Connect with us

Hi, what are you looking for?

နိုင်ငံတကာ

လာအိုကကျောက်ဂူထဲ တစ်ပတ်ကြာ ပိတ်မိနေတဲ့ ရွာသား ၇ ဦးထဲမှာ ၅ ဦးကို ကယ်ဆယ်ရေး အဖွဲ့တွေ ရှာတွေ့

လာအိုနိုင်ငံမှာရွှေကြောလိုက်ရှာရင်းရေဝင်နေတဲ့ ဂူတစ်ဂူထဲ ပိတ်မိသွားတဲ့ ရွာသား ၇ ဦးထဲက ၅ ဦးကို ကယ်ဆယ်ရေး အဖွဲ့တွေက အသက်ရှင်လျက် ရှာတွေ့ခဲ့ပါတယ်။

​ကျောက်ဂူထဲမှာ အသက်ရှင်လျက်​တွေ့ရတဲ့လာအိုရွာသား ၅ ဦး နဲ့ရှာ​ဖွေကယ်ဆယ်​ရေးလုပ်​နေသူ​တွေ။ဓါတ်ပုံ-AP ၊EPA

​မေ-၂၇၊၂၀၂၆။People’s Spring

လာအိုနိုင်ငံမှာရွှေကြောလိုက်ရှာရင်းရေဝင်နေတဲ့ ဂူတစ်ဂူထဲ ပိတ်မိသွားတဲ့ ရွာသား ၇ ဦးထဲက ၅ ဦးကို ကယ်ဆယ်ရေး အဖွဲ့တွေက အသက်ရှင်လျက် ရှာတွေ့ခဲ့ပါတယ်။

အဲဒီ ဖြစ်စဉ်ဟာ ၂၀၁၈ ခုနှစ်တုန်းက အိမ်နီးချင်း ထိုင်းနိုင်ငံမှာဆယ်ကျော်သက်လူငယ်ဘောလုံးအသင်းတစ်သင်းရေဝင်နေတဲ့ ဂူထဲမှာ ပိတ်မိနေလို့ တစ်ကမ္ဘာလုံး အာရုံစိုက်ရတဲ့ အကြီးစား ရှာဖွေရေးနဲ့ ကယ်ဆယ်ရေး လုပ်ငန်းတွေ အကောင်အထည် ဖော်ခဲ့ရတဲ့ အခြေအနေကို ပြန်လည် အမှတ်ရလာစေပါတယ်။ ပြီးတော့ လာအိုက ပိတ်မိနေသူတွေကို လိုက်ရှာတဲ့ မစ်ရှင်မှာ ထိုင်းကျောင်းသားတွေကို ကယ်ဆယ်ခဲ့တဲ့ ထိုင်းက အဖွဲ့တွေလည်း ပူးပေါင်း ကူညီပေးနေပါတယ်။

လာအိုရဲ့ရှေဆွမ်ဘွန် ပြည်နယ်ထဲမှာ မေလ ၂၀ ရက်နေ့တုန်းက ရွာသားတွေ ဂူထဲ ဝင်သွားတုန်း မိုးသည်းသည်းထန်ထန် ရွာသွန်းရာက မြေပြိုပြီး ဂူပေါက် ပိတ်သွားခဲ့တာ ဖြစ်ပါတယ်။ ရွာကိုရောက်အောင် ပြန်လာနိုင်သူ တစ်ဦးက ရွာသား ၇ ဦး ဂူထဲမှာ ပိတ်မိပြီး ကျန်နေကြောင်း၊ ဂူထဲမှာလည်း ရေဝင်နေကြောင်း ရွာကိုပြန်လာပြီး အကြောင်းကြားခဲ့တဲ့နောက် ကယ်ဆယ်ရေး လုပ်ငန်းတွေ စတင်ခဲ့တာ ဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

တစ်ပတ်အကြာမေလ ၂၇ ရက်နေ့၊ ဒေသစံတော်ချိန် ညနေ ၄ နာရီခွဲမှာတော့ ကယ်ဆယ်ရေး မစ်ရှင်မှာ အဓိက ဦးဆောင်နေတဲ့ ထိုင်းရေငုပ်သမား ကန်ကက် ဘွန်ကာဝမ်က ပျောက်ဆုံးနေသူတွေထဲက ၅ ဦးကို ရှာတွေ့ခဲ့ပြီလို့ လူမှုကွန်ရက်မှာ ကြေညာခဲ့ပါတယ်။နောက်ကျိပြီးကျဉ်းမြောင်းတဲ့ဂူတွင်းလမ်းကြောင်းတွေမှာ အထူးပြု လေ့ကျင့်ထားတဲ့ ကျွမ်းကျင်ရေငုပ်သမားတွေက သူတို့ကို ရှာတွေ့ခဲ့တာပါ။ ကယ်ဆယ်ရေး အဖွဲ့တွေဟာ နောက်ထပ် ပျောက်ဆုံးနေသူ ၂ ဦးကို ဆက်လက် ရှာဖွေနေဆဲ ဖြစ်ပါတယ်။

လာအို ကယ်ဆယ်ရေး အဖွဲ့တစ်ခုဖြစ်တဲ့ Rescue Volunteer for Peopleကလည်း ရွာသား ၅ ဦးဟာ အသက်ရှင်လျက် ကျန်းကျန်းမာမာ ရှိနေကြောင်း အတည်ပြုခဲ့ပါတယ်။ ကယ်ဆယ်ရေး မစ်ရှင်မှာ ပူးပေါင်း ကူညီနေတဲ့ ဖင်လန် ရေငုပ်သမား မစ်ကို ပါဆီက သတင်းကောင်းကြောင့် စိတ်သက်သာရာရမိကြောင်း၊ ဒီကယ်ဆယ်ရေး လုပ်ငန်းဟာဘယ်လောက် ခက်ခဲ ကြမ်းတမ်းသလဲ ဆိုတာကို ကိုယ်တိုင် လုပ်နေသူတွေသာ နားလည်နိုင်ပြီး အားလုံးရဲ့အားထုတ်မှုကြောင့်သာ သတင်းကောင်း ကြားရတာဖြစ်ကြောင်း ချီးကျူးခဲ့ပါတယ်။

ဒါပေမဲ့ အသက်ရှင်သူတွေဟာ ဂူထဲမှာပဲ ပိတ်မိနေဆဲ ဖြစ်တာကြောင့် စိတ်ဒုံးဒုံးချ မပျော်နိုင်သေးဘူးလို့ သူက ဆိုပါတယ်။ သူတို့အားလုံး ကျန်းကျန်းမာမာနဲ့ စိတ်ဓာတ် ခိုင်ခိုင်မာမာရှိနေကြောင်း၊ ဒါပေမဲ့ သူတို့ကို ဂူအပြင် ပြန်ထုတ်ရမယ့်ရှေ့ရေးကိစ္စကတော့ လွယ်မှာမဟုတ်ကြောင်း သူက မှတ်ချက်ပေးသွားပါတယ်။

ကယ်ဆယ်ရေး အဖွဲ့တွေဟာ တချို့နေရာတွေမှာ ၂ ပေလောက်သာ မြင့်တဲ့ ကျဉ်းမြောင်းလွန်းတဲ့ ဥမင်တစ်ခုကနေတဆင့် ပေပေါင်း ၁၁၀၀ ကျော်လောက် ခရီးပေါက်အောင် ရေငုပ်လိုက်၊ လမ်းလျှောက်လိုက်နဲ့ သွားခဲ့ရတာ ဖြစ်ပါတယ်။ ရွာသားတွေဟာ ဂူဝနဲ့ အဲဒီလောက် အကွာအဝေးက ရေလွတ်တဲ့ နေရာတစ်ခုမှာ ခိုလှုံနေခဲ့တာ ဖြစ်ပါတယ်။ ဥမင်ရဲ့ အပိုင်းတစ်ခုဆိုရင် ကျဉ်းလွန်းတာကြောင့် ရေငုပ်သမားတွေဟာ ရေငုပ်တဲ့ ပစ္စည်းတွေကို ချွတ်ပြီး ဝင်တိုး၊ အဲဒီနောက်မှ ပစ္စည်းတွေကို အစအဆုံး ပြန်ဝတ်ဆင်ရပါတယ်။

ကယ်ဆယ်ရေး အဖွဲ့တွေရဲ့ ခန္ဓာကိုယ်မှာ တပ်ဆင်ထားတဲ့ GoPro ကင်မရာနဲ့ ရိုက်ကူးထားတဲ့ ဗီဒီယိုမှာတော့ ရွာသား ၅ ဦးကို အဖွဲ့သားတွေက မငိုဖို့ နှစ်သိမ့်အားပေးနေတာ တွေ့ခဲ့ရပါတယ်။

ဒေသတွင်းမှာ မိုးတွေဆက်တိုက်ရွာပြီး မြေထပ်ပြိုနိုင်တဲ့ အန္တရာယ်တွေ၊ ဂူထဲမှာ ရေပြည့်သွားနိုင်တဲ့ အခြေအနေတွေ ရှိလျက်နဲ့ ကယ်ဆယ်ရေး အဖွဲ့တွေဟာ ရွာသားတွေကို ရအောင် လိုက်ရှာခဲ့တာ ဖြစ်ပါတယ်။

အစောပိုင်း သတင်းတွေအရထိုင်းကျောက်ဂူကယ်ဆယ်ရေး မစ်ရှင်မှာ ပါဝင်ခဲ့တဲ့ ဝါရင့် ရေငုပ်သမား ၁၅ဦးအပါအဝင်စုစုပေါင်းလူ ၁၀၀ ကျော်လောက်ဟာ လာအိုက ရွာသားတွေကို ရှာဖွေကယ်ဆယ်တဲ့ အစီအစဉ်မှာ ပါဝင် ကူညီနေကြောင်း သိရပါတယ်။

ကိုးကား- CNN

ဆက်စပ်သတင်းများ

နိုင်ငံတကာ

လာအိုနိုင်ငံက ကျောက်ဂူတစ်ခုထဲ ပိတ်မိနေပြီး ပျောက်ဆုံးနေသူ နောက်ဆုံးလက်ကျန် ၂ ဦးကို ကယ်ဆယ်ရေး အဖွဲ့တွေက အရှိန်မြှင့် ရှာဖွေနေပါတယ်။

သတင်း

လာအိုနိုင်ငံက ရေဝင်နေတဲ့ ကျောက်ဂူတစ်ခုထဲ ပိတ်မိနေသူ ရွာသား ၇ ဦးထဲက ပထမဆုံး တစ်ဦးကို ကယ်ဆယ်ရေး အဖွဲ့တွေက အောင်အောင်မြင်မြင် ကယ်ထုတ်နိုင်ခဲ့ပြီ ဖြစ်ပါတယ်။

နိုင်ငံတကာ

ဖိလစ်ပိုင်နိုင်ငံ မြောက်ပိုင်းမှာ ဆောက်လုပ်ဆဲ ကွန်ဒို တိုက်ကြီးတစ်လုံး ပြိုကျပြီး အနည်းဆုံး လူ ၁၂ ဦး ပျောက်ဆုံးနေတဲ့ နေရာမှာ ကယ်ဆယ်ရေး လုပ်ငန်းတွေကို ရပ်ဆိုင်းလိုက်ပြီ ဖြစ်ပါတယ်။

နိုင်ငံတကာ

လာအိုနိုင်ငံက ဝေးလံသီခေါင်ပြီး ရေလျှံနေတဲ့ ကျောက်ဂူတစ်ခုထဲ ပိတ်မိနေသူ ၇ ဦးကို ကယ်ဆယ်တဲ့ မစ်ရှင်မှာ ထိုင်းက စေတနာ့ဝန်ထမ်း အဖွဲ့တွေနဲ့ ပညာရှင်တွေပါ ပူးပေါင်း ပါဝင်လာကြပါတယ်။