နိုဝင်ဘာ ၁၀၊ ၂၀၂၆။ People’s Spring
ရွေးကောက်ခံ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်ရဲ့ ၇၅ နှစ်ပြည့် မွေးနေ့ကို ဆုတောင်းစကား ပြောကြားပြီး အမှန်တကယ် လွတ်မြောက်ခြင်း မရှိသေးကြောင်း သတင်းစကား ရုပ်သံဖိုင် တင်ခဲ့တဲ့ ဂျာမနီသံရုံး အကြီးအကဲကို အာဏာသိမ်း စစ်တပ်လက်အောက်ခံ နိုင်ငံခြားရေးဝန်ကြီးဌာနက ခေါ်ယူ သတိပေးခဲ့တယ်လို့ ထုတ်ပြန်ပါတယ်။
နိုဝင်ဘာ ၈ ရက်မှာ ကျရောက်တဲ့ ဦးဝင်းမြင့်ရဲ့ ၇၅ နှစ်ပြည့် မွေးနေ့ အခါသမယမှာ ရန်ကုန်မြို့ အခြေစိုက် ဂျာမနီသံရုံး အကြီးအကဲက ဒေါ်အောင်ဆန်းစုကြည် အပါအဝင် မြန်မာနိုင်ငံမှာ မတရား ဖမ်းဆီး ထိန်းသိမ်းခံထားရသူ အားလုံးကို ခြွင်းချက်မရှိ ပြန်လွှတ်ပေးဖို့ ဂျာမနီနိုင်ငံရဲ့ တောင်းဆိုချက်ကို ထပ်မံ အလေးပေး ပြောကြားခဲ့ပါတယ်။
နောက်ပြီး ၂၀၂၆ ခုနှစ် ဧပြီမှာ ဦးဝင်းမြင့်ကို အကျဉ်းထောင်ကနေ ပြန်လွှတ်ပေးခဲ့တဲ့ ကြေညာချက်ကို ဂျာမနီနိုင်ငံက ကြိုဆိုခဲ့ပေမယ့် ဦးဝင်းမြင့်ဟာ ဧည့်သည်တွေကို လွတ်လွတ်လပ်လပ် လက်ခံ တွေ့ဆုံခွင့်နဲ့ အခြားသူတွေနဲ့ အကန့်အသတ်မရှိ ဆက်သွယ် ပြောဆိုခွင့် အမှန်တကယ် ရရှိနေခြင်း ရှိ၊ မရှိအပေါ် စိုးရိမ်ပူပန်မှုတွေ ဆက်လက် ရှိနေတယ်လို့ ဂျာမနီသံရုံး ထုတ်ပြန်ပါတယ်။

Public Service Announcement
မြန်မာနိုင်ငံမှာ ဖြစ်ပွားနေတဲ့ ပဋိပက္ခတွေ အဆုံးသတ်နိုင်ရေးအတွက် အားလုံး ပါဝင်ပြီး အဓိပ္ပာယ် ပြည့်ဝတဲ့ တွေ့ဆုံ ဆွေးနွေးမှုတွေ ပြုလုပ်ကြဖို့ ဂျာမနီနိုင်ငံက ဆက်လက် တိုက်တွန်းနေတယ်လို့ ဖော်ပြပါတယ်။
နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်ရဲ့ မွေးနေ့မှာ ဂျာမနီသံရုံး အကြီးအကဲက ရန်ကုန်မြို့၊ တာမွေမြို့နယ်ရှိ ဦးဝင်းမြင့် နေထိုင်ခဲ့တဲ့ နေအိမ်ရှေ့ သွားရောက်ခဲ့ကာ ဦးဝင်းမြင့်ဟာ အမှန်တကယ် လွတ်လပ်မှု မရှိသေးဘူးလို့ မေးခွန်းထုတ်ခဲ့ပါတယ်။ ဦးဝင်းမြင့်ကို နေပြည်တော်က လွှတ်ပေးခဲ့တာ ၆ လကျော် ရှိပြီ ဖြစ်ပြီး ဂျာမနီသံရုံး အကြီးအကဲကလည်း ဦးဝင်းမြင့်နဲ့ တွေ့ဆုံခွင့် တောင်းဆိုခဲ့တယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ နေပြည်တော်က ဦးဝင်းမြင့်နဲ့ တွေ့ဆုံခွင့်ကို ခွင့်မပြုဘူးလို့ ဂျာမနီသံရုံး အကြီးအကဲက ပြောပါတယ်။
“ဦးဝင်းမြင့်ကို ပြန်လွှတ်ပေးခဲ့ကြောင်း ကြေညာခဲ့တာ ၆ လကျော် ကြာမြင့်ခဲ့ပြီ ဖြစ်ပေမယ့် အခုအချိန်အထိ ကျွန်တော် ခွင့်ပြုချက် မရသေးပါဘူး။ ဒီအခြေအနေကနေ ကောက်ချက်ချနိုင်တာ တစ်ခုပဲ ရှိပါတယ်။ ဦးဝင်းမြင့်ဟာ အမှန်တကယ် လွတ်လပ်မှု မရှိသေးပါဘူး။ သူတွေ့ချင်တဲ့သူတွေနဲ့ လွတ်လပ်စွာ တွေ့ဆုံခွင့် မရှိသလို အခြားသူတွေနဲ့လည်း လွတ်လပ်စွာ ဆက်သွယ် ပြောဆိုခွင့် မရှိပါဘူး” လို့ ဂျာမနီသံရုံး အကြီးအကဲ မာသီးယက်စ် လီရှာဇ်က ပြောပါတယ်။
ဒါ့အပြင် နယူးယောက်မြို့ရှိ ကုလသမဂ္ဂက ဦးဝင်းမြင့်ကို မြန်မာနိုင်ငံရဲ့ တရားဝင် သမ္မတအဖြစ် အသိအမှတ်ပြုထားကြောင်းလည်း ဂျာမနီသံရုံး အကြီးအကဲက ပြောပါတယ်။ ကုလသမဂ္ဂ ဌာနချုပ်ဟာ လက်ရှိ အချိန်အထိ မြန်မာနိုင်ငံရဲ့ သမ္မတအဖြစ် ဦးဝင်းမြင့်၊ နိုင်ငံခြားရေးဝန်ကြီးအဖြစ် ဒေါ်အောင်ဆန်းစုကြည်တို့ကို တရားဝင် အသိအမှတ်ပြုထားဆဲ ဖြစ်သလို အဲဒီ ရွေးကောက်ခံ အရပ်သား အစိုးရလက်ထက်မှာ ခန့်အပ်ခဲ့တဲ့ သံအမတ်ကြီး ဦးကျော်မိုးထွန်းကို ကုလသမဂ္ဂဆိုင်ရာ မြန်မာ အမြဲတမ်း ကိုယ်စားလှယ် သံအမတ်ကြီးအဖြစ် ဆက်လက် အသိအမှတ်ပြုထားဆဲ ဖြစ်ပါတယ်။
ဦးဝင်းမြင့်အတွက် မွေးနေ့ ဆုတောင်းစကား ပြောကြားရင်း ဂျာမနီသံရုံး အကြီးအကဲက ကုလသမဂ္ဂ အထွေထွေ ညီလာခံ၊ လုံခြုံရေးကောင်စီနဲ့ ဂျာမနီအစိုးရရဲ့ တောင်းဆိုချက်တွေ ဖြစ်တဲ့ ဦးဝင်းမြင့်နဲ့ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် မတရား ဖမ်းဆီး ထိန်းသိမ်းခံရသူ အားလုံးကို ခြွင်းချက်မရှိ ပြန်လွှတ်ပေးဖို့ ထပ်မံ အလေးပေး ပြောကြားခဲ့ပါတယ်။
ဦးဝင်းမြင့်ရဲ့ ၇၅ နှစ်ပြည့် မွေးနေ့ အထိမ်းအမှတ် ဂျာမနီသံရုံး အကြီးအကဲရဲ့ သတင်းစကား ရုပ်သံဖိုင် လွှင့်တင်မှုနဲ့ ပတ်သက်လို့ အာဏာသိမ်း စစ်တပ်ရဲ့ နိုင်ငံခြားရေးဝန်ကြီးဌာနက ဒီနေ့ နိုဝင်ဘာ ၁၀ ရက်မှာ သံရုံး အကြီးအကဲကို နေပြည်တော်သို့ ခေါ်ယူ သတိပေးခဲ့ပြီး သတိထောက်လွှာ ပေးအပ်ခဲ့တယ်လို့ ထုတ်ပြန်ပါတယ်။
ဂျာမနီသံရုံး ယာယီတာဝန်ခံ အနေနဲ့ ဦးဝင်းမြင့်အား နိုင်ငံတော်သမ္မတအဖြစ် သဘောထားကာ အာဏာသိမ်း စစ်အုပ်စုနဲ့ လက်တွဲ ဆောင်ရွက်လိုခြင်း မရှိ၍ မြန်မာနိုင်ငံမှာ ဆက်လက် တာဝန် ထမ်းဆောင်ခြင်း မပြုလိုပါကလည်း တားမြစ်မှာ မဟုတ်ဘူးလို့ စစ်တပ်ရဲ့ နိုင်ငံခြားရေးဝန်ကြီးဌာနက ဖော်ပြပါတယ်။
ဂျာမနီ သံရုံး ယာယီတာဝန်ခံရဲ့ လုပ်ရပ်ဟာ မြန်မာနိုင်ငံရဲ့ ပြည်တွင်းရေးကို ဝင်ရောက် စွက်ဖက်တယ်လို့ စစ်တပ် နိုင်ငံခြားရေးဝန်ကြီးဌာနက သတ်မှတ်ပြီး သံတမန် ရာထူးနဲ့အညီ ထိန်းသိမ်း စောင့်စည်းမှုနဲ့ သတိပြု ဆင်ခြင်မှုတို့ကို လိုက်နာမှု မရှိလို့ မှတ်ယူကြောင်းနဲ့ ကန့်ကွက် ရှုတ်ချကြောင်း ဆိုပါတယ်။
အလားတူ လုပ်ရပ်မျိုး ထပ်မံ လုပ်ဆောင်ခြင်း မပြုဖို့ ပြင်းထန်စွာ သတိပေးကြောင်းနဲ့ လုပ်ဆောင်မည် ဆိုပါက အိမ်ရှင်နိုင်ငံ အနေနဲ့ အပြည်ပြည်ဆိုင်ရာ ဥပဒေနဲ့ သံတမန်ရေးရာ အစဉ်အလာများနှင့်အညီ အရေးယူ ဆောင်ရွက်သွားမှာ ဖြစ်ကြောင်း ဆက်လက် ဖော်ပြပါတယ်။
စစ်ကောင်စီက အထက်ပါအတိုင်း ထုတ်ပြန်ပေမယ့် ဂျာမနီသံရုံး ဖေ့စ်ဘွတ်ခ် စာမျက်နှာမှာ သမ္မတ ဦးဝင်းမြင့်အတွက် မွေးနေ့ ဆုမွန် တောင်းထားတဲ့ ပို့စ် တင်ထားဆဲ ဖြစ်ပါတယ်။
စစ်တပ်ရဲ့ ဖိနှိပ်မှုကို မြန်မာပြည်သူတွေ ကိုယ်စား အသံထုတ်ပေးခဲ့တဲ့ ဂျာမနီသံရုံး အကြီးအကဲကို မြန်မာပြည်သူ အများအပြားက ကျေးဇူး အထူးတင်ရှိကြောင်း မှတ်ချက် ပြု ရေးသားကြတာကို တွေ့ရပါတယ်။
ဒါ့အပြင် စစ်ကောင်စီက ခေါ်သတိပေးတယ်ဆို ပေမယ့် ဂျာမနီသံရုံး အကြီးအကဲက စစ်အုပ်စုရဲ့ ဒုတိယ နိုင်ငံခြားရေးဝန်ကြီး ကိုကို ကျော်ကို စိုက်ကြည့်ပြီး ခြေတလက် ချိတ်ထိုင် နေတဲ့ပုံကို မြန်မာပြည်သူတွေက သဘောကျနေကြပါတယ်။




















































