ဇွန်- ၁၁၊ ၂၀၂၆။ဇေအောင်/People’s Spring
မကွေးအကျဉ်းထောင်အတွင်းမှာ နိုင်ငံရေးအကျဉ်းသား ၄၂ ဦး နှိပ်စက်တိုက်ပိတ်ခံထားရပြီး ၁၂ ဦးဟာ အသက်အန္တရာယ် စိုးရိမ်နေရကြောင်း နွေဦးနိုင်ငံရေးအကျဉ်းသားများအစည်းအရုံးရဲ့ ဦးဆောင်အဖွဲ့ဝင် ကိုရှင်းသန့်က ပြောပါတယ်။
မကွေးအကျဥ်းထောင်မှာ နိုင်ငံရေးအကျဥ်းသားတွေအပါအဝင် အကျဉ်းသားအားလုံး လူ့အခွင့်အရေး ချိုးဖောက်ခံနေရပြီး ရုပ်ပိုင်းနဲ့ စိတ်ပိုင်းဆိုင်ရာ ပြင်းထန်စွာ နှိပ်စက်ညှင်းပန်းခံနေရကြောင်း နွေဦး နိုင်ငံရေးအကျဉ်းသားများ အစည်းအရုံးက ယနေ့ (ဇွန်လ ၁၁ ရက်)မှာ ထုတ်ပြန်ပါတယ်။
မကွေးအကျဥ်းထောင်မှာ ထောင်ပိုင်ကြီး ဝင်းနိုင်နဲ့ ထောင်ပိုင်လေး အောင်မြင့်သန်းကြည် တို့ ဦးဆောင်တဲ့ အကျဉ်းထောင်အာဏာပိုင်တွေဟာ နိုင်ငံရေးအကျဉ်းသားတွေ အပါအဝင်အကျဉ်းသားတွေ ပိုင်ဆိုင်တဲ့ ခြုံစောင်၊ အဝတ်အစား၊ အသုံးအဆောင်ပစ္စည်းများနဲ့ အစားအသောက်တွေကို မတရားသိမ်းယူခဲ့ကြောင်း၊ ဒါ့အပြင် အကျဉ်းသားတွေကို အခင်းမပါဘဲ သံမံတလင်း ကြမ်းပြင်ပေါ်မှာ နေထိုင်စေခဲ့တဲ့အပြင်၊ သောက်သုံးရေကိုလည်း ကန့်သတ်ကာ တစ်နေ့လုံး ထမင်းစားပြီးချိန်မှ ရေတစ်ခွက်သာ သောက်သုံးခွင့်ပေးထားကြောင်း သိရှိရပါတယ်။

Public Service Announcement
ထောင်အာဏာပိုင်တွေက အကျဉ်းသားတွေကို ရိုက်သတ်လို့ရတယ်လို့ ခြိမ်းခြောက်ပြောဆိုတာ၊ ခဏခဏ ပုံစံထိုင်ခိုင်းတာ စတဲ့ စိတ်ပိုင်းနဲ့ ရုပ်ပိုင်းဆိုင်ရာ ညှင်းပန်းနှိပ်စက်မှုတွေ အဆက်မပြတ် ပြုလုပ်နေကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားပါတယ်။
အထက်ပါ ဖိနှိပ်မှုတွေကို ရပ်တန့်ဖို့ တင်ပြတောင်းဆိုခဲ့တဲ့ နိုင်ငံရေးအကျဉ်းသား ၄၂ ဦးကို လည်း ထောင်အာဏာပိုင်တွေက ထောင်ဝင်စာတွေ့ခွင့်နဲ့ ပါဆယ်ပို့ခွင့်တွေ ပိတ်ပင်ကာ တိုက်ပိတ်ပြစ်ဒဏ် ချမှတ်ထားကြောင်း၊ ၎င်းတို့အနက် နိုင်ငံရေးအကျဉ်းသား ရဲဘော် (၁၂) ဦးမှာ ပြင်းထန်တဲ့ ရိုက်နှက်နှိပ်စက်မှုတွေကို ခံထားရလို့ လက်ရှိမှာ အသက်အန္တရာယ် စိုးရိမ်ရတဲ့ အခြေအနေသို့ ရောက်ရှိနေကြောင်း နွေဦး နိုင်ငံရေးအကျဉ်းသားများ အစည်းအရုံးက ထပ်မံအသိပေးပါတယ်။
“ထောင်အာဏာပိုင်တွေက ဘာ့ကြောင့်လုပ်တယ်ဆိုတာ မတွေ့ရဘူး။ ဘာမှအကြောင်းပြချက်မရှိဘဲနဲ့ အကျဥ်းသားတွေရဲ့ပစ္စည်းတွေကို အကုန်သိမ်းသွားတယ်။ ပြန်ပေးဖို့ တောင်းဆိုကြတဲ့သူတွေကို ရိုက်နှက်ပြီးတော့ တိုက်ပိတ်ထားတာတွေ၊ အစာရေစာဖြတ်တာတွေလုပ်နေတယ်လို့ သိရပါတယ်။”လို့ နွေဦး နိုင်ငံရေးအကျဉ်းသားများ အစည်းအရုံးရဲ့ ဦးဆောင်အဖွဲ့ဝင် ကိုရှင်းသန့်က ပြောပါတယ်။
အကျဉ်းသားတစ်ဦးရဲ့ လူ့ဂုဏ်သိက္ခာနဲ့အညီ ရှင်သန်နေထိုင်ခွင့်ကို အတင်းအဓမ္မ လုယူဖျက်ဆီးနေတဲ့ အကျဉ်းထောင်အာဏာပိုင်တွေရဲ့ လုပ်ရပ်ကို ပြင်းထန်စွာ ကန့်ကွက်ကြောင်းနဲ့ ဖိနှိပ်မှုတွေကို ချက်ချင်းရပ်တန့်ကာ လူ့အခွင့်အရေးနဲ့အညီ ထားရှိဖို့ကိုလည်း နွေဦး နိုင်ငံရေးအကျဉ်းသားများ အစည်းအရုံးက တောင်းဆိုထားပါတယ်။
ယခုကျူးလွန်မှုတွေမှာ ပါဝင်တဲ့ ထောင်ဝန်ထမ်းများ၊ ထောင်ပိုင် ဝင်းနိုင်၊ ထောင်ပိုင်လေး အောင်မြင့်သန်းကြည် တို့အပါအဝင် စစ်ကောင်စီအဖွဲ့ဝင်များအားလုံးမှာ အပြည့်အဝ တာဝန်ရှိပြီး ၎င်းတို့ကို ထိုက်တန်တဲ့ ပြစ်ဒဏ်တွေ ချမှတ်နိုင်ရေး ဆက်လက်ကြိုးပမ်းသွားမှာဖြစ်ကြောင်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ပြည်သူတွေ၊ တော်လှန်ရေးအဖွဲ့အစည်းတွေ၊ ကမ္ဘာ့ကုလသမဂ္ဂ (UN) အပါအဝင် နိုင်ငံတကာအဖွဲ့အစည်းများအနေနဲ့ မတရားဖမ်းဆီးခံ နိုင်ငံရေးအကျဉ်းသားတွေရဲ့ အရေးကိစ္စကို မျက်ခြေမပြတ် စုံစမ်းကာ တတ်နိုင်တဲ့ဘက်မှ ပါဝင်ကူညီ ဆောင်ရွက်ပေးကြဖို့ နွေဦး နိုင်ငံရေးအကျဉ်းသားများ အစည်းအရုံးက မေတ္တာရပ်ခံထားပါတယ်။


















































