မေ ၂၆၊ ၂၀၂၆။ထားမြတ်/People’s Spring
အာဏာသိမ်းစစ်တပ်က မြစ်ဆုံရေကာတာစီမံကိန်းပြန်လည်လုပ်ဆောင်ဖို့ ကြိုးပမ်းနေတာကို အပြီးဖျက်သိမ်းရန် မြစ်ကြီးနားဒေသခံ လူငယ်တွေက မေလ ၂၅ရက်မှာ ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။
ကချင်လူ့အခွင့်အရေးစောင့်ကြည့်အဖွဲ့(KHRW)က ဖော်ပြတဲ့ ဆန္ဒထုတ်ဖော်မှု မှတ်တမ်းမှာ “ဧရာ၀တီမြစ်ထာ၀ရ စီးဆင်းပါစေ” ဟု လူငယ်တွေက ဆန္ဒပြုခဲ့ကြပြီး စီမံကိန်းကို ကန့်ကွက်ကြောင်း ဆန္ဒထုတ်ဖော်ခဲ့ပါတယ်။
“ဒီမြစ်ဆုံစီမံကိန်းဖျက်သိမ်းပေးဖို့ မြစ်ဆုံစီမံကိန်း မလိုမရှိဆိုတဲ့ ဒီကမ်ပိန်းလေးကို ဧရာ၀တီ မြစ်ကမ်းဘေးနားမှာ လုပ်တာပါရှင့်။ ဒါ ကချင်ပြည်နယ် မြစ်ကြီးနားမြို့ ဧရာ၀တီ မြစ်ကမ်းနဘေးမှာ ဖြစ်ပါတယ်။” လို့ KHRW ဒါရိုက်တာ မဆိုင်းမိုင်က ပြောပါတယ်။

Public Service Announcement
မြစ်ဆုံရေကာတာစီမံကိန်း ကန့်ကွက်တဲ့ ဆန္ဒထုတ်ဖော်မှုတွေမှာ လူထုတွေ ပါဝင်မှုများစွာ အရေးကြီးတယ်လို့လည်း သူက နှိုးဆော်ပါတယ်။
“ လူငယ်တွေ ကျောင်းသားတွေ မိဘတွေ ပါဝင်မှုတွေက အရမ်းအရေးကြီးနေတယ်။ ကျမတို့ မကြိုက်တာကို မကြိုက်ဘူးဆိုတဲ့ဟာကို ပွင့်ပွင့်လင်းလင်း ဆက်ပြီးတော့ ဖော်ထုတ်သွားဖို့ လိုအပ်ပါတယ်။ ကျမတို့ကို ကူညီမယ့်သူတွေ ရှိရင်တောင်မှ ကျမတို့ မပြောဘူး မထုတ်ဖော်ဘူးဆိုရင် ကျမတို့က ဒါကို လက်ခံနေပါလားဆိုတဲ့ အမြင်တွေ တလွဲယူသွားနိုင်ပါတယ်။ အဲဒါကြောင့် မြန်မာပြည်သူ ပြည်သားတွေ ဧရာ၀တီမြစ်ကြောင်းတလျှောက်က ပြည်သူတွေကိုလည်း ဖိတ်ခေါ်ချင်ပါတယ်။ ဒီလို မြစ်ဆုံရေကာတာ စီမံကိန်း အလိုမရှိကြောင်း လုပ်ငန်းတွေ ထုတ်ဖော်ပြောဆိုမှုတွေကို ရဲရဲဝံ့ဝံ့ ဆက်ပြီးတော့ ဖော်ပြရအောင်” လို့ မဆိုင်းမိုင်က စီမံကိန်း ဖျက်သိမ်းရေးလှုပ်ရှားမှုတွေမှာ ပြည်သူတွေ ပါဝင်ကြဖို့ ဖိတ်ခေါ်ထားပါတယ်။
တဖက်မှာလည်း စစ်တပ်ဟာ မြစ်ဆုံစီမံကိန်း ပြန်စနိုင်ဖို့ လူထုတွေ့ဆုံမှုတွေ လုပ်နေကြောင်း ပြောပါတယ်။ သဘောထား ဆန္ဒခံယူတဲ့ ပုံစံတွေ လုပ်ဆောင်နေပေမယ့် လူထုတွေကို ဖိတ်ခေါ်ရာမှာ အစည်းအဝေးခေါ်တဲ့ ခေါင်းစဉ် တမျိုးမျိုးနဲ့ ဖိတ်ခေါ်တာ ဖြစ်တယ်လို့ ရှင်းပြပါတယ်။
“ခေါ်တဲ့အချိန်မှာ ခေါင်းစဉ်တမျိုးနဲ့ ခေါ်တယ်။ တကယ်တန်းကျတော့ အစည်းအဝေး လုပ်တဲ့ အချိန်ကျတော့ မြစ်ဆုံရေကာတာ စီမံကိန်းကြီး ပြန်လည်စတင်နိုင်ဖို့အတွက် ဒါစတင်လို့ရှိရင် ဘယ်လိုမျိုး ပြည်နယ်က ဖွံ့ဖြိုးတိုးတက်လာပါမယ် ပြည်သူတွေက ဘယ်လိုအလုပ်အကိုင် အခွင့်အလမ်းတွေ ပေါများလာပါမယ်ဆိုတဲ့ ကောင်းတဲ့အရာတွေပဲ သူတို့ ပြောတယ်။ စီမံကိန်းကို ဘယ်လိုပြင်ဆင်ပြီးတော့ ဘယ်လိုဒီဇိုင်းတွေနဲ့ ပြန်လုပ်မှာ ဖြစ်ပါတယ်ဆိုတဲ့ ပုံစံမျိုးပဲ ပြောတယ်” လို့ မဆိုင်းမိုင်က ပြောပါတယ်။
စစ်အုပ်စုရဲ့ လုပ်ရပ်ဟာ ပြည်သူတွေအပေါ် အလွဲသုံးစားလုပ်ဆောင်ခြင်းဖြစ်ပြီး လိုရာဆွဲ ခေါင်းစဉ်တပ် ဟောပြောနေတာဖြစ်လို့ ဒီလုပ်ရပ်ဟာ လူ့အခွင့်အရေး ချိုးဖောက်မှု ဖြစ်တယ်လို့ ပြောပါတယ်။
“လူထုရဲ့ သဘောဆန္ဒကို အမြတ်ထုတ်တဲ့ဟာ ဒါတွေလုံး၀ ရပ်တန့်ပါ။ မြန်မာပြည်သူတွေရဲ့ အသံတွေကို နားထောင်ပေးပါလို့ ကျမတို့ အနေနဲ့ ထပ်မံ တိုက်တွန်းလိုပါတယ်။” လို့ မဆိုင်းမိုင်က ပြောပါတယ်။
အာဏာသိမ်းစစ်တပ်က မြစ်ဆုံစီမံကိန်း ပြန်စတင်ရေး လူထုအစည်းအဝေး ခေါ်ယူမှုဟာ အကြိမ် ၂၀ခန့်ရှိပြီလို့ ဆိုပါတယ်။ မြစ်ကြီးနား၊ ဝိုင်းမော်၊ မိုးညှင်း၊ ပူတာအို မြို့နယ်တွေမှာ လူထုတွေ့ဆုံပွဲတွေ လုပ်ဆောင်ခဲ့တယ်လို့သိရကြောင်း မဆိုင်းမိုင်က ပြောပါတယ်။
“ကျမတို့ ပြန်ကြားရတာက ကျောင်းကိစ္စ ကလေးပညာရေးကိစ္စနဲ့ သူတို့ ဒေသခံတွေကို ဆွေးနွေးပွဲတွေ ဖိတ်ခေါ်တယ်ကြားတယ်။ တကယ်တန်းကျ လုပ်သွားတာက မြစ်ဆုံပြန်လည်စဖို့ သူတို့ ဟောပြောတဲ့ဟာဖြစ်နေတယ်။” လို့ မဆိုင်းမိုင်က စစ်အုပ်စုရဲ့ မြစ်ဆုံပြန်စဖို့ လူထုတွေ့ဆုံပွဲ လုပ်ဆောင်နေမှု အခြေအနေကို ပြောပြပါတယ်။
ကချင်ဒေသခံ သတင်းရင်းမြစ်တစ်ဦးကလည်း “ဒီမြစ်ဆုံစီမံကိန်းက ပထဝီနိုင်ငံရေးအရရော စီးပွားရေး လူမှုရေးအရရော အားလုံးက ခြိမ်းခြောက်နေတဲ့ စီမံကိန်းတခုဖြစ်ပါတယ်။ ပြီးတော့ ဒီမြစ်ဆုံက ပြည်သူလူထုတွေရဲ့ သဘာ၀အမွေအနှစ်တခုဖြစ်ပါတယ်။နောက်ထပ်တခုရှိတာက ဒီမြစ်ဆုံစီမံကိန်းက သဘာ၀ ဘေးအန္တရာယ်ကို အလွန်စိုးရိမ်ရတဲ့ အခြေအနေရှိပါတယ်။ ဒါကြောင့်မို့လို့ ပြည်သူလူထုအားလုံး ဆက်လက်ပြီးမှ ကန့်ကွက်ဆန္ဒပြဖို့ တိုက်တွန်းချင်ပါတယ်” လို့ ပြောပါတယ်။
အာဏာသိမ်းစစ်တပ်ဟာ ၂၀၂၅ ဒီဇင်ဘာက စတင်ပြီး မြစ်ဆုံစီမံကိန်း ပြန်စဖို့ လှုပ်ရှားမှုတွေ ခပ်စိပ်စိပ် ပြုလုပ်လာသလို စီမံကိန်း ကန့်ကွက်သူတွေကို အရေးယူမယ်ဆိုတဲ့ ခြိမ်းခြောက်ထားတဲ့ အမိန့်တရပ်လည်း ဒီဇင်ဘာလအတွင်းမှာပဲ ထုတ်ပြန်ထားပါတယ်။
အာဏာသိမ်းစစ်တပ်က ဒီလို ခြိမ်းခြောက်ထားပေမယ့် ကချင်ဒေသခံတွေဟာ မြစ်ဆုံစီမံကိန်း ကန့်ကွက်တဲ့ ဆန္ဒထုတ်ဖော်မှုတွေကို ဆက်တိုက်ပြုလုပ်လျက်ရှိသလို ဆက်လက်ပြုလုပ်သွားဖို့ရှိတယ်လို့လည်း အသိပေးထားပါတယ်။























































