ဇွန်-၇၊ ၂၀၂၆။ ဟာနာဆန်/People’s Spring
မန္တလေးတိုင်း၊ မလှိုင်မြို့နယ်၊ သရက်ကောင်းပင်ကျေးရွာလေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှုအတွင်း ကျောင်းသားကလေးငယ် ၃ ဦးအပါအဝင် ၅ ဦးသေဆုံးပြီး ပြင်းထန်ဒဏ်ရာရတဲ့ကလေးငယ် ၅ ဦးထက်မနည်းရှိနေကြောင်း လူထုသတင်းကွန်ယက်-မလှိုင်မြို့ရဲ့ တာဝန်ရှိသူက ပြောပါတယ်။
ဇွန်လ ၅ ရက် ညနေ ၃နာရီခွဲခန့်က မလှိုင်မြို့နယ်မြောက်ခြမ်းရှိ သရက်ကောင်းပင်ကျေးရွာကို စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ဂျက်ဖိုက်တာ ၂ စီးနဲ့ လေကြောင်းတိုက်ခိုက်ခဲ့ပါတယ်။
အဲဒီလေကြောင်းတိုက်ခိုက်မှုကြောင့် အသက် ၆၅ နှစ်အရွယ် ဦးရဲရွှေနဲ့ ၎င်းရဲ့သမီးဖြစ်သူ အသက် ၄၂ နှစ်အရွယ် မလှလှဝင်း၊ အသက် ၁၄ နှစ်အရွယ် ၈ တန်းကျောင်းသား မောင်ဟိန်းထက်၊ အသက် ၁၀ နှစ်အရွယ် ၅ တန်းကျောင်းသား မောင်ကျော်ဇင်နဲ့ အသက် ၁၃ နှစ်အရွယ် မောင်ရှိုင်းထက်တို့ သေဆုံးခဲ့ကြောင်း လူထုသတင်းကွန်ယက်-မလှိုင်မြို့ရဲ့ တာဝန်ရှိသူက ပြောပါတယ်။

Public Service Announcement
အဆိုပါ သေဆုံးကလေးငယ်တွေနဲ့အတူ ကျောင်းကပြန်လာတဲ့ ကျောင်းသားကျောင်းသူ ကလေးငယ် ၁၅ ဦး ထိခိုက်ဒဏ်ရာရခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။
“ကလေးတစ်ယောက်က လက်တစ်ဖက်ဆုံးရှုံးတယ်။ တစ်ယောက်က ခြေတစ်ဖက် နဲ့ စုစုပေါင်း ပြင်းထန်ဒါဏ်ရာရ ၅ဦးလို့သိရတယ်။ အဲဒီ၂ဦးတော့မန္တလေးဆေးရုံကြီး ပို့ကုတယ်ကြားတယ်”
လို့ လူထုသတင်းကွန်ယက်-မလှိုင်မြို့ရဲ့ တာဝန်ရှိသူက ပြောပါတယ်။
စစ်တပ်ဟာ သရက်ကောင်းပင်ကျေးရွာထဲကို ဗုံးသီး ၄ လုံးကြဲချတိုက်ခိုက်ခဲ့တာဖြစ်ပြီး ကျေးရွာတွင်း ၃ လုံးပေါက်ကွဲကာ နေအိမ် ၆ လုံးခန့်ထိမှန်ပျက်စီးခဲ့တယ်လို့ သိရပါတယ်။
အဲဒီ ဗုံးကြဲတိုက်ခိုက်မှူကြောင့် ကျန်ကျောင်းသားကလေးငယ်တွေ ကြောက်ရွံ့နေကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။
မလှိုင်မြို့နယ်အတွင်းရှိ စာသင်ကျောင်းအားလုံးဟာ စစ်တပ်လက်အောက်ခံNON CDM ပညာရေးဝန်ထမ်းတွေနဲ့ ဖွင့်လှစ်ထားတာဖြစ်ကြောင်း၊ မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF တွေအနေနဲ့ နှောင့်ယှက်ခြင်းမရှိဘဲ ကျောင်းပညာကိုသာလွတ်လပ်စွာ ဦးစားပေးသင်ကြားကြဖို့ ဆရာ၊ဆရာမတွေကို မှာကြားထားတယ်လို့ ဒေသတွင်း တော်လှန်ရေးအင်အားစုတွေဆီက သိရပါတယ်။
အာဏာသိမ်း ကာလအတွင်း မလှိုင်မြို့နယ်အတွင်းမှာ စစ်ကောင်စီတပ်က ကျေးရွာ ၅ ရွာကို ၅ကြိမ်ထက်မနည်း လေကြောင်းတိုက်ခိုက်ခဲ့ဖူးပြီး ပြည်သူထိခိုက်သေဆုံးမှုတွေ ရှိခဲ့ပါတယ်။
(သရက်ကောင်းပင်ကျေးရွာကို စစ်တပ်က လေကြောင်းတိုက်ခိုက်ပြီးနောက် တွေ့ရစဥ်။ဓာတ်ပုံ-လူထုသတင်းကွန်ယက်-မလှိုင်မြို့)






















































