မေ-၁၀၊၂၀၂၆။ဇော်ရမ်း/People’s Spring
ရခိုင်ပြည်နယ် ရေပိုင်နက်အတွင်းမှာ အာရက္ခတပ်တော်(AA) ကယ်ဆယ်ခဲ့တဲ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံသား ရေလုပ်သား၁၀ဦး အပါအဝင် ၁၄ဦးကို ဘင်္ဂလားဒေ့ရှ်အစိုးရထံ ပြန်လွှဲပြောင်းပေးလိုက်တယ်လို့ သတင်းရရှိပါတယ်။
မေလ၃ရက်မှာ ဘင်္ဂလားဒေ့ရှ်နယ်ခြားစောင့်တပ် (BGB)ထံသို့ ပြန်လည် လွှဲပြောင်းပေးလိုက်တာလို့ မောင်တောဒေသခံ သတင်းရင်းမြစ်က ပြောပါတယ်။
“ကျတော်တို့ဘက်ကနေလွှဲပေးလိုက်တာ။ယခင်ကလည်းရှိခဲ့ဖူးတယ်။ ပူးပေါင်းဆောင်ရွက်မှုတွေပိုပြီးရှိလာရင်ဒေသအတွက်ပိုပြီးအကျိုးများတယ်။နယ်စပ်ကုန်သွယ်ရေးလည်းဒီထက်ပိုလုပ်ချင်ပြီ”လို့ အဆိုပါသတင်းရင်းမြစ်က ပြောပါတယ်။

Public Service Announcement
အဲ့ဒီရေလုပ်သားတွေပြန်လွှဲပေးရေးအတွက် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကော့ဘဇားဒေသBGB တာဝန်ရှိသူတွေနဲ့ အာရက္ခတပ်တော် (AA)ကာလရှည်ကြာ ဆွေးနွေးညှိနှိုင်းခဲ့ရပြီးနောက်ပိုင်းအကောင်အထည်ဖော်နိုင်ခဲ့တာလို့ဘင်္ဂလားဒေ့ရှ်သတင်းဌာနတွေက ရေးသားထားပါတယ်။
လွှဲပေးသူ၁၄ ဦးအနက် ၁၀ဦးကဘင်္ဂလားဒေ့ချ် နိုင်ငံ ရေပိုင်နက်မှာ ငါးဖမ်းစဉ် စက်လှေပျက်ပြီး ရခိုင်ရေပိုင်နက်ကို ဝင်ရောက်လာလို့ ကယ်ဆယ်ခဲ့သူတွေဖြစ်ပြီး လေးဦးကတော့ ရခိုင်ပြည်နယ်ကို ကုန်ပစ္စည်းလာပို့စဉ် စစ်တပ်ရဲ့ဖမ်းဆီးခံရပြီး ပြန်လွတ်လာသူတွေဖြစ်တယ်လို့ AAရဲ့ သတင်းတွေကို ဖော်ပြပေးနေတဲ့ Arakan Princess Mediaက ဖော်ပြပါတယ်။
နယ်စပ်ဒေသအရေး၊ ရေလုပ်သားတွေအရေးနဲ့အစွန်းရောက်အကြမ်းဖက် သမားတွေအရေးကိုAA အနေနဲ့ ဘင်္ဂလားဒေ့ရှ်အစိုးရနဲ့ ပိုမိုပူးပေါင်းဆွေးနွေးလိုပြီး နယ်စပ်ကုန်သွယ်ရေးလည်အကောင်အထည်ဖော်လိုကြောင်း မေလ ၄ရက်က ထုတ်ပြန်လာတဲ့ The Diplomat သတင်းဌာနနဲ့အင်တာဗျူးမှာ AA စစ်ဦးစီးချုပ်ဗိုလ်ချုပ်ထွန်းမြတ်နိုင်က ပြောကြားထားပါတယ်။
AAဟာ ၂၀၂၃ နိုဝင်ဘာ ၁၃ရက်မှာစတင်တဲ့ ၁၀၂၇ စစ်ဆင်ရေးနဲ့အတူ စစ်တွေ၊ ကျောက်ဖြူနဲ့မာန်အောင်မြို့ကလွဲပြီး ရခိုင်ပြည်နယ်က ကျန်မြို့ တွေကိုသိမ်းယူထားပါတယ်။
ပင်လယ်ပြင်လုံခြုံရေးကိုလည်း ဆောင်ရွက်နေပြီး တရားမဝင်ငါးဖမ်းမှုတွေကိုလည်း ဥပဒေထုတ်ပြန် ကန့်သတ်ထားပါတယ်။
AA သိမ်းပိုက်ထားတဲ့မြို့တွေရဲ့ ပင်လယ်ပြင် ဘက်မှာ စစ်တပ်ကလည်း စစ်သင်္ဘောတွေနဲ့ ရှိနေပြီးငါးဖမ်းလုပ်သားတွေကို ဖမ်းဆီးတာ၊ အရပ်သားနေထိုင်ရာနေရာတွေကို လက်နက်ကြီးနဲ့ပစ်ခတ်တာတွေရှိနေလို့ AAက လုံခြုံရေးသတိပေးထားပါတယ်။





















































