ဇွန်-၁၆၊၂၀၂၆။သတိုး/People’s Spring
လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ မွေးနေ့မှာ ပြုလုပ်မယ့် နှင်းဆီလှုပ်ရှားမှုကို လှုံ့ဆော်ပေးတဲ့အနေနဲ့ စစ်တပ်ရဲ့ လုံခြုံရေးတင်းကျပ်နေတဲ့ ရန်ကုန်မြို့မှာ နှင်းဆီလှုပ်ရှားမှုကို ပြုလုပ်ခဲ့ပါတယ်။
ရန်ကုန်မြို့ရဲ့ အထင်ကရနေရာတွေဖြစ်တဲ့ ရန် ကုန်တက္ကသိုလ် ၊ ဘူတာကြီး ၊ ဗိုလ်ချုပ်အောင်ဆန်းဈေး ၊ မဟာဗန္ဓုလပန်းခြံ နဲ့ အင်လျားကန်ဘောင် စတဲ့နေရာတွေကို နှင်းဆီပန်းတွေနဲ့ဓာတ်ပုံတွဲရိုက်ပြီးလှုပ်ရှားမှုပြုလုပ်ခဲ့တာပါ။
နှင်းဆီလှုပ်ရှားမှုကို ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက်(၈၁)နှစ်ပြည့်မွေးနေ့ဖြစ်တဲ့ ဇွန်လ ၁၉ ရက်မှာ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ပါဝင်ကြဖို့ တော်လှန်ရေးအင်အားစုတွေက တိုက်တွန်းထားတာပါ။

Public Service Announcement
ဒီလှုပ်ရှားမှုမှာပါဝင်လိုသူတွေအနေနဲ့ ဇွန်လ ၁၉ ရက်မှာ နှင်းဆီပန်း(သို့မဟုတ်) ပန်းတစ်မျိုးမျိုးကို ဘုရားတင်တာ ၊ ပန်ဆင်တာ၊ အချင်းချင်းမျှဝေတာတွေပြုလုပ်ကြဖို့ ၊ အွန်လိုင်းကမ်ပိန်းအနေနဲ့ ပန်းဓာတ်ပုံတွေကို ဆိုရှယ်မီဒီယာမှာ မျှဝေတာ နဲ့ မြေပြင်လှုပ်ရှားမှုတွေအနေနဲ့လည်း နှင်းဆီပန်းတွေကိုင်ဆောင်ပြီးပါဝင်ကြဖို့ တိုက်တွန်းထားပါတယ်။
နှင်းဆီလှုပ်ရှားမှုတွေက စစ်တပ်ရဲ့ မတရားဖမ်းဆီးမှုတွေကြုံရနိုင်တာကြောင့် ကိုယ်နေထိုင်တဲ့ဒေသရဲ့ လုံခြုံရေး အခြေအနေအပေါ်ကိုမူတည်ပြီး ပါဝင်ပေးကြဖို့ တော်လှန်ရေးအင်အားစုတွေက သတိပေးထားပါတယ်။
ဒီလှုပ်ရှားမှုက ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဉ်းသားတွေကို ချက်ချင်းလွှတ်ဖို့ ၊ စစ်တပ်က အဓမ္မပြဌာန်းထားတဲ့ စစ်မှုထမ်းဥပဒေကို ချက်ချင်းဖျက်သိမ်းဖို့ နဲ့ လူထုအားလုံးအတွက် ဦးဝင်းမြင့်က သမ္မတ ၊ ဒေါ်အောင်ဆန်းစုကြည်က အတိုင်ပင်ခံပုဂ္ဂိုလ်အနေနဲ့ အသိအမှတ်ပြုထားကြောင်းပြသချင်တာလို့ အသိပေးထားပါတယ်။








ဓာတ်ပုံ – GSCB


















































