Connect with us

Hi, what are you looking for?

နိုင်ငံတကာ

အမေရိကန် စစ်သင်္ဘောတွေကို အီရန်ပစ်ခတ်ပြီး အမေရိကန်က လက်တုံ့ပြန်၊ အပစ်ရပ် သဘောတူညီမှု မပျက်ဘူးလို့ဆို

အမေရိကန် စစ်သင်္ဘောတွေ တိုက်ခိုက်ခံရတဲ့ ဖြစ်စဉ်အပြီး အမေရိကန်ကလည်း အီရန်ရဲ့ စစ်ရေးပစ်မှတ်တွေကို လက်တုံ့ပြန် ပစ်ခတ်ခဲ့ပါတယ်။ မေလ ၇ ရက်နေ့ဟာ အီရန်နဲ့ အမေရိကန်ကြားက အပစ်ရပ် သဘောတူညီမှု ဆက်လက် တည်တံ့ပါ့မလား ဆိုတာကို အကဲစမ်းတဲ့ တစ်နေ့တာ ဖြစ်ခဲ့ပြီး နှစ်ဖက်စလုံးကတော့ သဘောတူညီချက်ကို ဆက်လက် ထိန်းသိမ်းထားဆဲလို့ ပြောပါတယ်။

ဓာတ်ပုံ - Reuters

အမေရိကန် စစ်သင်္ဘောတွေ တိုက်ခိုက်ခံရတဲ့ ဖြစ်စဉ်အပြီး အမေရိကန်ကလည်း အီရန်ရဲ့ စစ်ရေးပစ်မှတ်တွေကို လက်တုံ့ပြန် ပစ်ခတ်ခဲ့ပါတယ်။ မေလ ၇ ရက်နေ့ဟာ အီရန်နဲ့ အမေရိကန်ကြားက အပစ်ရပ် သဘောတူညီမှု ဆက်လက် တည်တံ့ပါ့မလား ဆိုတာကို အကဲစမ်းတဲ့ တစ်နေ့တာ ဖြစ်ခဲ့ပြီး နှစ်ဖက်စလုံးကတော့ သဘောတူညီချက်ကို ဆက်လက် ထိန်းသိမ်းထားဆဲလို့ ပြောပါတယ်။

အမေရိကန် စစ်ရေးဗဟို ကွပ်ကဲမှုဌာန (CENTCOM)က အီရန်ဟာ အမေရိကန်ရဲ့ ဖျက်သင်္ဘော ၃ စီးကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့ကြောင်း ထုတ်ပြန်ပါတယ်။ မေလ ၇ ရက်နေ့တုန်းက USS Truxtun၊ USS Rafale Peraltaနဲ့ USS Mason သင်္ဘောတွေဟာ ဟောမုဇ် ရေလက်ကြားကို ဖြတ်ပြီး အိုမန်ပင်လယ်ကွေ့ဆီ ဖြတ်သန်း ခုတ်မောင်းချိန်မှာ အီရန်က ခရုစ်ဒုံးကျည်တွေ၊ ဒရုန်းတွေနဲ့ လက်နက် တပ်ဆင်ထားတဲ့ လှေငယ်တွေကို အသုံးပြုပြီး တိုက်ခိုက်ခဲ့တာပါ။ အီရန်က ဟောမုဇ် ရေလက်ကြားကို ပိတ်ဆို့ကြောင်း ကြေညာထားပြီး အဲဒီရေပြင်မှာ ကူးသန်းသွားလာတဲ့ အမေရိကန် စစ်သင်္ဘောတွေ တိုက်ခိုက်မယ်လို့လည်း ခြိမ်းခြောက်ထားပါတယ်။

အီရန်ရဲ့ တိုက်ခိုက်မှုမှာ အမေရိကန်ရေတပ် ပိုင်ဆိုင်မှုတွေ ထိခိုက်ပျက်စီးတာ ဘာမှ မရှိခဲ့ဘူးလို့ CENTCOMက ဆိုပါတယ်။ စစ်သင်္ဘောတွေကို အီရန်က တိုက်ခိုက်ခဲ့တဲ့နောက် အမေရိကန်ကလည်း လက်တုံ့ပြန်ခဲ့ပြီး အီရန်ရဲ့ ဆိပ်ကမ်းတွေနဲ့ စစ်စခန်း နေရာတွေကို လေကြောင်းကနေ ဗုံးကြဲခဲ့ပါတယ်။ ကက်ရှမ်ကျွန်း၊ ဘန်ဒါအဘက်စ်မြို့၊ ဘန်ဒါကာဂန် ရေတပ်စခန်းတဝိုက်မှာ ပေါက်ကွဲသံတွေ ကြားခဲ့ရကြောင်း ဒေသခံတွေက အတည်ပြုခဲ့ပြီး တခြားနေရာ တချို့လည်း အမေရိကန်ရဲ့ ဗုံးနဲ့ဒုံးကျည်တွေ ထိမှန်ခဲ့ကြပါတယ်။

အီရန်ရဲ့ အစ္စလာမ်မစ် တော်လှန်ရေး အစောင့်တပ် (IRGC)ကတော့ အမေရိကန်ဟာ အပစ်ရပ် သဘောတူညီမှုကို စတင်ချိုးဖောက်ခဲ့တာလို့ စွပ်စွဲခဲ့ပါတယ်။ အမေရိကန်ဟာ အစောပိုင်းတုန်းက ဂျက်စ်ခ် ဆိပ်ကမ်းနားမှာ အီရန်ရဲ့ ရေနံတင် သင်္ဘောတစ်စီးကို ရန်လို တိုက်ခိုက်ခဲ့တယ်လို့ IRGCက ထုတ်ပြန်ပါတယ်။ အီရန်ဖက်ကလည်း ပေါက်ကွဲအား ပြင်းထန်တဲ့ ထိပ်ဖူးတပ် လက်နက်တွေကို အသုံးပြုပြီး လက်တုံ့ပြန်ခဲ့သလို ထောက်လှမ်းရေး သတင်းတွေအရ အမေရိကန်ဖက်မှာ ထိခိုက် ပျက်စီးမှုတွေ ရှိခဲ့တာကို သိရှိထားကြောင်း၊ ကျူးကျော်သူ ရန်သူ စစ်သင်္ဘော ၃ စီးဟာ ဟောမုဇ်ဖက်ကို အမြန်ဆုံး ပြန်ဆုတ်ခွာသွားကြောင်း ထုတ်ပြန်ချက်မှာ ပါရှိခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

CENTCOMကတော့ အီရန်ဖက်က တစ်ဖက်သတ် စတင်တိုက်ခိုက်မှုတွေကြောင့် အမေရိကန်က စစ်ရေးအရ လိုအပ်သလို တုံ့ပြန်ခဲ့ကြောင်း၊ CENTCOM အနေနဲ့ တင်းမာမှုတွေ ထပ်ဆိုးလာတာကို မလိုလားပေမယ့် အမေရိကန် တပ်ဖွဲ့ဝင်တွေကို ကာကွယ်ဖို့အတွက် အသင့်ပြင်ဆင်ထားကြောင်း ကြေညာခဲ့ပါတယ်။ သိပ်မကြာခင်မှာပဲ အီရန်ကလည်း ဧပြီ ၈ ရက်နေ့ ကတည်းက စတင်ထားတဲ့ အပစ်အခတ် ရပ်စဲရေး သဘောတူညီချက် ဆက်လက် တည်တံ့နေဆဲလို့ ပြောကြားခဲ့ပါတယ်။

အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က အမေရိကန် စစ်သင်္ဘောတွေကို အီရန်က တိုက်ခိုက်ခဲ့ပေမယ့် အထိအခိုက် မရှိခဲ့ကြောင်း အတည်ပြုခဲ့ပြီး ရန်စတိုက်ခိုက်တဲ့ အီရန်ဖက်မှာတော့ အထိနာသွားခဲ့တယ်လို့ ဆိုပါတယ်။ ABC သတင်းဌာနနဲ့ အင်တာဗျူးမှာ ထရမ့်က နှစ်ဖက်ကြား စစ်ရေးအရ ထိတွေ့မှု ဖြစ်စဉ်တွေကို ချစ်စနိုး အပြန်အလှန် ရိုက်ပုတ်ကြတဲ့ သဘောမျိုးသာ ဖြစ်တယ်လို့ မှတ်ချက်ပေးသွားပါတယ်။

အီရန် သမ္မတ မာဆုဒ် ပက်ဇက်ရှ်ခန်းက အီရန်ဟာ အမေရိကန်အပေါ် အယုံအကြည် မရှိပေမယ့်လည်း သံတမန်ရေးအရ ညှိနှိုင်း အဖြေရှာမှုတွေအတွက် အသင့်ရှိနေကြောင်း ဆိုပါတယ်။

မေလ ၇ ရက်နေ့ ညပိုင်းမှာ သတင်းထောက်တွေနဲ့ တွေ့ဆုံတဲ့အခါ ထရမ့်က အမေရိကန်ဟာ အီရန်နဲ့ ဆက်ပြီး ညှိနေဆဲလို့ ထုတ်ပြောသွားပါတယ်။ ဒါ့အပြင် ပစ်ကြခတ်ကြ ဖြစ်ခဲ့ပေမယ့် အပစ်ရပ် သဘောတူညီမှု ဆက်ပြီး တည်တံ့နေတယ် ဆိုတာကိုလည်း သူက အတည်ပြုခဲ့ပါတယ်။ နောက်ပြီး အီရန်ဟာ နျူကလီးယား လက်နက်တွေ ပိုင်ဆိုင်ဖို့အတွက် ဖြစ်နိုင်ခြေ သုည ရာခိုင်နှုန်းသာ ရှိတယ်လို့ သူက အခိုင်အမာ ပြောဆိုခဲ့ပြီး အီရန်ဖက်ကလည်း အဲဒီ သဘောတရားကို လက်ခံထားတယ်လို့ ပြောပါတယ်။

ဆွေးနွေး ပြောဆိုနေတာတွေက အတော်လေး အဆင်ချောနေကြောင်း၊ ဒါပေမဲ့ တိုးတက်မှု အရိပ်အယောင်တွေ ရှိမလာဘူးဆိုရင် အများကြီး နာကျင်ရမယ်ဆိုတာ အီရန်အနေနဲ့ သဘောပေါက်ထားဖို့တော့ လိုကြောင်း ထရမ့်က ခြိမ်းခြောက်ခဲ့ပါတယ်။ ညှိနှိုင်း သဘောတူညီမှုတစ်ခု ရရှိရေးအတွက်တော့ အီရန်ဟာ အမေရိကန်ထက် အများကြီး ဆန္ဒပြင်းပြနေလိမ့်မယ်လို့လည်း ထရမ့်က ပြောကြားသွားပါတယ်။

ကိုးကား: Reuters

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အီရန်ကို အကူအညီ ပေးတာမျိုး လုံးဝ မလုပ်ကြဖို့ ရုရှားနဲ့ တရုတ်ကို ရည်ရွယ်ပြီး အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က သတိပေးခဲ့ပါတယ်။

နိုင်ငံတကာ

ဟောမုဇ် ရေလက်ကြားမှာ ဖြတ်သန်း ခုတ်မောင်းနေတဲ့ ရေယာဉ်တစ်စီးကို အီရန်က ရန်ပြုတိုက်ခိုက်တိုင်း အီရန်ရဲ့ တံတားတစ်စင်း၊ ဒါမှမဟုတ် ဓာတ်အားပေး စက်ရုံတစ်ခုလည်း ဖျက်ဆီးခံရစေမယ်လို့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ခြိမ်းခြောက်ခဲ့ပါတယ်။

နိုင်ငံတကာ

ဟောမုဇ် ရေလက်ကြားကို အီရန်က ထိန်းချုပ်ဖို့ ခွင့်ပြုလိုက်မယ်ဆိုရင် အန္တရာယ် များလှတဲ့ နောက်ဆက်တွဲ ရိုက်ခတ်မှုတွေ ကြုံလာနိုင်ကြောင်း အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး မာကို ရူဘီရိုက ပြောကြားခဲ့ပါတယ်။

နိုင်ငံတကာ

အီရန်ရဲ့ နျူကလီးယား အခြေစိုက်စခန်း တစ်ခုဖြစ်တဲ့ ပစ်ခ်အိတ်စ်တောင် (ပေါက်တူးတောင်)ကို မကြာခင်မှာ အမေရိကန်က ပြင်းပြင်းထန်ထန် တိုက်ခိုက်လာနိုင်ကြောင်း အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ခြိမ်းခြောက်ခဲ့ပါတယ်။