ဇွန်-၂၊၂၀၂၆။ဇော်ရမ်း/People’s Spring
ဧရာဝတီတိုင်း၊ရေကြည်မြို့နယ်ထဲက အမြောက်တပ်(၃၄၄) နဲ့ လေးမျက်နှာမြို့နယ်ထဲမှာတိုက်ပွဲတွေ ပြင်းထန်နေပြီး စစ်တပ်က လေယာဉ်တွေနဲ့ ဆက်တိုက်ဗုံးကြဲခုခံနေသလိုလက်နက်ကြီးပစ်ခတ်သံတွေကိုလည်း အနီးပတ်ဝန်းကျင်မြို့တွေကနေကြားနေရတယ်လို့ဒေသခံတွေကပြောပါတယ်။
ရခိုင်ပြည်နယ်၊ဂွမြို့နဲ့ဆက်စပ်နေပြီးဂွ – ငသိုင်းချောင်းလမ်းဘေးက မြောက်စမ်းရွာအနီးမှာရှိတဲ့ အမြောက်တပ်အမတ(၃၄၄)ကိုမေလ ၉ရက်နေ့ကစပြီး အာရက္ခတပ်တော်(AA)နဲ့မဟာမိတ်တွေက ထိုးစစ်ဆင်တိုက်ခိုက်နေတာပါ။ တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေပြီး မေလ ၃၀ရက်မှာ စစ်တပ်က လေယာဉ်နဲ့ လက်နက်ကြီးအသုံးပြုပြီး ပြင်းပြင်းထန်ထန်ခုခံနေရတယ်လို့ ဒေသခံသတင်းရင်းမြစ်တွေက ပြောပါတယ်။
မေလ ၃၀ရက်နဲ့ မေလ ၃၁ရက် နေ့ရောညပါ စစ်တပ်က လေယာဉ်မျိုးစုံနဲ့ ဗုံးကြဲခဲ့ပြီး ဟင်္သာတခရိုင်၊ကွင်းကောက်မြို့မှာရှ်ိတဲ့ စစ်တပ်ရဲ့တန်းမြင့်လေ့ကျင့်ရေးကျောင်း တတက(၅)ကနေ လက်နက်ကြီးတွေ အချက်ပေါင်းများစွာပစ်ခတ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

Public Service Announcement
“လက်နက်ကြီးပစ်တာတွေကိုဟင်္သာတ ကနေ အကျယ်ကြီးကြားနေရတာ။ လေယာဉ်တွေ ပျံတာလည်း ဆက်တိုက်ပဲ။ ၃၄၄ ရော၊ လေးမျက်နှာမှာပါချနေတာ”လို့ ဟင်္သာတမြို့၊အေးမြသာယာရပ်ကွက်မှာနေသူတစ်ဦးက ပြောပါတယ်။
မေလ ၁၅ရက်နေ့မှာအမတ(၃၄၄)ကို AAနဲ့မဟာမိတ်တွေကယာယီထိန်းချုပ်နိုင်ခဲ့ပြီး လေကြောင်းရန်ကြောင့် ပြန်လည်ဆုတ်ခွာထားခဲ့တာပါ။စစ်တပ်ကမေလ ၁၈ ရက်နဲ့ မေလ ၁၉ရက်နဲ့ မေလ၂၃ရက်ကလည်း ဂျက်ဖိုက်တာတွေ၊ Y12လေယာဉ်တွေနဲ့ ဗုံးကြဲခဲ့ပါတယ်။
ရေကြည်၊လေးမျက်မှာ မြို့နယ်နဲ့ဆက်စပ်တည်ရှိနေတဲ့ ကျုံပျော်၊ ဓနုဖြူ၊ ငါးသိုင်းချောင်း၊ ကွင်းကောက်၊ အင်္ဂပူ၊ ဟင်္သာတနဲ့ ဇလွန်မြို့နယ်တွေမှာ ဂျက်ဖိုက်တာနဲ့ Y12လေယာဉ်တွေ မကြာခဏ ဖြတ်ပျံနေပါတယ်။
စစ်တပ်က ဧရာဝတီတိုင်းကစစ်မျက်နှာတွေဆီကို ရှမ်းပြည်နယ်တောင်ပိုင်း၊မိုင်းပန်မြို့အခြေစိုက် စစ်ဆင်ရေးကိုကွပ်ကဲမှုဌာနချုပ် စကခ(၁၇) လက်အောက်ခံတပ်ရင်းတွေ နဲ့ မွန်ပြည်နယ်ကတပ်ရင်းအချို့ကို ပို့ဆောင်ထားတာဖြစ်ပါတယ်။ ဒါ့အပြင် တပ်မ (၆၆) လက်အောက်ခံတပ်ရင်းတွေဖြစ်တဲ့ ခမရ (၄)၊ ခမရ (၅)၊ ခမရ (၆)၊ ခမရ (၁၀)၊ ခလရ (၃၅)၊ ခလရ (၈၀)နဲ့ အနောက်တောင်တိုင်း စစ်ဌာနချုပ်၊ ပုသိမ်လက်အောက်ခံတပ်ရင်း တွေဖြစ်တဲ့ ခလရ (၆၃)၊ ခလရ (၂၇၁) တို့လည်းစစ်မြေပြင်မှာ ရှိနေတယ်လို့ AAကသတင်းထုတ်ပြန်ခဲ့ဖူးပါတယ်။
လက်ရှိတိုက်ပွဲတွေမှာစစ်တပ်ဘက်ကထိခိုက်သေဆုံးမှုတွေ များပြားပြီး ဒဏ်ရာရစစ်သားတွေကိုပုသိမ်နဲ့ ဟင်္သာတဆေးရုံကိုပါ ပို့ဆောင်ကုသနေရတယ်လို့ သတင်းတွေ ထွက်ပေါ် နေပါတယ်။
လက်ရှိမှာရေကြည်မြို့နယ်ထဲက အမြောက်တပ်(၃၄၄)နဲ့ လေးမျက်နှာမြို့နယ်ထဲက စစ်တပ်စခန်းတွေအပြင် ရခိုင်ပြည်နယ်နဲ့ ဆက်စပ်နေတဲ့ မကွေးတိုင်း၊ငဖဲမြို့နယ်ထဲက နတ်ရေကန်ဗျုဟာကုန်း၊ ပဲခူးတိုင်း၊ပန်းတောင်းမြို့နယ်ထဲမှာရှိတဲ့ ကပစ(၁၆)ကိုလည်း AAနဲ့ မဟာမိတ်တပ်တွေက ထိုးစစ်ဆင်တိုက်ခိုက်နေပါတယ်။
မေလ ၂၈ရက်က နတ်ရေကန်ဗျူဟာကို ပို့မယ့် လက်နက်ခဲယမ်းတွေတင်ဆောင်လာတဲ့ကားကို မကွေးတိုင်း၊ မင်းဘူးမြို့နယ်၊ မင်းဘူး-အမ်း လမ်းပိုင်းပေါ်မှာ မင်းဘူးမြို့နယ် ပကဖ၊ CDF-Asho၊ NSA လူ့ဘောင်သစ် တပ်မတော်တို့ပူးပေါင်းပြီး တိုက်ခိုက်ခဲ့ကြပါတယ်။စစ်သား၆ ဦး သေဆုံးပြီး၊ ၃ ဦးကို ဖမ်းမိခဲ့ကာ အူဇီ သေနတ် ၃ လက်၊ MA-1 ၂လက်၊ MA-2 ၁ လက်၊ ၅.၅၆ ကျည် လက်ဆွဲဘောက် ၁ လုံး၊ ၁၂၂ မမ MLRS ရော့ကတ် ပို့ယမ်း သေတ္တာ ၆ လုံးနဲ့ ၁၂၂ မမ MLRS ရော့ကတ် ၂၈ လုံး သိမ်းဆည်းနိုင်ခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနက မေလ၂၉ရက်နေ့မှာ သတင်းထုတ်ပြန်ခဲ့ပါတယ်။

















































