Connect with us

Hi, what are you looking for?

နိုင်ငံတကာ

စစ်ကို တားဆီးဖို့ စစ်အင်အား တည်ဆောက်ရမယ်လို့ ဂျပန် ကာကွယ်ရေး ဝန်ကြီးပြော

စစ်ကို တားဆီးဖို့အတွက် ဂျပန်ဟာ စစ်အင်အားကို ကျိန်းသေပေါက် ဖြည့်တင်းဖို့လိုကြောင်း ကာကွယ်ရေးဝန်ကြီး ရှင်ဂျီရို ကိုအီဇူမီက ပြောကြားခဲ့ပါတယ်။

ဓာတ်ပုံ - AFP

စစ်ကို တားဆီးဖို့အတွက် ဂျပန်ဟာ စစ်အင်အားကို ကျိန်းသေပေါက် ဖြည့်တင်းဖို့လိုကြောင်း ကာကွယ်ရေးဝန်ကြီး ရှင်ဂျီရို ကိုအီဇူမီက ပြောကြားခဲ့ပါတယ်။

ဒုတိယ ကမ္ဘာစစ်နောက်ပိုင်း ဂျပန်အနေနဲ့ အစဉ်တစိုက် ကျင့်သုံးလာတဲ့ စစ်အင်အား တည်ဆောက်မှု အားမပေးတဲ့ မူဝါဒကနေ သွေဖယ်ပြီး စစ်လက်နက် စွမ်းရည်တွေ ချဲ့ထွင်နေတာနဲ့ ပတ်သက်လို့ BBC သတင်းဌာနနဲ့ အင်တာဗျူးမှာ ဝန်ကြီးက အခုလို ပြောဆိုသွားခဲ့တာ ဖြစ်ပါတယ်။

ဂျပန်ရဲ့ စစ်ရေးစွမ်းရည် မြှင့်တင်မှုဟာ အမေရိကန်နဲ့ မဟာမိတ် ဆက်ဆံရေးကို ပိုမို အားကောင်းလာစေမှာ ဖြစ်သလို တခြား စိတ်တူသဘောတူ နိုင်ငံတွေနဲ့လည်း ပူးပေါင်းဆောင်ရွက်မှုတွေ တိုးမြှင့်နိုင်မယ်လို့ သူက ဆိုပါတယ်။

ကာကွယ်ရေး ရည်မှန်းချက်အတွက် အလွှာလိုက် အားဖြည့်မှုတွေ ဆိုတာဟာ ဒေသတွင်းမှာ နောက်ထပ် စစ်ပွဲတစ်ခု ပေါ်ပေါက်မလာအောင် တားဆီးပေးမယ့် အစီအမံမျိုး ဖြစ်လာမယ်လို့လည်း ကိုအီဇူမီက ပြောကြားသွားပါတယ်။

Public Service Announcement

Public Service Announcement

ပြီးခဲ့တဲ့ လပိုင်းတွေအတွင်း ဂျပန်ဟာ ကာကွယ်ရေး မူဝါဒနဲ့ ပတ်သက်ရင် အစဉ်အဆက် ဆုပ်ကိုင်ခဲ့တဲ့ စံနှုန်းတွေကို အကြီးအကျယ် ပြောင်းလဲပစ်ခဲ့ပါတယ်။ ဥပမာ ဆယ်စုနှစ် ၅ ခုလောက် ထိန်းချုပ် ကန့်သတ်ထားတဲ့ လက်နက် တင်ပို့ရောင်းချမှု စည်းမျဉ်းတွေကို ဖြေလျှော့လိုက်ပြီး အခုဆိုရင် သတ်မှတ်ထားတဲ့ နိုင်ငံ ၁၇ ခုဆီကို ဂျပန်ရဲ့ စစ်လက်နက်တွေ ရောင်းချခွင့် ရလာပြီ ဖြစ်ပါတယ်။

ဂျပန်ရဲ့ ဒေသတွင်း ခါးသီးပြိုင်ဘက် တရုတ်ကတော့ ဂျပန် အစိုးရဟာ ဒုတိယ ကမ္ဘာစစ်တုန်းက နာမည်ဆိုးနဲ့ ကျော်ကြားခဲ့တဲ့ စစ်ဝါဒကို ပြန်လည် အသက်သွင်းနေတာ ဖြစ်တယ်လို့ စွပ်စွဲထားပါတယ်။

စစ်လက်နက်တွေ ရောင်းချရေး ကိစ္စနဲ့ ပတ်သက်ပြီး ကိုအီဇူမီက ဩစတြေးလျဟာ ဂျပန်ရဲ့ စစ်သင်္ဘောတွေကို ဝယ်ယူဖို့ ရွေးချယ်ခဲ့ကြောင်း၊ ဖိလစ်ပိုင်ကလည်း ဂျပန်ဆီက ဖျက်သင်္ဘော အဟောင်းတွေကို လက်လွှဲယူနိုင်ရေးကိစ္စ ဆွေးနွေးနေကြောင်း၊ ဒါ့အပြင် အင်ဒိုနီးရှားနဲ့ နယူးဇီလန်တို့ကလည်း ဂျပန်ရဲ့ ခေတ်မီ ဖျက်သင်္ဘောတွေကို ဝယ်ယူနိုင်ရေး တက်တက်ကြွကြွ ဆွေးနွေးနေကြောင်း တိုကျိုမှာရှိတဲ့ သူ့ရဲ့ ရုံးခန်းထဲမှာ BBC သတင်းထောက်ကို ပြောပြခဲ့ပါတယ်။

သူက ဝန်ကြီးချုပ် စနအဲ တကအိချိ ဦးဆောင်နေတဲ့ လက်ရှိ ဂျပန် အစိုးရ အဖွဲ့ထဲမှာ ကာကွယ်ရေးဟာ အဓိက အကျဆုံး ဦးစားပေး မူဝါဒ ဖြစ်တယ်လို့လည်း အတည်ပြုသွားပါတယ်။ တရုတ်ဟာ စူပါပါဝါအဆင့် လက်နက်အင်အားကြီး နိုင်ငံ ဖြစ်လာသလို မြောက်ကိုရီးယားကလည်း ဂျပန်ကို အချိန်မရွေး ခြိမ်းခြောက်နိုင်တဲ့ ဒုံးကျည် စမ်းသပ်မှုတွေ ခဏခဏ လုပ်ဆောင်နေတာကြောင့် ဂျပန် အစိုးရဟာ နိုင်ငံရဲ့ ကာကွယ်ရေး စွမ်းရည်ကို အင်တိုက်အားတိုက် မြှင့်တင်ဖို့ ကြိုးစားလာတာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ လတုန်းကတော့ ကိုအီဇူမီဟာ ဂျပန်က စစ်ဝါဒ အသစ်ကို အသက်သွင်းနေကြောင်း တရုတ် အစိုးရရဲ့ စွပ်စွဲချက်ကို ပယ်ချခဲ့ပြီး တရုတ်ကသာ လက်နက်တိုက် အကြီးကြီးကို ဖြည့်တင်းနေပြီး အဲဒီအတွက် နိုင်ငံတကာ အသိုက်အဝန်းက စိုးရိမ်နေကြကြောင်း ချေပခဲ့ပါတယ်။ ဒီလို စကားအခြေအတင်တွေ ရှိပေမယ့်လည်း တရုတ်နဲ့ ဂျပန်တို့ကြား ဆက်သွယ်မှုတွေတော့ ရှိနေဆဲလို့ သူက BBCကို ပြောပါတယ်။ နှစ်နိုင်ငံကြားမှာ သဘောထား ကွဲလွဲတာတွေ ရှိပေမယ့် တရုတ်နဲ့ ထိတွေ့ဆွေးနွေးဖို့ သူ့အနေနဲ့ လိုလားဆဲလို့ ကိုအီဇူမီက ဆိုပါတယ်။

အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ဂျပန် အပါအဝင် အမေရိကန်ရဲ့ မဟာမိတ်တွေဟာ ကာကွယ်ရေး ကဏ္ဍအတွက် ကိုယ်တိုင် ပိုမို အားစိုက်သင့်ကြောင်း ပြောကြားဖူးပါတယ်။ အမေရိကန်ရဲ့ သဘောထားနဲ့ ကိုက်ညီစွာပဲ ဂျပန်ဟာ ဒေသတွင်း လုံခြုံရေးအတွက် တကယ်လည်း အရေးပါတဲ့ အခန်းကဏ္ဍ တစ်ခုကနေ ပါဝင်သင့်တယ်လို့ ကိုအီဇူမီက မှတ်ချက်ပေးခဲ့ပါတယ်။

တကယ်တော့ ဒီသဘောထားဟာ အမေရိကန်ရဲ့ ဆက်ဆံရေးကို ဦးစားပေးတာ တစ်ခုတည်းကြောင့် မဟုတ်ဘဲ ဂျပန်ရဲ့ ကိုယ်ပိုင် သိစိတ်အရလည်း ဖြစ်သင့် ဖြစ်ထိုက်ကြောင်း၊ ကိုယ့်နိုင်ငံကို ကာကွယ်ဖို့ ကိုယ်တိုင်ပဲ တာဝန်ရှိကြောင်း သူက ပြောဆိုသွားပါတယ်။

ကိုးကား: BBC

ဆက်စပ်သတင်းများ

အတွေးအမြင်

ခါကာဘို ရေးသားသည်။ “ဂျပန်မှာ အလုပ်အကိုင်အခွင့်အလမ်းကောင်းတယ်၊ လစာကောင်းတယ်၊ အနာဂတ်ရှိတယ်” ဆိုတာ မြန်မာလူငယ်အများစု ကြားဖူးနေကျ စကားပါ။ အထူးသဖြင့်မြန်မာနိုင်ငံရဲ့လက်ရှိ အခြေအနေအရ ဂျပန်နိုင်ငံကို အလုပ်သွားလုပ်ဖို့၊ ကျောင်းသွားတက်ဖို့၊ ဒါမှမဟုတ် အခြေချနေထိုင်ဖို့ စဉ်းစားနေသူတွေ တိုးလာနေပါတယ်။ ဒါပေမယ့်တစ်ဖက်မှာစိတ်ဝင်စားစရာကောင်းတဲ့ အပြောင်းအလဲတစ်ခု ဂျပန်နိုင်ငံအတွင်း ဖြစ်ပေါ်နေပါတယ်။ ဂျပန်ဟာ...

သတင်း

ဇွန်လ ၁၉ရက်မှာ ကျရောက်မယ့် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ (၈၁)နှစ်ပြည့်မွေးနေ့ အထိမ်းအမှတ်အဖြစ် နယ်သာလန်၊ တောင်ကိုရီးယားနဲ့ ဂျပန်နိုင်ငံတို့မှာ ပြည်ပရောက် မြန်မာနိုင်ငံသားတွေ စုပေါင်းပြီး မွေးနေ့ဆုတောင်းပွဲကို ဒီကနေ့ (ဇွန် ၁၄)မှာ ပြုလုပ်ခဲ့ပါတယ်။

သတင်း

ဥရောပတိုက်ရဲ့ လုံခြုံရေးအတွက် NATO စစ်မဟာမိတ် အဖွဲ့ထဲမှာ ဖြန့်ကျက်ပေးထားတဲ့ တိုက်လေယာဉ် စုစုပေါင်းရဲ့ သုံးပုံတစ်ပုံကို အမေရိကန်က လျှော့ချသွားမယ်လို့ သိရပါတယ်။

နိုင်ငံတကာ

ဂျပန်စစ်တပ်ဟာ နိုင်ငံရဲ့ နောက်ဆုံးပေါ် ဟိုက်ပါဆောနစ် ဒုံးကျည်လက်နက် စနစ်ကို ပထမဆုံးအကြိမ် လူသိရှင်ကြား ထုတ်ဖော် ပြသခဲ့ပါတယ်။