ဘန်ကောက်မြို့တော်မှာ ဖြစ်ပွားခဲ့တဲ့ ရထားနဲ့ ဘတ်စ်ကား တိုက်မိမှု ဖြစ်စဉ်အပြီး ရထားလမ်းနဲ့ ကားလမ်းဖြတ်တဲ့ နေရာတွေကို လျှော့ချနိုင်အောင် စီစဉ်သွားမယ်လို့ ထိုင်းဝန်ကြီးချုပ် အနူတင် ချန်ဝီယာကူက ကတိပြုခဲ့ပါတယ်။
အစိုးရ အနေနဲ့ ရေရှည်အတွက် ပိုမို ကောင်းမွန်တဲ့ လုံခြုံရေး အစီအမံတွေကို အကောင်အထည် ဖော်သွားမှာဖြစ်ကြောင်း၊ ရထားလမ်းနဲ့ ကားလမ်း ဖြတ်တဲ့ နေရာတွေမှာ ခုံးတံတားထိုးတာ၊ ဒါမှမဟုတ် ဥမင်တွေ တည်ဆောက်တာမျိုး အစီအမံတွေကို လုပ်ဆောင်သွားဖို့ ရည်ရွယ်ထားကြောင်း အနူတင်က ပြောကြားခဲ့ပါတယ်။
မေလ ၁၆ ရက်နေ့တုန်းက ဘန်ကောက်မြို့လယ်က မက်ကာဆန် လမ်းဆုံနေရာနားမှာ ရထားလမ်းပေါ် ကန့်လန့်ဖြတ် ရောက်နေတဲ့ ဘတ်စ်ကားကို ရထားက ဝင်တိုက်မိတာကြောင့် လူ ၈ ဦး သေဆုံးပြီး ၃၂ ဦး ဒဏ်ရာရခဲ့ပါတယ်။
မေလ ၁၇ ရက်နေ့မှာတော့ ဝန်ကြီးချုပ် အနူတင်ဟာ ဘန်ကောက်မှာရှိတဲ့ Camillian ဆေးရုံမှာ ကုသမှု ခံယူနေတဲ့ ဒဏ်ရာရသူတွေကို သွားရောက် အားပေး တွေ့ဆုံခဲ့ပါတယ်။

Public Service Announcement
ဆေးရုံမှာ သတင်းထောက်တွေနဲ့ တွေ့ဆုံတဲ့အခါ အနူတင်က ရထားလမ်းနဲ့ ကားလမ်းဖြတ်တဲ့ နေရာတွေဟာ အရင်ကတည်းက အန္တရာယ် ရှိနိုင်တဲ့ အခြေအနေလို့ သဘောပေါက်ခဲ့ကြောင်း၊ အခုဖြစ်ရပ်ဆိုးကြီး အပြီးမှာတော့ အဲဒီ အန္တရာယ်ကို အာဏာပိုင်တွေက အနေနဲ့ ဆက်ပြီး မျက်ကွယ် ပြုထားဖို့ မဖြစ်နိုင်တော့ကြောင်း ပြောကြားခဲ့ပါတယ်။
ဝန်ကြီးချုပ်က လူနာတွေကို သွားရောက် တွေ့ဆုံချိန်မှာ ပို့ဆောင်ရေး ဝန်ကြီးဌာန၊ ကျန်းမာရေး ဝန်ကြီးဌာန၊ ဘန်ကောက် MIT ရထားပို့ဆောင်ရေးဌာန၊ ထိုင်းရထားပို့ဆောင်ရေးဌာနက အရာရှိတွေလည်း အတူလိုက်ပါလာခဲ့ပါတယ်။ အနူတင်ဟာ အထူးကြပ်မတ် ကုသဆောင်နဲ့ ပုံမှန် လူနာဆောင်တွေမှာ ရှိနေတဲ့ သူတွေကို သွားရောက် တွေ့ဆုံခဲ့သလို စိတ်သောက ရောက်နေတဲ့ မိသားစုတွေကိုလည်း နှစ်သိမ့်ခဲ့ပါတယ်။ ပြီးတော့ ထိခိုက်နစ်နာသူတွေအတွက် အစိုးရက အစွမ်းကုန် အားပေး ကူညီသွားမယ်လို့လည်း ကတိပြုခဲ့ပါတယ်။
ဒီလောက် တုန်လှုပ်စရာ ကိစ္စမျိုးကြီးကို ကြုံတွေ့လိုက်တဲ့အခါ ဘယ်သူမှ စိတ်တည်တည်ငြိမ်ငြိမ် ရှိမနေနိုင်ကြဘူးလို့ အနူတင်က ဆိုပါတယ်။ ဘတ်စ်ကားရဲ့ ယာဉ်မောင်းနဲ့ စပယ်ယာတို့ဟာလည်း အတော်လေး စိတ်တုန်လှုပ် ချောက်ချားနေကြောင်း၊ လောလောဆယ် ဦးစားပေး ရည်မှန်းချက်ကတော့ အားလုံး ကျန်းမာရေး ပြန်ကောင်းလာဖို့ဖြစ်ပြီး အဲဒီနောက်မှပဲ ဥပဒေရေးရာ ကိစ္စတွေကို စဉ်းစားသင့်ကြောင်း ဝန်ကြီးချုပ်က ပြောကြားသွားပါတယ်။
လောလောဆယ်တော့ ရဲတွေက ရထားယာဉ်မောင်းကို လူသေမှု၊ အပြင်းအထန် ဒဏ်ရာရစေမှုတွေ ဖြစ်ပွားတဲ့ မဆင်မခြင် မောင်းနှင်မှုအတွက် တရားစွဲဆိုထားပါတယ်။ ပြီးတော့ ဆိုးရွားတဲ့ မတော်တဆမှု ဖြစ်ပွားရာမှာ ရထားလမ်းဖြတ် နေရာကို ထိန်းချုပ်တဲ့ အမှုထမ်းတွေနဲ့ တခြားအရာရှိတွေရဲ့ ပေါ့လျော့မှု၊ တာဝန်ပျက်ကွက်မှုတွေ ပါဝင်သလား ဆိုတာကိုလည်း ဆက်လက် စစ်ဆေးနေပါတယ်။
အနူတင်ကတော့ ဗီဒီယို မှတ်တမ်းတွေကို ကြည့်တဲ့အခါ ကားလမ်း ပိတ်ဆို့မှုကြောင့် ရထားလမ်းဖြတ် နေရာမှာ ယာဉ်တွေက ပိတ်မိနေတာကြောင့် ရထားလမ်း အတားအဆီး မောင်းတံကလည်း ချမရဘဲ ဖြစ်နေခဲ့ပုံပေါ်ကြောင်း သတင်းထောက်တွေကို မှတ်ချက်ပေးခဲ့ပါတယ်။
အရင်က အဲဒီလို အခြေအနေတွေ ဖြစ်တိုင်း ရထားတွေက ရပ်စောင့်ပေးတတ်ကြပေမယ့် မေလ ၁၇ ရက်နေ့ ဖြစ်စဉ်မှာတော့ ရထားက အရှိန်လည်း မလျှော့သလို ရပ်တန့်ဖို့လည်း မကြိုးစားခဲ့တဲ့အပေါ် မေးခွန်းထုတ်မှုတွေ ရှိလာပါတယ်။ ရထားဟာ ဘတ်စ်ကားကို ဖြတ်တိုက်ပြီးတဲ့ထိ အရှိန်မကုန်ဘဲ ဆက်ရွေ့သွားရာက မီးလောင်မှုပါ ဖြစ်ခဲ့ပါတယ်။
သေချာတာကတော့ ရေရှည် ဖြေရှင်းမှု အနေနဲ့ အခုလို ရထားနဲ့ကား တိုက်ရိုက်ဆုံတဲ့ နေရာတွေကို လျှော့ချပစ်ဖို့ လိုနေပြီဆိုတာဖြစ်ကြောင်း အနူတင်က ဆိုပါတယ်။ အဲဒီအတွက် လမ်းကြောင်းတွေကို ပြောင်းပစ်တာ၊ ဥမင်တွေကို တည်ဆောက်တာတွေ လုပ်ဖို့လိုကြောင်း၊ ဘူတာဝန်ထမ်းတွေနဲ့ ရထားအချက်ပြ ဝန်ထမ်းတွေကိုပဲ အလုံးစုံ အားကိုးထားလို့ မရဘဲ လူသားတွေရဲ့ အမှားဆိုတာ အချိန်မရွေး ကြုံနိုင်ကြောင်းလည်း ဝန်ကြီးချုပ်က ပြောကြားသွားပါတယ်။
ကိုးကား: Bangkok Post


















































