာပိုင်တွေရဲ့ စောင့်ကြည့်မှုတွေကို ပိုမိုတင်းကျပ်သွားမယ်လို့ သိရပါတယ်။

လိင်ဖျော်ဖြေမှု ကမ္ဘာလှည့် ခရီးသွားလုပ်ငန်း ထွန်းကားတဲ့ နိုင်ငံတစ်ခု အနေနဲ့ သတ်မှတ်ခံထားရပေမယ့် ထိုင်းလူ့အဖွဲ့အစည်း အများအားဖြင့် ရှေးရိုးစွဲ ဆန်တယ်လို့ သတ်မှတ် ခံထားရပါတယ်။

၂၀၂၂ ခုနှစ်မှာ ထိုင်းဟာ ဆေးခြောက်သုံးစွဲမှုကို တရားဝင် ခွင့်ပြုပေးလိုက်တာ၊ ကမ်းခြေတွေမှာ rave ဖျော်ဖြေပွဲတွေ အများအပြား စီစဉ်ပေးလေ့ ရှိတာကြောင့် ငယ်ရွယ်တဲ့ ကမ္ဘာလှည့်ခရီးသွား ဧည့်သည်တွေ ပိုမိုလာရောက် လည်ပတ်လေ့ ရှိကြပါတယ်။

ပြီးခဲ့တဲ့လက ဖူးခက် ကမ်းခြေ သောင်ပြင်ပေါ် လိင်ဆက်ဆံနေတဲ့ ဗီဒီယိုက လူမှုကွန်ရက်ပေါ် အရမ်းပျံ့နှံ့လာတဲ့နောက် ပြင်သစ် စုံတွဲတစ်တွဲကို ထိုင်းအာဏာပိုင်တွေက ဖမ်းဆီးပြီး နိုင်ငံကနေ နှင်ထုတ်ခဲ့ပါတယ်။ နောက်ထပ် ပြင်သစ် စုံတွဲ တစ်တွဲဟာလည်း နှစ်ဆန်းပိုင်းတုန်းက ဖူးခက်မှာရှိတဲ့ တုတ်တုတ် တစ်စီးပေါ်မှာ လိင်ဆက်ဆံနေတဲ့ ဗီဒီယို ထွက်ပေါ်လာရာက တစ်နိုင်ငံလုံးမှာ ဒေါသတကြီး ဝေဖန်ရှုတ်ချမှုတွေ ရှိခဲ့ပါတယ်။

ထိုင်းဟာ အခုနှစ်မှာ ကမ္ဘာလှည့် ခရီးသွားဧည့်သည် ၃၃.၅ သန်းထိ ဝင်ရောက်လာမယ်လို့ ခန့်မှန်းပါတယ်။ ဒါဟာ မနှစ်ကထက် သန်းဝက်လောက် ပိုများလာမယ့် အရေအတွက်လို့လည်း သိရပါတယ်။

ကိုးကား: AFP

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ပြည်သူ့စစ်မှုထမ်း လူငယ်တစ်ဦး သေဆုံးမှုနဲ့ ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှုတွေအတွက် အစွမ်းကုန် ပူးပေါင်း ကူညီမယ်လို့ ထိုင်းစစ်တပ်က ကတိပြုခဲ့ပါတယ်။

နိုင်ငံတကာ

ဘုန်းတော်ကြီးကျောင်း ရန်ပုံငွေ ဘတ်သန်း ၁၀၀ ကျော် အလွဲသုံးစား လုပ်ခဲ့ကြောင်း စွပ်စွဲခံထားရတဲ့ ကျောင်းထိုင် ဘုန်းကြီးနဲ့ အမျိုးသမီးကို ထိုင်းတရားရုံး တစ်ခု ရှေ့မှောက်ကို ပို့ဆောင်ပြီး ချုပ်ရက် ရမန်ယူခဲ့ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာ-မန္တလေးလမ်းပိုင်းမှာ အာဏာသိမ်းစစ်တပ်က ခရီးသွားတွေကို မိုင်းဆင်းရှာခိုင်းနေလို့ ပြည်သူတွေ အခက်တွေ့နေကြပါတယ်။

နိုင်ငံတကာ

ထိုင်းနိုင်ငံမှာ နိုင်ငံခြားသားတွေရဲ့ ဩဇာ လွှမ်းမိုးမှုနဲ့ စီးပွားရေး လက်ဝါးကြီးအုပ်မှုတွေကို ဆန့်ကျင်ဖို့၊ အဲဒီကိစ္စအတွက် ထိုင်းအစိုးရက ပိုပြီး ထိထိရောက်ရောက် ကိုင်တွယ် ဆောင်ရွက်အောင် ဖိအားပေးဖို့အတွက် ‘ထိုင်းနိုင်ငံကို ပြန်ယူကြ’ (Take Back Our Thailand’ဆိုတဲ့ လှုပ်ရှားမှုကို အကောင်အထည် ဖော်သွားမယ်လို့ ဝါရင့်...