ဇွန်-၄၊၂၀၂၆၊ရှိန်း/ People’s Spring
မကွေးတိုင်းက စစ်ဆင်ရေးနယ်မြေအတွင်း လမ်းပိုင်းလုံခြုံရေးဆောင်ရွက်ချိန် ဗိုလ်မှူး၊ ဗိုလ်ကြီး နဲ့ တပ်ကြပ်ကြီး ၁ဦးတို့ကို ဖမ်းဆီးမိခဲ့တယ်လို့ သရက်ခရိုင် အမှတ်(၃) ငါးပြေမတပ်ရင်းက ထုတ်ပြန်ပါတယ်။
ဇွန်လ ၁ရက်က လမ်းပိုင်းစစ်ဆင်ရေးလုပ်ဆောင်နေချိန်မှာ ကားနဲ့လာတဲ့ ဗိုလ်မှူး အောင်ဖြိုးဝေ ၊ဗိုလ်ကြီးပြည့်စုံအောင်၊ တပ်ကြပ်ကြီးစာရေး မျိုးဦးတို့ကို ပစ်စတို ၉လက်၊ကျည်ဘောက် ၃၈ခု၊ဖုန်း ၃လုံး၊9MM HPFN Brownတို့ နဲ့အတူ ဖမ်းမိခဲ့တာလို့ သိရပါတယ်။
“လမ်းပိုင်းကိုက လုံခြုံရေးအရ ဖော်ပြပါဘူးဗျ။ကျန်တာကတော့ ထုတ်ပြန်ထားတဲ့အတိုင်းပါပဲ”လို့ ငါးပြေမတပ်ရင်းက ပြောရေးဆိုခွင့်ရှိသူ တစ်ဦးက ပြောပါတယ်။

Public Service Announcement

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF)၊ မကွေးတိုင်းစစ်ဌာနက မေလနဲ့ ဇွန်လပထမအပတ် စစ်ဆင်ရေးတွေဖော်ဆောင်မှုအတွင်း တိုက်ပွဲ အကြိမ် ၄၀ ကျော်ဖြစ်ပွားခဲ့ပြီး စစ်တပ်က ၃၀ ကျော် သေဆုံးကာ ဗိုလ်မှူးနဲ့ ဗိုလ်ကြီးအပါအဝင် သုံ့ပန်းအဖြစ် ၁၈ ဦး ဖမ်းမိခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) စစ်ရုံးချုပ်က ဒီကနေ့ ဇွန်လ ၄ ရက်မှာ ထုတ်ပြန်ပါတယ်။
မကွေးတိုင်းစစ်ဌာနအတွင်းရှိ စစ်ဆင်ရေးအခြေအနေများကို ဒီကနေ့မှာ ထုတ်ပြန်လာတာ ဖြစ်ပါတယ်။
မေလ ဒုတိယအပတ်နဲ့ ဇွန်လ ပထမပတ်အတွင်း မကွေးတိုင်းစစ်ဌာနကွပ်ကဲမှု အောက်ရှိ စစ်ဆင်ရေးနယ်မြေ အသီးသီးမှာ စစ်တပ်နဲ့ တိုက်ပွဲကြီးငယ်ပေါင်း (၄၃) ကြိမ်ဖြစ်ပွားခဲ့ပြီး ရန်သူ့ တပ်သား (၃၁) ဦး သေဆုံးကာ (၅၂) ဦး ထိခိုက်ဒဏ်ရာ ရရှိပြီး ဗိုလ်မှူး (၁) ဦး နဲ့ ဗိုလ်ကြီး (၁)ဦး အပါအဝင် သုံ့ပန်း (၁၈) ဦး ဖမ်းမိထားတယ်လို့ အသိပေးထားပါတယ်။


















































